backup og meta

မျှဝေပါ။

48 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ

ဘယ်လိုဖွံ့ဖြိုးလာလဲ

48 ပတ်သားကလေး

တကယ်လို့သင့်ရင်သွေးလေးက ခုထိလမ်းမလျှောက်သးဘူးဆိုရင် မကြာခင်စလျှောက်တော့မှာပါ။ တကယ်လို့မလျှောက်သေးရင်လည်းမပူပါနဲ့၊ လုံးဝပုံမှန်ကလေးတချို့ဟာ ၁၆လ၊ ၁၇လသားလောက်မှ လမ်းစလျှောက်တတ်ပါတယ်။

ဒီအရွယ်မှာဆိုရင် သင့်ရင်သွေးလေးဟာ-

• တစ်ယောက်ထဲကောင်းကောင်းမတ်တပ်ရပ်တတ်ပြီ

• လမ်းကောင်းကောင်းလျှောက်တတ်ပြီ

• ငိုတာအပြင် တခြားနည်းလမ်းနဲ့ သူလိုချင်တာကိုပြောတတ်ပြီ

• ဘောလုံးကစားတတ်ပြီ

• ခွက်ကနေအကူမလိုဘဲသောက်တတ်ပြီ

• မသိရင် တခြားဘာသာစကားတစ်ခုပြောနေသလို မပီကလာပီကလာ လျှောက်ပြောတတ်လာပြီ

• ခြေဟန်လက်ဟန်မပြတော့လည်း တချို့အမိန့်စကားတွေကို လိုက်လုပ်တတ်လာပြီ

• မေမေ ဖေဖေ အပြင် စကားလုံးတွေအများကြီးပိုပြောလာပါပြီ။

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

အမြဲတမ်းလိုပဲ သင့်ရင်သွေးလေးက စွမ်းရည်အသစ်တွေလေ့ကျင့်နေချိန်မှာ လုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုဖန်တီးထားပေးပါ။ ကလေးစောင့်ရှောက်မှုနည်းတွေလေ့လာပြီး ကလေးကိုဘယ်တော့မှပစ်မထားနဲ့။ ပြီးတော့…… ကင်မရာအသင့်သာပြင်ထားပါတော့။

သင့်ကလေးငယ်ပထမဆုံးခြေလှမ်းကိုကြည့်ရတာလောက် ပျော်စရာကောင်းတာလောကကြီးမှာမရှိတော့ပါဘူး။ သူတို့ရှေ့မတ်တပ်ရပ်လို့ဖြစ်စေ၊ ဒူးထောက်ရင်းဖြစ်စေ သင့်လက်တွေကိုဆန့်ထုတ်ထားပြီး သူတို့လမ်းလျှောက်တာကိုအားပေးပါ။ ဒါမှမဟုတ် သူတို့လက်ကိုကိုင်ထားပေးရင်း သင့်ဆီသူတို့လျှောက်လာပါစေ။ ကလေးအများစုလိုပဲ သင့်ကလေးဟာ ပထမဆုံးခြေလှမ်းတွေမှာ ဟန်ချက်ညီစေဖို့အတွက် တံထောင်ကွေးထားလျက်လက်ကို ဘေးကိုဆန့်ထုတ်ရင်း ၊ ခြေထောက်တွေကဘေးကားပြီး ဝမ်းဗိုက်ကရှေ့ထွက်၊ အောက်ပိုင်းကနောက်ကျန်ခဲ့ရင်းလျှောက်ကြပါလိမ့်မယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။

ဒီအရွယ်မှာ ပုံမှန်စစ်ဆေးဖို့ရက်ချိန်းမရှိတတ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေဟာ ဆရာဝန်ဆီသွားရတာကို မကြိုက်တဲ့အပြင် အခြားလူတွေကိုစိမ်းနေတတ်သေးတဲ့စိတ်ကြောင့် ဆရာဝန်တွေကဘယ်လောက်ပဲ နွေးထွေးခင်မင်စရာဟန်ဖြစ်နေပါစေ၊ တွေ့ချင်မှမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့တစ်ခုခု စိတ်ပူစရာမျိုးရှိရင်တော့ ဆရာဝန်ချက်ခြင်းသွားပြပါ။

ဘာတွေသိသင့်လဲ။

ရေကျောက်ပေါက်ခြင်းလက္ခဏာတွေသိထားရင်ကောင်းပါတယ်။ အနီစက်တွေ၊ အထူးသဖြင့်ကလေးက အခြားရေကျောက်ပေါက်နေတဲ့ကလေးတွေနဲ့ထိတွေ့မိတယ်ဆိုရင်ပေါ့…။ ထိတွေ့ပြီးချိန်မှ လက္ခဏာတွေပေါ်လာဖို့ ၁၀ ရက်နေ ၂၁ ရက်ထိကြာနိုင်ပါတယ်။

လက္ခဏာတွေ

ပထမဆုံးခန္တာကိုယ်နဲ့ ဦးရေပြားကစလို့ ယားယံတဲ့အနီရောင်အစက်လေးတွေပေါ်လာပါလိမ့်မယ်။ ထိုအစက်ကလေးတွေမှတဆင့် ပန်းရောင်အောက်ခြေနဲ့ အရည်ကြည်များပြည့်နေသော အရည်ကြည်ဖုလေးတွေအဖြစ်ပြောင်းသွားပြီး နောက်ဆုံးမှာ အညိုရောင်ခြောက်သွေ့သောအရာများကျန်ရှိခဲ့ပါလိမ့်မယ်။ ခန္တာကိုယ်နဲ့ ဦးရေပြားကတဆင့် မျက်နှာ၊ လက်၊ ခြေထောက်တွေဆီပျံနှံ့သွားပါတယ်။ ကလေးက အလွန်ပင်ပန်းနွမ်းမယ်ဟန်ပေါ်မယ်၊ အစားစားချင်စိတ်မရှိဘဲ အဖျားငွေ့ငွေ့လည်းရှိနိုင်ပါတယ်။

ဘာလုပ်ရမလဲ

ဆရာဝန်နဲ့တိုင်ပင်ပါ။ ရောဂါပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းကို ရှောင်ရှားရန် ကလေးငယ်လက်သည်းတွေကိုညှပ်ထားပြီး အနာနေရာကိုကုတ်ခြင်း၊ ဖဲ့ခြင်းမပြုပါစေနဲ့။ ဒါမှမဟုတ် ကလေးငယ်ကိုလက်အိတ်လေးတွေစွတ်ပေးထားနိုင်ပါတယ်။ ရေအေးအေးဖြင့်ချိုးပေးခြင်း၊ ပြီးလျှင်အပူလောင်ခြင်းအတွက်ကောင်းသော လိုးရှင်းတစ်မျိုးမျိုးလိမ်းပေးခြင်းများဖြင့် သက်သာစေနိုင်ပါတယ်။ အဖျားအတွက် ပါရာစီတမောမှတပါး အခြားအကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးမသုံးပါနဲ့။

လက္ခဏာတွေပိုဆိုးလာပါက ဆရာဝန်ကိုပြောပြပါ။

• အနာများပိုဆိုးလာခြင်း၊ ပိုများလာခြင်း

• မျက်လုံး၊ ပါးစပ်ထဲပေါက်ခြင်း၊

• ရက်ကြာအောင်အဖျားမကျခြင်း

• အရေပြားရောင်ရမ်းခြင်း၊ နာကျင်ခြင်း အလွန်အမင်းနီရဲခြင်း

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီအရွယ်မှာဆိုရင် သင့်မှာစိတ်ပူစရာတွေအများကြီးရှိပါတယ်။ တစ်ခုကတော့ ချိုလိမ်စို့ခြင်းပါ။ ကလေးကိုသူနှစ်သက်ရာကနေ ခွဲခွာရမှာ သနားကောင်းသနားနေနိုင်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွမ်းကျင်သူတွေပြောစကားအရ ခုအချိန်ဟာ ချိုလိမ်ကိုစွန့်လွှတ်ဖို့ အကောင်းဆုံးအချိန်ပါ။ အကြောင်းပြချက်နှစ်ခုရှိပါတယ်။

ပထမတစ်ချက်- ကလေးကချိုလိမ်ကိုကြာကြာအသုံးပြုလေလေ၊ ပြတ်ဖို့ခက်လေလေဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်တော့ စကားပြောခြင်းတိုးတက်စေဖို့ပါ။ ကလေးဟာ ပါးစပ်ထဲမှတစ်ခုခုရှိနေရင် စကားပြောနည်းသွားပါလိမ့်မယ်။ ချိုလိမ်ဖယ်ပစ်ရတာခက်ခဲပါလိမ့်မယ်။ နေ့ဘက်မှာအချိန်သက်မှတ်ပေးထားပြီး ညဘက်မှအသုံးမပြုတော့စေခြင်းဖြင့် တဖြေးဖြေးကျင့်ယူပါ။ အခြားအရုပ်တစ်ခုခုနဲ့အာရုံပြောင်းခြင်းဖြင့်လည်း ကြိုးစားကြည့်နိုင်ပါတယ်။

နောက်တစ်ပတ်မှာလည်း သင့်ရင်သွေးလေးဘယ်လိုနေမလဲ စောင့်ကြည့်ရအောင်..။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 460 – 465.

The chickenpox vaccine. http://www.babycenter.com/0_the-chicken-pox-vaccine_1725.bc. Accessed September 10, 2015.

When should my baby stop using a pacifier?. http://www.babycenter.com/408_when-should-my-baby-stop-using-a-pacifier_1368496.bc. Accessed September 10, 2015.

ယခုပုံစံ

02/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement