backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ကဘာလဲ။

Cellulitis ခေါ် အနာစိမ်း သို့အရေပြားပိုးဝင်ခြင်းတစ်မျိုးဖြစ်တယ်။ ဖြစ်လေ့ဖြစ်ထရှိပြီး အရေပြားနီရဲရောင်ရမ်းကာ ပူပြီးနာကျင်ရပါတယ်။ ခန္ဓါကိုယ်တစ်နေရာမှ တခြားတစ်နေရာကို လွယ်လွယ်ပျံ့တတ်ပြီး လူတစ်ယောက်ကနေတစ်ယောက်တော့ ပျံ့နှံ့ခဲပါတယ်။

ခန္ဓါကိုယ်နေရာမရွေးဖြစ်နိုင်ပေမယ့် ခြေထောက်အောက်ပိုင်းအရေပြားတွေဟာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ အရေပြားအပေါ်လွှာပဲဖြစ်နိုင်သလို အရေပြားအောက်ထဲ တစ်သျှူးနဲ့ ပြန်ရည်ကြောအကျိတ်၊ သွေးလမ်းကြောင်းတွေထိ ပျံ့နိုင်ပါတယ်။ မကုသပါက ပျံ့နှံ့သွားပြီး အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ cellulitis လက္ခဏာတွေ့တွေ့ချင်း ချက်ခြင်းဆေးကုသမှုခံယူဖို့အရေးကြီးပါတယ်။

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ

ဖြစ်ေ့လဖြစ်ထရှိတဲ့ရောဂါတစ်မျိုးလို့ ပြောလို့ရပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးဖြစ်နိုင်ပြီး အသက် ၄၅ နှစ်ကျော်ပါက ပိုခံစားရနိုင်ချေများပါတယ်။

ဒါပေမယ့် ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို ထိန်းသိမ်းခြင်းဖြင့် ရောဂါဖြစ်ခြင်းကိုလျှော့ချနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်ကိုမေးနိုင်ပါတယ်။

လက္ခဏာများ

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာအမျိုးမျိုးရှိတယ်။ များသောအားဖြင့် ခန္ဓါကိုယ်ရဲ့တစ်နေရာရာမှာပဲဖြစ်ပေါ်တတ်တဲ့ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကတော့ –

  • အရေပြားနီရဲခြင်း
  • ရောင်ရမ်းခြင်း
  • နာကျင်ခြင်း
  • ပူနွေးခြင်း
  • ဖျားခြင်း
  • အနီစက်များပေါ်ခြင်း
  • အရည်ကြည်ဖုများပေါက်ခြင်း
  • အရေပြားတွန့်ခေါက် ချိုင့်ဝင်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါတွေ့ရှိကုသခြင်းဟာ အခြေအနေ ပိုမဆိုးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့အခြေအနေထိဖြစ်မသွားဖို့ ဆရာဝန်နဲ့စောစောစီးစီးတိုင်ပင်သင့်တယ်။ ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။

အကြောင်းရင်းများ

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ကိုဘာတွေကဖြစ်စေသလဲ

ဘတ်တီးရိးယားများကြောင့်ဖြစ်တတ်ပြီး များသောအားဖြင့် streptococcus, staphylococcus ပိုးတွေဟာ အရေပြားပေါ်ရှိ ပေါက်ပြဲ ကွဲအက် ပြတ်ရှနေသော နေရာများမှ ဝင်တတ်ပါတယ်။ ပိုပြင်းထန်တဲ့ MRSA လို့ခေါ်တဲ့ methicillin ဆေးယဉ်ပါး ပိုးဝင်ခြင်း အခြေအနေဟာ ခုဆိုအဖြစ်များနေပါတယ်။

ခန္ဓါကိုယ်နေရာအနှံ့မှာဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံးကတော့ ခြေထောက်ဖြစ်တယ်။ ဘတ်တီးရီးယားတွေဟာ လတ်တလောခွဲစိတ်ထားခြင်း၊ ပြတ်ရှခြင်း၊ ပြည်တည်နာ၊ ခြေထောက်ကွဲခြင်း၊ အရေပြားရောင်ခြင်း တို့ကဲ့သို့ အရေပြားပေါ် ထိရှနေတဲ့နေရာတွေကနေဝင်နိုင်တယ်။

တချို့သောအင်းဆက်ကိုက်ခြင်း၊ ပင့်ကူကိုက်ခြင်းတွေကလည်း ဘတ်တီးရီးယားတွေကို ပျံ့နှံ့စေတယ်။ ဘတ်တီးရီးယားတွေဟာ ခြောက်သွေ့၊ ကွဲရှ၊ ရောင်ရမ်းနေတဲ့နေရာတွေကနေ ဝင်နိုင်တယ်။

ဖြစ်နိုင်ခြေများ

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

တကယ်လို့ အောက်ပါအခြေအနေများကြုံဖူးပါက cellulitis ရောဂါဖြစ်နိုင်ချေများပါတယ်-

  • ထိခိုက်မှုများ – ပြတ်ရာ၊ ရှရာ၊ ကုတ်ခြစ်ရာ၊ ကျိုးရာတွေဟာ ဘတ်တီးရီးယားဝင်နိုင်သောနေရာများဖြစ်တယ်။
  • ကိုယ်ခံအားနည်းခြင်း – ဆီးချိုသွေးချို၊ သွေးကင်ဆာ၊ HIV, AIDS ကဲ့သို့ ကိုယ်ခံအားနည်းစေသော အခြေအနေတွေဟာ cellulitis ရောဂါဖြစ်နိုင်ချေများဆေးတယ်။ စတီးရွိုက်ကဲ့သို့ ဆေးတချို့ကြောင့်လည်း ကိုယ်ခံအားနည်းနိုင်တယ်။
  • အရေပြားရောဂါများ – အင်ပြင်ထခြင်း၊ ခြေထောက်ပေါက်ပြဲခြင်း၊ ရေကျောက်၊ ရေယုန် စသည်တို့ဟာ အရေပြားပေါက်ပြဲ ကွဲအက်ပြီး ဘတ်တီးရီးယားတွေဝင်စေတယ်။
  • လက်မောင်း၊ ခြေထောက်တို့တွင် နာတာရှည်ဖောခြင်း
  • ဖောနေ၊ ရောင်နေသော တစ်သျူးတွေဟာ ကွဲအက်နိုင်ပြီး ပိုးဝင်ခြင်းကိုအားပေးနိုင်တယ်။
  • တစ်ချိန်ကဖြစ်ဖူးခြင်း – အရင်က cellulitis ဖြစ်ဖူးထားပါက နောက်ထပ်ပြန်ဖြစ်နိုင်ချေများပါတယ်။
  • ဆေးသုံးခြင်း – မူးယစ်ဆေးထိုးခြင်းဟာလည်း ရောဂါပိုးဝင်ခြင်းကိုအားပေးတယ်။
  • အဝလွန်ခြင်း – အဝလွန်ခြင်းဟာ cellulitis ဖြစ်နိုင်ချေများစေပြီး ပြန်ဖြစ်နိုင်ချေလည်းများစေတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရှာဖွေမှု –

ဆရာဝန်ကရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများနဲ့ တခြားစစ်ဆေးမှုတွေလုပ်လိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့-

  • သွေးတွင်းပိုးဝင်ခြင်းရှိမရှိသိရန်အတွက် သွေးစစ်ဆေးမှု
  • အရေပြားတွင်းပုံမှန်မဟုတ်အရာတစ်ခုခုရှိပါက သို့ အရိုးသို့ပိုးပျံ့သည်ထင်ပါက ဓါတ်မှန်ရိုက်ပါလိမ့်မယ်။

ထိခိုက်ထားသောနေရာမှ အရည်ကိုထုတ်ယူကာ ပိုးစစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။

Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး) ကို ဘယ်လိုကုသပါသလဲ

ပဋိဇီဝပိုးသတ်ဆေးဖြင့်ကုသနိုင်တယ်။ ဆေးသောက်ပြီး သုံးရက်ခန့်အကြာမှာ ဆေးအာနိသင်ထိရောက်မှုရှိမရှိဆရာဝန်ကိုပြောပြပါ။ ဆရာဝန်ညွှန်သလောက်သောက်ရနိုင်ပြီး များသောအားဖြင့်ကတော့ ၅-၁၀ ရက်မှ ၁၄ ရက်ခန့်ထိဖြစ်နိုင်ပါတယ်။

များသောအားဖြင့်တော့ ရက်အနည်းအကြာမှာကောင်းသွားတတ်ပေမယ့် အောက်ပါအခြေအနေတွေဖြစ်ရင်တော့ ဆေးရုံတက်ပြီး ပဋိဇီဝပိုးသတ်ဆေးသွင်းဖို့လိုပါလိမ့်မယ်။

  • သောက်ဆေးမထိရောက်ပါက
  • ရောဂါအခြေအနေပြင်းပါက
  • အဖျားကြီးပါက

များသောအားဖြင့် ဆရာဝန်တွေက streptococci နဲ့ staphylococci ပိုးများအတွက် ဆေးပေးလေ့ရှိတယ်။ လက္ခဏာတွေသက်သာသွားသည့်တိုင်အောင် ညွှန်းတဲ့အတိုင်း ဆေးကုန်သည်ထိ အတိအကျသောက်ဖို့က အရမ်းအရေးကြီးပါတယ်။

အိမ်တွင်းကုထုံးများ၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းများ

  • အနာကိုနေ့စဉ်ဆပ်ပြာ၊ ရေနဲ့သေချာဆေးပါ။ ပုံမှန်ရေချိုးသန့်စင်သလို ပုံမှန်အလုပ်တစ်ခုကဲ့သို့ ညင်သာစွာလုပ်ပေးပါ။
  • ဆေးလိမ်းပါ။ မျက်နှာပြင်ပေါ်ကအနာတွေကို ဆေးဆိုင်တွေကနေ အလွယ်တကူဝယ်ယူရနိုင်တဲ့ Neosporin, Polysporin ကဲ့သို့ ပိုးသတ်ဆေးများလိမ်းနိုင်ပါတယ်။
  • အနာကိုပတ်တီးစည်းထားပါ။ နေ့စဉ်လဲပါ။
  • ပိုးဝင်သည့်လက္ခဏာများကို အမြဲစောင့်ကြည့်ပါ။ နီရဲခြင်း၊ နာကျင်ခြင်း၊ ပြည်များ အရည်များထွက်ခြင်းတွေဟာ ရောဂါပိုးဝင်ခြင်းလက္ခဏာတွေဖြစ်ပြီး ပိုကောင်းတဲ့ဆေးကုသမှုလိုပါလိမ့်မယ်။

တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 13/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement