အရေပြားပြဿနာ အမျိုးမျိုးထဲကမှ နှင်းခူပြဿနာကို ခံစားနေရတယ်။ ဒီ အရေပြားပြဿနာက အရှင်းမပျောက်သွားဘူး။ အနေအထိုင် အစားအသောက် ပြောင်းလဲတာနဲ့ ပြန်ပြန်ဖြစ်လာတယ်။ ဒါမှမဟုတ် ပိုဆိုးလာတာမျိုး ရှိနေတယ်ဆိုရင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုအပ်နေတာပါ။
ဒီတော့ နှင်းခူရှိရင် ဘယ်လို နေထိုင် စားသောက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်။
ဘာတွေကများ နှင်းခူ ဖြစ်စေတာလဲ………
နှင်းခူ ဖြစ်စေရတဲ့ အကြောင်းအရင်းက အတိအကျမရှိပါဘူး။ မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အခုလို အချက်တွေကလည်း နှင်းခူကို ဖြစ်စေနိုင်ပါတယ်။
- စိတ်ဖိစီးမှု များတာ
- ရာသီဥတု ပူလွန်း အေးလွန်းတာ
- ခြောက်သွေ့တဲ့ အနေအထား
- အဝတ်စတွေ
- ဆပ်ပြာ၊ ဆပ်ပြာမှုန့်စတာတွေကြောင့် နှင်းခူ ဖြစ်စေနိုင်ပါတယ်။
နှင်းခူရှိသူ ကျန်းမာစေဖို့
မျက်နှာ၊ တံတောင်ဆစ်၊ ဒူးနဲ့ ခြေလက်တွေမှာ အများဆုံး ဖြစ်တတ်တဲ့ နှင်းခူ ပြဿနာ ခံစားနေရတာကို သက်သာစေဖို့ဆိုရင်
စိတ်ဖိစီးမှုကို ဖြေလျှော့ပါ
စိတိဖိစီးမှုက သွေးတိုးတာ၊ ခေါင်းကိုက်တာကိုတင် ပိုဆိုးစေတာ မဟုတ်ဘဲ ကိုယ်ခံအားကို ထိခိုက်စေသလို အရေပြားပြဿနာတွေကိုလည်း ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့် ပိုဆိုးတဲ့ ကျန်းမာရေးပြဿနာထဲမှာ နှင်းခူကလည်း တစ်ခု အပါအဝင်ပေါ့။
ဒီတော့ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်တာမျိုး လုပ်ပါ။ သီချင်းနားထောင်ပေးတာမျိုးလည်း ရပါတယ်။
အပူ၊ အအေး ဂရုစိုက်ပါ
ရာသီဥတု ပူလွန်းတာ၊ အေးလွန်းတာကလည်း နှင်းခူကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု အပူဒဏ်၊ အအေးဒဏ်တွေနဲ့ အရမ်း ထိတွေ့တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။ နေပူတဲ့အခါ သက်တောင့်သက်သာနဲ့ လေဝင်လေထွက် ကောင်းအောင် ဂရုစိုက်ပြီး အေးလွန်းတဲ့အခါ နွေးနွေးထွေးထွေးနေပါ။
အစိုဓာတ် ဂရုပြုပါ
အရေပြား ခြောက်သွေ့တာက နှင်းခူကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အရေပြားကို အစိုဓာတ်ထိန်းခရင်မ် လိမ်းတာ အခန်းထဲမှာ အစိုဓာတ်ထိန်းစက် ဖွင့်ထားတာမျိုး လုပ်ပေးပါ။
ခြောက်သွေ့လွန်းတဲ့အနေအထားမျိုး မဖြစ်စေဖို့ ဂရုပြုပါ။
ဖုန်မှုန့်တွေနဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ပါ
ဖုန်မှုန့်တွေနဲ့ ထိတွေ့မှုက နှင်းခူကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နေအိမ်နဲ့ နေထိုင်ရာ ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့ မမေ့ပါနဲ့။
တိရစ္ဆာန် အမွေးတွေနဲ့ မထိတွေ့မိဖို့ သတိထားပါ
တိရစ္ဆာန် အမွေးတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်သလို နှင်းခူ ရှိသူတွေမှာ အနေအထားကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန် အမွေးတွေနဲ့ မထိတွေ့မိစေဖို့ ဂရုပြုပါ။
အခုလို ဂရုစိုက်မှုတွေ လုပ်ပေမယ့် နှင်းခူက ပိုဆိုးလာမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူပေးဖို့ လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။