backup og meta

ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

    ခြေသလုံးကြွက်သား နာကျင်နေပြီဆိုရင် လမ်းလျှောက်ရတာ မကောင်းသလို လှုပ်ရှားရတာလည်း မကောင်းပါဘူး။ ဒီတစ်ခေါက်တော့ သတိထားနိုင်စေဖို့ ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ….. ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကြွက်သားတွေ အရေးပါသလား!

    လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။

    ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကို ခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။

    ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။

    ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ

    ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အကြောင်းအမျိုးမျိုးကြောင့် ခြေသလုံးကြွက်သားတွေ နာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

    • ကြွက်တက်ခြင်း – ခြေသလုံးကြွက်သားနာကျင်ရာမှာ ဖြစ်နိုင်ခြေအများဆုံးကိစ္စဖြစ်ပြီး လူတိုင်းနီးပါး ကြုံရတတ်တဲ့ ပြဿနာတစ်ခုပါ။ ခြေထောက်ကို အနေအထားတစ်မျိုးတည်းနဲ့ အကြားကြီးနေနေမိတာမျိုး၊ ရေလုံလောက်အောင် မသောက်မိတာမျိုးတွေကြောင့် ကြွက်တက်နိုင်ပါတယ်။
    • အားစိုက်လွန်းခြင်း – ကြွက်သားတွေကို အားစိုက်ပြီး အသုံးချလွန်းရင် ပင်ပန်းနွမ်းနယ်မှုဖြစ်ပြီး နာကျင်လာတတ်ပါတယ်။ ဒါကလည်း အဖြစ်များတဲ့ ကိစ္စတစ်ခုပါ။ အရမ်းဆိုးရွားရင် ကြွက်သားစုတ်ပြဲတာမျိုးဖြစ်နိုင်ပါတယ်။
    • ဖနောင့်ကြောထိခိုက်ခြင်း – ဖနောင့်မှာ ထိခိုက်တာ ဆိုပေမယ့် ခြေသလုံးကြွက်သားပါ နာကျင်လာနိုင်ပါတယ်။ ဒီနှစ်ခုက ဆက်စပ်မှုရှိနေတာကိုး။ ဒီဝေဒနာခံစားရရင်တော့ အလွန်အမင်းနာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။
    • Baker’s Cyst (ဘေကာအရည်အိတ်) – Baker’s Cyst ဆိုတာ ဒူးထဲမှာ အရည်အိတ်တည်တာပါ။ Baker’s Cyst ကြောင့်လည်း ခြေသုံးကြွက်သားတွေကို နာကျင်စေမှာဖြစ်ပါတယ်။
    • Sciatica – Sciatica က ခန္ဓာကိုယ်ထဲက အကြီးဆုံး အာရုံကြောပါ။ နောက်ကျောဘက်မှာ တည်ရှိနေပါတယ်။ တကယ်လို့ ဒီအာရုံကြောမှာ ပြဿနာရှိရင် ခြေထောက်နှစ်ဘက်လုံး နာကျင်လာနိုင်ပါတယ်။ များသောအားဖြင့်တော့ မိနစ် ၂၀ လောက် ရေခဲအိတ်ကပ်ပေးရင် အဆင်ပြေနိုင်ပါတယ်။
    • Chronic Compartment Syndrome – ခြေထောက်ဆိုတာက ကြွက်သားတွေ၊ သွေးကြောတွေ၊ အာရုံကြောတွေနဲ့ စုဖွဲ့ဖန်တီးထားတာပါ။ အလွန်အမင်း မရပ်မနား ပြေးတာလိုမျိုး ပြင်းထန်လွန်းတဲ့ ကိစ္စမျိုးတွေ ပြုလုပ်မိခဲ့ရင် ခြေထောက်အတွင်းမှာ သွေးယိုစီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ့်မှာ Chronic Compartment Syndrome ရှိနေမယ် ဆိုရင် သွေးစီးဆင်းမှုဖောက်လွဲဖောက်ပြန်မှုကြောင့် နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။
    • သွေးပြန်ကြောထုံးခြင်း – လမ်းအရမ်းလျှောက်တဲ့သူတွေ၊ အကြာကြီး ထိုင်ရတဲ့သူတွေဟာ သွေးပြန်ကြောထုံးတတ်တဲ့ ပြဿနာ ကြုံရတတ်ပါတယ်။ ဒီ ပြဿနာကြောင့်လည်း ကြွက်သား နာကျင်နိုင်တာကို မမေ့ပါနဲ့။
    • Deep Vein Thrombosis (DVT)Deep Vein Thrombosis ဆိုတာက သွေးပြန်ကြော သွေးခဲပိတ်တဲ့ ဝေဒနာဖြစ်ပါတယ်။ ခြေထောက်နာကျင်ပြီး ပူနေတတ်ပါတယ်။ ခြေထောက်အရေပြားတွေလည်း နီနေတတ်ပါတယ်။ ဒီဝေဒနာကြောင့် ခြေသလုံးသာမက ခြေချောင်းတစ်ခုလုံးနာကျင်နေနိုင်ပါတယ်။
    • အရိုးမှာ ကူးစက်ပိုးဝင်ခြင်း – ခြေထောက်အရိုးမှာ ကူးစက်ရောဂါ တစ်ခုခု စွဲကပ်ရင်လည်း ကြွက်သားနာကျင်နိုင်ပါတယ်။ ဒီပြဿနာကတော့ အမြန်ဆုံး ဆေးဝါးကုသမှု လိုအပ်တဲ့ ပြဿနာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 09/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement