backup og meta

အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ

    အမျိုးသမီးသုံး ကွန်ဒုံးအကြောင်း သိကောင်းစရာ

    ကွန်ဒုံးဆိုတဲ့ အဓိပ္ပာယ်ဟာ ပြွန်ပုံစံ၊ အတားအဆီးအဖြစ် လုပ်ဆောင်ပေးတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ကွန်ဒုံးတွေကို လိင်ဆက်ဆံတဲ့ အချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ၊ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ (STD – sexually transmitted infection ) ရနိုင်ခြေ နည်းပါးအောင် လျှော့ချပေးနိုင်ရန်အတွက် အသုံးပြုကြတာပါ။ ကွန်ဒုံးမှာ အမျိုးသမီးသုံးရော၊ အမျိုးသားသုံးရော ကွန်ဒုံး ၂ မျိုးရှိပါတယ်။ အမျိုးသားသုံးကွန်ဒုံးနဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ပုံစံကွဲပြားပေမဲ့ အလုပ်လုပ်တဲ့ ပုံစံကတော့ သုက်ရည်နဲ့ တခြားသော အရည်ကြည်တွေကို တားဆီးပေးတဲ့ ပုံစံအနေနဲ့ လုပ်ဆောင်ကြတာ ချည်းပါပဲ။ အမျိုးသမီး ကွန်ဒုံးတွေကိုကျတော့ အမျိုးသမီး သားအိမ်လမ်းကြောင်းပေါက်ထဲ အံ့ကျအောင်ထည့်ပြီး သန္ဓေနဲ့ လိင်မှ ကူးစက်တဲ့ ရောဂါတွေကို တားဆီးဖို့အတွက် ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီး ကွန်ဒုံးကို အဖော်အမျိုးသားက ကွန်ဒုံးသုံးနေတဲ့ အချိန်မှာ သွားမသုံးမိဖို့တော့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့လိုအချိန်ကြရင် ကွန်ဒုံး ၂ ခုက ကပ်နေပြီး ပေါက်သွားတာမျိုး၊ ကျွတ်ထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။

    အမျိုးသမီးသုံး ကွန်ဒုံးဆိုတာဘာလဲ။

    အမျိုးသမီးသုံးကွန်ဒုံးတွေဟာ ရှည်လျားတဲ့ အိတ်ပုံစံမျိုးဖြစ်ကြပြီး များသောအားဖြင့် ပလတ်စတစ်တစ်မျိုးဖြစ်တဲ့ polyurethane ( ပေါ်လီယူရသိန်း)နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အမျိုးသားကွန်ဒုံးတွေနဲ့ မတူတာတစ်ခုကတော့ အမျိုးသမီးသုံး ကွန်ဒုံးတွေရဲ့ ထိပ်မှာ ပျော့ပြောင်းတဲ့ ကွင်း ၂ ကွင်းပါဝင်ပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးဟာ သုက်ရည်များနဲ့ တခြားအရည်ကြည်များကို စုသိမ်းပေးခြင်းဖြင့် သန္ဓေနဲ့ STD ရောဂါတွေကို ကာကွယ်ပေးတာ ဖြစ်ပါတယ်။

    ဘာကြောင့် အမျိုးသားကွန်ဒုံးကို မသုံးကြတာလဲ။

    သန္ဓေတားနည်းတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ ဘယ်နည်းလမ်းကို သုံးမလဲဆိုတာကတော့ သင့်ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်။ ဒါပေမဲ့ တချို့သော အမျိုးသမီးတွေနဲ့ စုံတွဲတွေကတော့ အမျိုးသားသုံး ကွန်ဒုံးထက် အမျိုးသမီးသုံးကွန်ဒုံးကို အောက်ပါအချက်တွေကြောင့် ပိုနှစ်ခြိုက်ကြပါတယ်။

    • အမျိုးသမီးသုံးကွန်ဒုံးကို လိင်မဆက်ဆံခင် ၈ နာရီလောက် ကြိုတင် ဝတ်ဆင်ထားလို့ရပါတယ်။ ဒါကြောင့် လိင်ဆက်ဆံစိတ်ကို အနှောင့်အယှက် မဖြစ်ပါဘူး။
    • အမျိုးသမီးတွေအနေနဲ့ သူ့အဖော်ဖြစ်သူက ကွန်ဒုံးမဝတ်ဆင်ချင်ဘူးဆိုရင် သုံးစွဲလို့ရပါတယ်။
    • လူ့အရေပြားကို ယားယံစေတဲ့ ရာဘာနဲ့ ပြုလုပ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် သုံးကြပါတယ်။
    • အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါပျော့ပြောင်းသွားရင်တောင် အထဲမှာ ကျန်နေခဲ့ပါတယ်။

    တချို့လူတွေက ဘာကြောင့် အမျိုးသမီး ကွန်ဒုံး မသုံးကြတာလဲ။

    ယောက်ျားလေး ကွန်ဒုံးတွေလိုပဲ အမျိုးသမီးကွန်ဒုံးတွေကို တချို့စုံတွဲတွေက မကြိုက်ကြပါဘူး။ ဒီထဲက အချက်တွေကို ပြောရမယ်ဆိုရင်

    • အမျိုးသားသုံးကွန်ဒုံးတွေလိုပဲ လိင်ဆက်ဆံတဲ့အချိန်မှာ နေရာက ချော်သွားတာမျိုးဖြစ်နိုင်ပါတယ်။
    • သင်နဲ့ သင့်အဖော်ဖြစ်သူရဲ့ အရေပြားကို ယားယံစေနိုင်ပါတယ်။ ဒါမျိုးဖြစ်တာက ရှားပါတယ်။
    • လိင်စိတ်ဆန္ဒပြင်းပြမှုကို အနည်းငယ်လျော့နည်းစေနိုင်ပါတယ်။
    • အမျိုးသားသုံးကွန်ဒုံးတွေလောက် သန္ဓေတားခြင်းနဲ့ လိင်မှတဆင့်ဖြစ်ပွားတဲ့ STD ရောဂါတွေကို ထိထိရောက်ရောက်မကာကွယ်ပေးနိုင်ပါဘူး။

    အမျိုးသမီးသုံး ကွန်ဒုံးတွေက စိတ်ချရရဲ့လား။

    မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ အမျိုးသမီးသုံး ကွန်ဒုံးတွေလည်း အမျိုးသားသုံး ကွန်ဒုံးတွေလောက် သန္ဓေနဲ့ STD ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်နှစ်အတွင်းမှာ အမျိုးသမီး ကွန်ဒုံးအသုံးပြုသူ အယောက် ၁၀၀ အနက် ၅ ယောက်ခန့်သာ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားသုံးကွန်ဒုံးသုံးတဲ့ စုံတွဲတွေမှာဆိုရင် အယောက် ၁၀၀ မှာ ၂ယောက်ခန့်သာ ကိုယ်ဝန်ရကြပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးကို မှန်မှန်ကန်ကန် မသုံးတတ်ဘူးဆိုရင်တော့ ၁၀၀ မှာ ၂၁ ယောက်က ကိုယ်ဝန်ရကြပါတယ်။ အမျိုးသားကွန်ဒုံးကို မှန်မှန်ကန်ကန် မသုံးစွဲဘူးဆိုရင် အယောက် ၁၀၀ မှာ ၁၈ ယောက်ခန့်က ကိုယ်ဝန်ရကြပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးတွေက လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ STD ရောဂါတွေကို အပြီးသတ် မကာကွယ်ပေးနိုင်ပေမဲ့ ရာခိုင်နှုန်း အများအပြားလျှော့ချပေးနိုင်ပါတယ်။

    အမျိုးသမီးသုံးကွန်ဒုံးတွေကို ဘယ်လိုသုံးမလဲ။

    အမျိုးသမီးသုံးကွန်ဒုံး အသုံးပြုနည်းဟာ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရတဲ့ အတောင့် သုံးနည်းနဲ့ ဆင်ပါတယ်။ အစပိုင်းမှာတော့ နည်းနည်းခက်နိုင်ပေမဲ့ အသုံးပြုသားကျသွားရင် လွယ်ကူသွားမှာပါ။ ဘယ်လိုသုံးရမလဲဆိုတော့

    • လိင်ဆက်ဆံပြီးတိုင်း ကွန်ဒုံးအသစ်ကို လဲလှယ်အသုံးပြုပါ။
    • အထုတ်ဖွင့်တဲ့အခါ ကွန်ဒုံး မပြဲသွားစေရန် ဂရုစိုက်ပါ။
    • အမျိုးသားလိင်အင်္ဂါနဲ့ အမျိုးသမီး လိင်အင်္ဂါမထိတွေ့ခင်မှာ ကွန်ဒုံးကို ထည့်ပါ။
    • ကွန်ဒုံးရဲ့ အဆုံးမှာ ချောဆီ နည်းနည်းအသုံးပြုပါ။
    • ကွန်ဒုံးထည့်တဲ့အခါမှာ အဆင်ပြေတဲ့ နည်းလမ်းနဲ့နေပါ။ ကွန်ဒုံးထည့်တဲ့အခါ လဲလျောင်းပြီးနေတာမျိုး၊ ဆောင့်ကြောင့်ထိုင်တာမျိုး၊ ခုံတစ်ခုံမှာ ခြေထောက်တစ်ဖက်တင်ထားတာမျိုး ခန္ဓာကိုယ်အနေအထားအမျိုးမျိုးနဲ့ ဝတ်ဆင်နိုင်ပါတယ်။
    • ကွန်ဒုံးအစ ကွင်းကို လက် ၂ ချောင်းဖြင့် ဖိထားပြီး သားအိမ်လမ်းကြောင်း အတွင်း ဝင်နိုင်သမျှ ဝင်အောင် တပ်ဆင်ပါ။
    • ကျန် ကွင်းတစ်ဖက်ကို အမျိုးသမီး အင်္ဂါ အဝနား တစ်လက်မခန့် ထွက်နေပါစေ။
    • လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးရွေ့တတ်ပါတယ်။ အဲ့ဒီအချိန်သတိထားရမယ့် အချက်တွေကတော့ အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါဟာ ကွန်ဒုံးအတွင်းမှာသာရှိနေဖို့လိုပြီး ပလတ်စတစ်နဲ့ ခန္ဓာကိုယ်ကြားထဲ ရောက်လို့မရပါဘူး။
    • အပြင်က ကွင်းလေး အထဲဖက်သို့ မဝင်သွားအောင်ဂရုစိုက်ပါ။ တကယ်လို့ ကွင်းလေးက အထဲဝင်သွားမယ်၊ ကိုယ့်ရဲ့ အဖော်ဖြစ်သူကလည်း သုက်မလွှတ်ရသေးဘူးဆိုရင် ကွန်ဒုံးအဟောင်းကို ထုတ်ပြီး အသစ်တပ်ဆင်နိုင်ပါတယ်။
    • အဖော်ဖြစ်သူက သုက်လွှတ်ပြီးတဲ့အချိန် ကွန်ဒုံးထိပ်ဘက်က ကွင်းလေးက အထဲဝင်သွားမယ်ဆိုရင်၊ ကွန်ဒုံးနဲ့ ခန္ဓာကိုယ်ကြားရောက်သွားမယ်ဆိုရင် အရေးပေါ် သန္ဓေတားနည်း EC (emergency contraception) အသုံးပြုဖို့ စဉ်းစားပါ။
    • လိင်ဆက်ဆံပြီးတဲ့အခါ သုက်ရည်များ ကွန်ဒုံးပြင် မထွက်သွားဖို့အတွက် ကွန်ဒုံး အစကွင်းကို လိမ်ကာ ဖြည်းဖြည်းခြင်း ထုတ်ယူပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement