backup og meta

ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ လှပအောင် ဘယ်လိုပြင်ဆင်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ လှပအောင် ဘယ်လိုပြင်ဆင်ကြမလဲ

    ယနေ့ခေတ်မိန်းကလေးအများစုရဲ့ မျက်နှာပေါ်မှာ ရိုးရာဓလေ့အတိုင်း လိမ်းလာခဲ့တဲ့ သနပ်ခါးအစား မိတ်ကပ်တွေပြောင်းလဲနေရာယူလာနေကြပါတယ်။ အလှကုန်တွေက အရည်အသွေးအမျိုးမျိုး၊ အရောင်အသွေးစုံစုံလင်လင်၊ ရနံ့အမျိုးမျိုးနဲ့ဈေးကွက်ထဲမှာပြန့်နှံ့နေကြပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်မှသာ အသားအရေကိုထိခိုက်မှုနည်းစေမှာဖြစ်သလို တာရှည်ခံတဲ့ လှပမှုကိုပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ မိတ်ကပ်ရွေးချယ်တဲ့အခါ ပထမဦးဆုံးသတိထားရမယ့် အချက်က ကိုယ့်မျက်နှာအသားအရေနဲ့လိုက်ဖက်မယ့် မိတ်ကပ်မျိုးရွေးချယ်ဖို့ပါ။ မိတ်ကပ်ချည်းပဲသီးသန့်ဖြစ်နေတာမျိုးထက် အသားအရေကိုပါထိန်းသိမ်းပေးနိုင်တဲ့ အလှကုန်ပစ္စည်းမျိုးကိုလည်းရွေးချယ်ပေးမှဘေးကင်းတဲ့အလှကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ မိတ်ကပ်မရွေးခင်အရင်ဆုံးသိသင့်တာက ကိုယ်အသားအရေက ဘယ်လိုအသားအရေအမျိုးအစားလဲဆိုတာကိုသိဖို့ပါ။

    အသားအရေအမျိုးအစားကို အကြမ်းဖျင်းအနေနဲ့

  • ခြောက်သွေ့တဲ့အသားအရေ
  • အဆီပြန်တဲ့ အသားအရေ
  • ပုံမှန်အသားအရေ
  • တုံ့ပြန်လွယ်တဲ့အသားအရေ (sensitive skin) နဲ့
  • ပေါင်းစပ်အသားအရေဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အသားအရေအမျိုးအစားကိုသေသေချာချာသိထားတာက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ အထောက်အကူဖြစ်တဲ့အပြင် ဝက်ခြံတွေကို သက်သာအောင်လည်းအထောက်အပံ့ရစေမှာပါ။
  • မိတ်ကပ်ခပ်ထူထူလူးတာက မျက်နှာသွင်ပြင်ကို ငယ်ရွယ်တယ်လို့မထင်ရစေနိုင်ပါဘူး။ အဆီပါတဲ့အောက်ခံfoundationတွေနဲ့ အသားဖြူတယ်လို့ထင်ရစေတဲ့ပေါင်ဒါတွေကမျက်နှာကို လှပသွားတယ်လို့ထင်ရစေပေမယ့် အဆီပါတဲ့ မိတ်ကပ်တွေကeyelinerတွေကို အရောင်ပြန့်စေသလိုeye shadowတွေကိုလည်း မျက်ခွံပေါ်မှာ စုပုံတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ချောမွေ့ပြီး ငယ်ရွယ်နုပျိုတယ်လို့ထင်ရစေတဲ့ လှပမှုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီများတဲ့ မိတ်ကပ်မျိုးကိုမရွေးချယ်မိဖို့လိုပါတယ်။ခြောက်သွေ့တဲ့ အသားအရေအတွက် အဆီပါတဲ့မိတ်ကပ်က အဖြေတစ်ခုမဟုတ်ပါဘူး။ အသားအရေခြောက်သွေ့တာကို သက်သာစေနိုင်မယ့်နည်းလမ်းကောင်းက အရေပြားကိုမှန်ကန်အောင်သန့်စင်ပေးဖို့နဲ့ အစိုဓါတ်ထိန်းခရင်မ်လူးပေးဖို့ပဲဖြစ်ပါတယ်။

    တစ်ခါတလေမှာအောက်ခံမိတ်ကပ်ကအသားအရေခြောက်သွေ့တာမျိုးနဲ့ အရေပြားကိုညိုမဲခြောက်သွေ့တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ကွဲအက်တာ ကူးစက်ရောဂါတွေကို အလွယ်တကူဝင်ရောက်စေနိုင်ပါတယ်။ခြောက်သွေ့မှုက အရေပြားကိုယားယံတာမျိုးဖြစ်စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့ယားယံမှုကင်းချင်ရင်တော့ အစိုဓါတ်ထိန်းပေးတဲ့ခရင်မ်တစ်မျိုးမျိုးကိုအောက်ခံမိတ်ကပ်မလူးခင် ၅ မိနစ်လောက်ကြိုလူးပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း အစိုဓါတ်ထိန်းပေးတဲ့အောက်ခံမိတ်ကပ်နဲ့ powder cakeတွေလူးပေးလို့လည်းရပါတယ်။

    မိတ်ကပ်လူးရင်ချွေးပေါက်တွေပိတ်ပြီး အရေပြားမှာဝက်ခြံဖြစ်စေနိုင်တယ်လို့ လူအများထင်နေကြပါတယ်။ အမှန်ကတော့ မိတ်ကပ်ကို မှန်ကန်အောင်မလူးလို့ဖြစ်ရတာပါ။ မျက်နှာပေါ်ကချွေးပေါက်လေးတွေထဲမှာ အဆီတွေနဲ့ ဆဲလ်အသေတွေပိတ်ဆို့ရာကနေ ဝက်ခြံတွေဖြစ်လာရတာဖြစ်ပါတယ်။ အဆီများတဲ့အောက်ခံမိတ်ကပ်တွေနဲ့ အချို့သောပေါင်ဒါမှုန့်တွေက မျက်နှာပေါ်ကချွေးပေါက်တွေမှာ ပိတ်ဆို့ရာကနေလည်း ဝက်ခြံတွေဖြစ်တတ်ပါတယ်။ အဆီပါဝင်တဲ့မိတ်ကပ်တွေပိုရှောင်ရှားမယ်ဆိုရင်တော့ မိတ်ကပ်ကြောင့်ဝက်ခြံထွက်ရတာကို သက်သာစေမှာဖြစ်ပါတယ်။ ရနံ့စူးရှတဲ့ မိတ်ကပ်တွေနဲ့ တာရှည်ခံပစ္စည်းတွေပါတဲ့မိတ်ကပ်တွေက အရေပြားဓါတ်မတည့်မှုတွေကိုဖြစ်စေနိုင်ပါတယ်။formaldehyde ပါဝင်တဲ့မိတ်ကပ်တွေက မျက်လုံးနဲ့ အရေပြားတွေကို ကျိန်းစပ်စေနိုင်ပါတယ်။ အလှကုန်တွေထဲမှာပါတဲ့ ပစ္စည်းအချို့က သားအရေအတွက်ကောင်းကျိုးပြုတယ်ဆိုပေမယ့် အချို့ကတော့ အသားအရေကိုကောင်းကျိုးမပြုနိုင်သလို အန္တရာယ်ဖြစ်တာမျိုးတွေအထိတောင်ဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကိုခဏခဏလူးရတာကလည်း အသားအရေကို ပင်ပန်းနွမ်းနယ်စေပါတယ်။

    မိတ်ကပ်လူးတဲ့ပျိုမေတွေ အများဆုံးတွေ့ကြုံရတဲ့ပြဿနာတစ်ခုက မိတ်ကပ်ဓါတ်မတည့်တာကြောင့် မျက်နှာအရေပြားမှာ အနီကွက်တွေဖြစ်တာ၊ဝက်ခြံတွေဖြစ်တာနဲ့ အရေပြားခြောက်သွေ့တာမျိုးတွေ ခံစားရတာဖြစ်ပါတယ်။ မိတ်ကပ်ကြောင့်အရေပြားဓါတ်မတည့်မှုဖြစ်တာကတော်တော်လေးမပြင်းထန်မချင်း သိပ်ပြီးမသိရနိုင်ပါဘူး။ မိတ်ကပ်လူးတဲ့အခါမှာလည်း မိတ်ကပ်အချို့ကမျက်နှာပေါ်ကချွေးပေါက်တွေကို ပိတ်စေပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အရည်ကချွေးပေါက်ပိတ်ပြီးဝက်ခြံဖြစ်မှုကိုပိုဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်ကို အကြိမ်ကြိမ်အထပ်ထပ်လူးတာမျိုးနဲ့ မိတ်ကပ်အထူကြီးလူးတာမျိုးကချွေးပေါက်ထဲမှာမိတ်ကပ်တွေပိတ်ဆို့ပြီး ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ မိတ်ကပ်အထူကြီးလူးတာက မျက်နှာသစ်တဲ့အခါချွေးပေါက်တွေထဲက မိတ်ကပ်တွေကို မစင်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေကျန်ရစ်တာက အချိန်ကြာလာတာနဲ့အမျှ ဆားဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုးအရေပြားပြဿနာတွေကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဖျက်ရလွယ်တဲ့မိတ်ကပ်အမျိုးအစားတွေကိုရွေးချယ်အသုံးပြုဖို့ပဲဖြစ်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင် ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ပါဝင်နေတဲ့ မိတ်ကပ်မျိုးကိုရွေးချယ်ပေးပါ။

    အခုနောက်ပိုင်း အလှကုန်ဈေးကွက်ထဲမှာ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့”natural’ (သို့မဟုတ်) “organic” မိတ်ကပ်တွေ တော်တော်လေးများလာပေမယ့် မိတ်ကပ်အချို့ကတော့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကိုအသုံးပြုပြီးထုတ်လုပ်နေကြဆဲပါ။ မိတ်ကပ်အချို့မှာပါတဲ့ ဓါတုပစ္စည်းတွေက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အထိပြင်းထန်တာမျိုးတွေတောင်ရှိနေပါတယ်။ မိတ်ကပ်ထုတ်လုပ်ရမှာ အသုံးပြုလေ့ရှိကြတဲ့amorphous hydrated silica လိုမျိုး ဓါတုပစ္စည်းတွေထဲမှာcrystalline quartz လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ အဆိုပါဓါတု ပစ္စည်းတွေကအရေပြားအတွင်းပိုင်းအထိစိမ့်ဝင်သွားတာ၊ ရှုရှိုက်မိတာတွေကနေတဆင့် အဆုတ်အတွင်းကို အဆိပ်ဖြစ်စေတဲ့အရာတွေရောက်ရှိသွားနိုင်ပါတယ်။

    ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်နိင်စေဖို့အတွက် အသားအရေရောင်ရမ်းမှုကိုသက်သာစေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မိတ်ကပ်မျိုးကိုရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ အရည်အသွေးမြင့်မိတ်ကပ်တော်တော်များများမှာ အသားအရေကိုထိန်းသိမ်းပေးတဲ့ပစ္စည်းတွေကိုပါထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်ပါတဲ့ မိတ်ကပ်တွေက မျက်နှာမှာဝက်ခြံတွေမဖြစ်အောင်ကာကွယ်ပေးပြီး အရေပြားနီမြန်းရောင်ရမ်းတာကိုလည်းလျော့ပါးသက်သာစေပါတယ်။ ဗီတာမင်တွေနဲ့ အစိုဓါတ်ပါတဲ့ မိတ်ကပ်တွေက မျက်နှာပေါ်ကမိတ်ကပ်တွေပျက်သွားတဲ့အချိန်မျိုးမှာတောင် မျက်နှာကိုကြည့်ကောင်းနေစေမှာဖြစ်တယ်လို့ဆိုပါတယ်။ SPF ပါတဲ့အောက်ခံမိတ်ကပ်တွေနဲ့moisturizersတွေကလည်းနေရောင်ထိတွေ့မှုကြောင့် အရေပြားထိခိုက်ပျက်စီးတာတွေကိုလျော့ကျစေနိုင်သလို မှဲ့ကင်ဆာMelanomaဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်လို့ဆိုပါတယ်။နေရောင်ကြောင့်အရေပြားပျက်စီးမှုနည်းလေလေ အသားအရေကပိုပြီးနုပျိုလေလေပါပဲ။ နေရောင်နဲ့ထိတွေ့မှုကြောင့် အရေပြားပေါ်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေဖြစ်ပေါ်တာမျိုးကိုခံစားရနိုင်ပါတယ်။

    မိန်းကလေးတိုင်းမှာ မှန်ကန်ကောင်းမွန်တဲ့အလှကုန်ပစ္စည်းတွေကိုရွေးချယ်သုံးစွြဲပီး အန္တရာယ်ကင်းကင်းနဲ့ပြီးပြည့်စုံတဲ့အလှအပတရားကို ပိုင်ဆိုင်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ အလှအပတရားက မိမိရဲ့ရွေးချယ်မှုအပေါ်မှာသာမူတည်နေတာကြောင့်ဈေးကွက်ထဲမှာရေပန်းစားနေတဲ့အလှကုန်တွေထဲမှာမှ ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားတဲ့အလှကုန်ပစ္စည်းတွေကိုရွေးချယ်ဖို့လိုအပ်တယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးလိုက်ပါရစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement