backup og meta

လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက်

    လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး မှားယွင်းနေတဲ့ အယူအဆ (၅) ချက်

    လူတိုင်းနီးပါး လိင်ကိစ္စနဲ့ ပတ်သတ်တဲ့ အယူအဆပေါင်းစုံကို ကြားဖူးကြမှာပါ။ အထူးသဖြင့် မြီးကောက်ပေါက် အရွယ်တွေမှာ ဒီလို အယူအဆတွေကို ပိုတောင်ကြားရလေ့ ရှိပါတယ်။ ဒီလို အယူအဆတွေဟာ လူလားမြောက်တဲ့ အချိန်အထိ အမှန်လို့ ထင်မိနေတဲ့အခါမှာတော့ လူအများစုရဲ့ လိင်မှုဆက်ဆံရေး ကိစ္စကို ထိခိုက်နိုင်ပါတယ်။

    “မင်းရဲ့ ကောင်မလေးက သွေးထွက်လား ” ဒီနေရာမှာ အမျိုးသမီးတွေ ပထမဆုံး လိင်ဆက်ဆံရင်၊ ဒါမှမဟုတ် မွေးလမ်းကြောင်းထဲကို အရာတစ်ခုခု ထည့်မိရင် ကညှာမြှေးကို ပေါက်ပြဲစေပြီး သွေးထွက်တဲ့ ဖြစ်စဉ်ကို အင်္ဂလိပ်လို ဆိုရင် pop your cherry လို့ခေါ်ကြပါတယ်။ ဒီနေရာမှာ cherry ကအနီရောင်ဖြစ်တဲ့ သွေးကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုသိထားသင့်တာက အမျိုးသမီးတိုင်းဟာ ကညှာမြှေးနဲ့ မွေးဖွားလာကြတာမဟုတ်ဘဲ ကြမ်းတမ်းတဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေကလည်း ကညာမြှေးကို ပျက်ဆီးစေတတ်ပါတာယ်။ အပျိုစင်ဆိုတဲ့ ဖြစ်တည်မှုကို ပြန်လည်လုပ်ယူလို့မရပေမဲ့ ကညာမြှေးကိုတော့ ခွဲစိတ်ပြီး ပုံမှန်အတိုင်း ဖြစ်အောင် ပြန်လုပ်လို့ရပါတယ်။

    “ မင်းအာသာဖြေမယ်ဆိုရင် မျက်လုံးကန်းလိမ့်မယ်။ “

    “ အာသာဖြေတာ လူကို အားကုန်စေနိုင်တယ်။” ဒီလိုစကားတွေကို စာဖတ်သူတို့ရော ကြားဖူးကြလား။ ကြားဖူးကြတယ်ဆိုရင်တော့ လိင်ဆက်ဆံခြင်းကို မှန်မှန်ကန်ကန် ပြုလုပ်နိုင်ကြစေရန် ဒီဆောင်းပါးလေးထဲမှာ လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်တဲ့ အယူအဆမှားတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    ၁။ အပျိုစင် သွေးထွက်ခြင်း (Popping the cherry)

    အပျိုစင်ဆိုရင် သွေးထွက်တယ်ဆိုတာ ရှေးပဝေဏီကတည်းက အယူအဆတစ်ခုဖြစ်ပြီး အမြှေးပါးက အကောင်းအတိုင်းရှိနေရင် သူမဟာ အပျိုစစ်တယ်လို့ သိကြတဲ့နည်းလမ်းလည်း ဖြစ်ပါတယ်။ အမျိုးသမီး အပျိုမြှေးဟာ ဘယ်နိုင်ငံ ယဉ်ကျေးမှုမှာမဆို အပျိုစင်ဖြစ်ကြောင်းပြတဲ့ သက်သေတစ်ခုဖြစ်တယ်လို့ ယူဆကြပေမဲ့ ဆေးပညာအရပြောရရင် အပျိုစင်အမြှေးပါးဟာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ဆက်ဆံခြင်း သမိုင်းကြောင်းကို မပြောပြနိုင်ပါဘူး။ အပျိုစင်အမြှေးပါးဆိုတာ အမျိုးသမီးအင်္ဂါရဲ့ အဝ နားမှာတည်ရှိတဲ့ အမြှေးတစ်ခု ဖြစ်ပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဒီအမြှေးပါးရဲ့ ပုံစံနဲ့ အရွယ်အစားက ကွဲပြားနေနိုင်ပါတယ်။ အမျိုးသမီးတွေ ရာသီသွေးဆင်းခြင်းနဲ့ တစ်ခြားသော အရာတွေဆင်းဖို့အတွက် အမြှေးပါးဟာ ပုံမှန်အားဖြင့် အမျိုးသမီး လိင်အင်္ဂါကို လုံးဝပိတ်ဆို့ထားလေ့ မရှိပါဘူး။

    ဒါပေမဲ့ ဒီနေရာမှာ တစ်ခုသတိထားရမှာက အမျိုးသမီး တစ်ချို့ဟာ အမြှေးပါး မပါဘဲ မွေးဖွားလာတတ်ကြတယ်ဆိုတာပါပဲ။ ရှားတောင့်ရှားခဲ ဖြစ်စဉ်တွေမှာတော့ အမြှေးပါးဟာ အမျိုးသမီးလိင်အင်္ဂါက အဝတစ်ခုလုံးကို ပိတ်ဆို့နေတဲ့ အခါမျိုးတွေလည်း ရှိပါတယ်။ ဒီဖြစ်စဉ်မျိုးတွေကို မွေးရာပါ အပေါက်မပါတဲ့အမြှေးပါး ရှိနေတဲ့ ဖြစ်စဉ်လို့ ခေါ်ဆိုကြပြီး ရာသီသွေးနဲ့ တခြားသော အရာတွေ ဆင်းစေဖို့အတွက် ခွဲစိတ်မှု လုပ်ကြရပါတယ်။

    လိင်ဆက်ဆံခြင်းနဲ့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အလုပ်တွေလုပ်ရတဲ့အခါ အမျိုးသမီးတွေဟာ အမြှေးပါးအသေးစားပေါက်ပြဲခြင်းကို ခံစားရနိုင်ပြီး တစ်ချို့ဖြစ်စဉ်တွေမှာတော့ အမြှေးပါးက အမျိုးသားလိင်အင်္ဂါနဲ့ အလိုက်သင့်ဝင်ဆံ့တဲ့အတွက် လိင်ဆက်ဆံချိန်မှာတောင် သွေးထွက်ခြင်း မရှိပါဘူး။ The Wonder Down Under စာရေးသူတွေဖြစ်တဲ့ Nina Dølvik Brochmann နဲ့ Ellen Støkken Dahl တို့ရဲ့ TED Talk တစ်ခုထဲမှာ အမြှေးပါးဟာ ပျော့ပြောင်းပြီး ကျုံ့လို့ဆန့်လို့ရတဲ့ အရာတစ်ခုဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ဒါ့အပြင် အမြှေးပါးတွေရဲ့ ပုံစံ အရွယ်အစားက အမျိုးမျိုးရှိနေနိုင်တာကြောင့် အမြှေးပါး ပေါက်ပြဲသွားမယ်ဆိုရင်တောင် အမြဲတမ်း သွေးမထွက်နိုင်ပါဘူး။ ဒါ့ကြောင့် အမြှေးပါးကို အခြေခံပြီး အပျိုစင်လား၊ မတော်တဆပေါက်ပြဲသွားတာလားဆိုတာကို ပြောဖို့ အင်မတန် ခက်ခဲလွန်းပါတယ်။

    ၂။ ရာသီလာခြင်းဟာ သန္ဓေတားဖို့အတွက် အကောင်းဆုံးအရာတစ်ခုပဲ။

    ၂၁ ရာစုနှစ်ရောက်နေပေမဲ့ လူအများစုမသဲကွဲသေးတဲ့ အရာတစ်ခုကတော့ ရာသီလာတဲ့အချိန် လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အယူအဆတစ်ခုပါပဲ။ ဒီလိုဖြစ်တဲ့အချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာ ရာခိုင်နှုန်းတော်တော်များများ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကလည်း ကိုယ်ဝန်ရနိုင်ခြေကို အပြီးပြတ် မတားဆီးပေးနိုင်ပါဘူး။

    ရာသီလာချိန်လိင်ဆက်ဆံပြီးရင် ကိုယ်ဝန်ရနိုင်ခြေဟာ အမျိုးသမီးရဲ့ ဓမ္မတာ စက်ဝန်းကြာချိန်အပေါ် အများကြီးမူတည်ပါတယ်။ အမျိုးသမီးအများစုမှာတော့ ဓမ္မတာ စက်ဝန်းဟာ ၂၈ ရက်ခန့် ကြာလေ့ရှိကြပြီး မျိုးဥတွေနဲ့ သားအိမ် အနားသားတွေ အကုန်ဆင်းသွားဖို့အတွက် ၃ ရက်နေ ၅ ရက်လောက်အထိ ကြာမြှင့်ပါတယ်။

    အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ခြေဟာ သူတို့ ဓမ္မတာ စက်ဝိုင်းရဲ့ မျိုးဥအသစ်တွေ ကြွေတဲ့အချိန်မှာ အမြင့်ဆုံးဖြစ်ပါတယ်။ နောက်ထပ် ဓမ္မတာ စက်ဝန်း မစခင် မျိုးဥသစ်ကြွေချိန်ဟာ ၁၂ ရက်ကနေ ၁၆ ရက်လောက်အထိ ပုံမှန်အားဖြင့် ကြာမြင့်လေ့ရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေမှာတော့ ဓမ္မတာ စက်ဝန်းက ပိုတိုတဲ့အတွက် မျိုးဥသစ်ကြွေချိန်ကလည်း မြန်လေ့ရှိပါတယ်။ ဒီလိုအမျိုးသမီးမျိုးဆိုရင် သုတ်ကောင်တစ်ကောင်ကလည်း လူတစ်ယောက်ရဲ့ ခန္ဓါကိုယ်ထဲမှာ ၅ ရက်လောက်အထိ အသက်ရှင်နိုင်တဲ့အတွက် မျိုးဥသစ်ကြွေချိန်မြန်မယ်ဆိုရင် သုတ်ကောင် အမျိုးသမီးကိုယ်အပြင်ဘက်မှာ နေထိုင်နေပြီး မျိုးဥသစ်ကြွေချိန်အထိ စောင့်ဆိုင်းနေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးရဲ့ ဓမ္မတာ လာချိန်ကို အတိအကျ မခန့်မှန်းနိုင်ဘူးဆိုရင် လိင်ဆက်ဆံချိန် ကွန်ဒုံးအသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

    ၃။ အမျိုးသမီးတွေ လိင်အင်္ဂါကိုဆက်ဆံတာ မဟုတ်ရင် အထွတ်အထိပ်မရောက်ဘူး

    လူအများစုဟာ အမျိုးသမီးလိင်အင်္ဂါကို ဆက်ဆံမှပဲ အမျိုးသမီးတစ်ယောက် လိင်ကိစ္စအထွတ်အထိပ် ရောက်တယ်လို့ ထင်မှတ်တတ်ကြပါတယ်။ Medical News Today ရဲ့ ရှင်းလင်းချက်အရတော့ အမျိုးသမီးတွေ အထွတ်ထိပ်ရောက်ဖို့အတွက် ပုံသေနည်းမရှိဘဲ ပုံမှန်အားဖြင့် အမျိုးသမီးတွေ လိင်ဆက်ဆံမှု အထွတ်အထိပ်ရောက်ဖို့အတွက် အမျိုးသမီး အင်္ဂါကို လိင်ဆက်ဆံတာထက်စာရင် အမျိုးသမီးလိင်အင်္ဂါစေ့ကို လှုံဆော်ပေးဖို့လိုအပ်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံမှု အထွတ်အထိပ်ရောက်ဖို့ဆိုရင် အမျိုးသမီး အင်္ဂါကို လိင်ဆက်ဆံခြင်းနဲ့ မလုံလောက်ဘဲ အင်္ဂါစေ့ကို လှုံဆော်ပေးဖို့လည်း လိုအပ်ပါတယ်။ မီးယပ်သားဖွားပညာရပ်ဆိုင်ရာ အရေးပါတဲ့အချက်များ (Essentials of Obstetrics and Gynaecology) ဆိုတဲ့ စာအုပ်အရ အမျိုးသမီး ၂၅ ရာခိုင်နှုန်းခန့်ဟာ အမျိုးသမီးအင်္ဂါကို လိင်ဆက်ဆံရုံနဲ့ အထွတ်အထိပ်ရောက်လေ့ရှိကြပြီး ကျန် ၇၅ ရာခိုင်နှုန်းကတော့ အင်္ဂါစေ့ကို လှုံဆော်ပေးမှ အထွတ်အထိပ်ရောက်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် သာယာပျော်ရွှင်ဖွယ် လိင်မှုဆက်ဆံရေးကို ပြုလုပ်မယ်ဆိုရင် အမျိုးသမီးရော၊ အမျိုးသားရော သူတို့ရဲ့ အဖော်ဖြစ်သူရဲ့ စိတ်လှုပ်ရှားမှု ခန္ဓါကိုယ်နေရာတွေကို သိထားဖို့လိုအပ်ပါတယ်။

    ၄။ အာသာဖြေခြင်းက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။

    အာသာဖြေခြင်းနဲ့ပတ်သတ်ပြီး ကျွန်တော့် ပတ်ဝန်းကျင်မှာလည်း ဒီလို အယူအဆ မှားတွေ အများကြီးရှိပါတယ်။ အာသာဖြေခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆချက် အများအပြားရှိပြီး ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် အာသာဖြေတဲ့အခါ မျက်လုံးကန်းခြင်း၊ ထောင်မတ်မှု ပြဿနာ ရှိနိုင်ခြင်း၊ အမျိုးသမီးတွေမှာဆိုရင် လိင်ဆက်ဆံတဲ့အခါ ခံစားလို့ မရတော့ခြင်း စသဖြင့် အမျိုးမျိုး ပြောဆိုတတ်ကြပါတယ်။

    သတင်းကောင်းတစ်ခုကတော့ တစ်ကိုယ်ရည် အာသာဖြေခြင်းက ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ လိင်အင်္ဂါနဲ့ မျက်လုံးအကြားဆက်နွယ်နေတဲ့ အချက်တွေ တစ်ချက်မှ မရှိတာကြောင့် အာသာဖြေရုံနဲ့ မျက်လုံးမကန်းပါဘူး။

    “ကျန်းမာရေး ပညာရှင်တွေကတော့ အာသာအလွန်အကျွံ ဖြေခြင်းဆိုတာ မရှိဘူးလို့ဆိုထားပြီး အာသာဖြေခြင်းကြောင့် စိတ်ပင်ပန်းမှု လျော့ကျခြင်း၊ ဓမ္မတာ လာတဲ့အခါ ကြွက်သားနာကျင်မှု လျော့ကျခြင်း၊ ကိုယ့်ခန္ဓါကို အကြောင်းကို ပိုမိုသိလာခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရနိုင်ပါတယ် ” လို့ လိင်မှုကိစ္စဆိုင်ရာ ကုထုံးပညာရှင် တီရှာ မော်ဂန် (Teesha Morgan) က သူမရဲ့ TED talk တစ်ခုထဲမှာ ဆိုခဲ့ပါတယ်။ ဒါ့အပြင် မော်ဂန်က ဒီလို ကိုယ့်ခန္ဓါကိုယ်အကြောင်းသိလာတဲ့အခါမှာ လိင်ဆက်ဆံမှု အထွတ်အထိပ် ရောက်စေဖို့ ပိုမို ကူညီပေးနိုင်ပြီး ဘယ်လိုပုံစံ အထိအတွေ့မျိုးနဲ့ ဆို အထွတ်အထိပ်ရောက်နိုင်လဲဆိုတာ သိနိုင်ပါတယ် လို့ဆိုပါတယ်။

    အာသာဖြေခြင်းက ထောင်မတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပျက်ဆီးစေနိုင်တယ်ဆိုတဲ့ အယူဆမှားတွေနဲ့ ပတ်သတ်ပြီး မော်ဂန်က ဒီအယူဆဟာ အမှားသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ အာသာဖြေတဲ့အချိန် အမြန်အထွတ်အထိပ်ရောက်အောင်လုပ်တဲ့ အကြိမ်တွေများလာမယ်ဆိုရင်တော့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံမှုကို ထိခိုက်စေနိုင်ပါတယ်။

    “အမျိုးသားတစ်ယောက်ဟာ သူ အာသာဖြေတဲ့အခါ မိနစ်အနည်းငယ်လောက်ပဲ ကြာတယ်ဆိုပါစို့။ မိနစ် အနည်းငယ်နဲ့ ပြီးဆုံးသွားတတ်တဲ့လူတစ်ယောက် အဖော်ဖြစ်သူနဲ့ ဆက်ဆံတဲ့အချိန်မှာ ကြာမြင့်ချိန် ပြဿနာတွေ့လာနိုင်ပါတယ်။ ” လို့မော်ဂန်က ဆိုပါတယ်။ ဒီလို ဖြစ်ခြင်းမျိုးကို ကာကွယ်ဖို့အတွက် အာသာဖြေတဲ့အချိန်မှာ လိင်ဆက်ဆံသလိုမျိုး ဖြည်းဖြည်းခြင်း လုပ်ဆောင်ဖို့လိုအပ်ပါတယ် လို့ဆိုပါတယ်။

    ၅။ လိင်ကိစ္စဟာ ခန္ဓါကိုယ်ခွန်အားတွေကို ယုတ်လျော့စေနိုင်ပါတယ်။

    ဒီယူဆချက်ကတော့ အထိအခိုက်လွယ်တဲ့ ယူဆချက်တစ်ခုဖြစ်တဲ့အပြင် လူအားလုံးနီးပါး ယူဆတဲ့ ယူဆချက်တစ်ခု ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲမပြိုင်ခင် လိင်ဆက်ဆံတာဟာ အားကစားသမားရဲ့ သက်လုံကို လျော့ကျစေနိုင်တယ်ဆိုပြီး အရင်တုန်းက အားကစားသမားအများစုဟာ ပြိုင်ပွဲကြီးတစ်ခုမတိုင်ခင် လိင်ဆက်ဆံခွင့်မရှိကြပါဘူး။

    အသင်းမန်နေဂျာတွေနဲ့ အားကစားသမားတွေရဲ့ နည်းပြတွေဟာ အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်လျော့ကျသွားမှာဆိုးတဲ့အတွက် သူတို့ရဲ့ကစားသမားတွေကို အရေးကြီးပြိုင်ပွဲမလုပ်ခင် လိင်ဆက်ဆံခွင့် တားမြစ်ကြပါတယ်။ စာဖတ်သူဟာ အားကစားသမားဆိုရင်တော့ ဒီအချက်ကို ကြားရင်ရင် စိတ်သက်သာရာရသွားမှာပါ။ လတ်တလော လေ့လာခဲ့ကြတဲ့ လေ့လာချက်များအရ ပြိုင်ပွဲမယှဉ်ပြိုင်ခင် လိင်ဆက်ဆံခြင်းဟာ ကစားသမားရဲ့ စွမ်းဆောင်ရည်ကို မထိခိုက်နိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ခန္ဓါကိုယ်စွမ်းဆောင်ရည်ကို မထိခိုက်ပေမဲ့ လိင်ဆက်ဆံခြင်းဟာ ကစားသမားရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်ကိုတော့ သက်ရောက်မှုရှိပြီး ပြိုင်ပွဲမစခင် လိင်ဆက်ဆံခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြောင်းလဲနိုင်ပါတယ်။

    “ ကစားသမားတစ်ယောက်ဟာ အရေးကြီးပြိုင်ပွဲမတိုင်ခင် စိုးရိမ်စိတ်များနေပြီး စိတ်လှုပ်ရှားနေမယ်ဆိုရင် လိင်ဆက်ဆံခြင်းဟာ စိတ်သက်သာရာရစေနိုင်ပါတယ်။ တကယ်လို့ ကစားသမားက စိတ်မလှုပ်ရှားနေဘူး၊ လိင်ကိစ္စကိုလည်း သိပ်စိတ်မပါဘူးဆိုရင်တော့ ပြိုင်ပွဲမတိုင်ခင် နှစ်နှစ်ခြိုက်အိပ်တာက အကောင်းဆုံး ဖြစ်ပါတယ် ” လို့ လေ့လာချက်တစ်ခုက ဖော်ပြထားပါတယ်။

    အနှစ်ချုပ်ရမယ်ဆိုရင် လိင်ကိစ္စလို အယူအဆအမှားများတဲ့ အရာမျိုးနဲ့ ပတ်သတ်လာရင် ကိုယ့်ခန္ဓါကိုယ်အတွက် ဘယ်အရာက ကောင်းမွန်လဲဆိုတာလေ့လာပြီး အန္တရာယ်ကင်းကင်း ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ လိင်ကိစ္စနဲ့ပတ်သတ်ပြီး မသင်္ကာတဲ့ အရာမျိုးတွေ ကြားမိလာတယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ဝေမျှပေးနေတဲ့ Hello ဆရာဝန်လို Platform မှ သတင်းများနဲ့ ချိန်ကိုက်နိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement