brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Osteitis Fibrosa

အဓိပ္ပါယ်ဖွင့်ဆိုချက်

Osteitis fibrosa cystica ဆိုတာဘာလဲ။

Osteitis fibrosa cystica က ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ပါရာသိုင်းရွိုက်ဂလင်း တက်ကြွလွန်ခြင်းကနေ ဖြစ်လာတာပါ။

သင့်မှာ ပါရာသိုင်းရွိုက်ဂလင်းတက်ကြွလွန်နေပြီးဆိုရင် ဒါက သင့်ရဲ့ပါရာသိုင်းရွိုက်ဂလင်း တစ်ခုခုက ပါရာသိုင်းရွိုက်ဟော်မုန်းတွေ အထုတ်များနေပြီလို့ ဆိုလိုတာပဲ။ သည်ဟော်မုန်းက အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုပေမယ့်လို့ များလာတဲ့အခါ အရိုးတွေကို အားနည်းစေပြီး ပုံပျက်သွားစေပါတယ်။

Osteitis fibrosa cystica ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Osteitis fibrosa cystica က ပါရာသိုင်းရွိုက်ဂလင်းတက်ကြွလွန်တဲ့ရောဂါရဲ့ ရှားပါးနောက်ဆက်တွဲပြဿနာ ဖြစ်တယ်။ ဟော်မုန်းမူမမှန်ရောဂါရှိသူအားလုံးရဲ့ ၅% လောက်မှာ တွေ့ရတယ်။ အချက်အလက်တွေကို ထပ်ပြီးသိလိုတယ်ဆိုရင် ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

ရောဂါလက္ခဏာများ

Osteitis fibrosa cystica ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Osteitis fibrosa cystica ရဲ့ အပြင်းထန်ဆုံးလက္ခဏာကတော့ အရိုးကျိုးတာပဲ။ ဒါပေမယ့် မကျိုးခင်မှာ နာတာ၊ ထိရင်နာတာမျိုးအပြင် အောက်ပါတွေကိုပါ တွေ့ကြုံရနိုင်တယ်။

  • ပျို့ခြင်း
  • ဝမ်းချုပ်ခြင်း
  • မကြာခဏ ဆီးသွားလိုခြင်း
  • မောပန်းခြင်း
  • အားနည်းခြင်း
  • အပေါ်မှာပြောထားတဲ့လက္ခဏာတွေထဲမှာ မပါသေးတဲ့တခြားလက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ တစ်ကယ်လို့များ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခု ရှိနေနိုင်လားဆိုပြီး စိုးရိမ်နေရင်တော့ ဆရာဝန်နဲ့သာ တိုင်ပင်ဆွေးနွေးပေးပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေတယ်ဆိုလျှင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

    ဖြစ်ပွားမှုအကြောင်းရင်းများ

    ဘာတွေက Osteitis fibrosa cystica ဖြစ်ပွားစေသလဲ။

    သင့်လည်ပင်းမှာ ပါရာသိုင်းရွိုက်ဂလင်းကလေး ၄ ခု ရှိပါတယ်။ သူတို့က ခန္ဓါကိုယ်အနှံ့က တစ်ရှူးတွေနဲ့ သွေးစီးကြောင်းမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်လယ်ဗယ်ကို ထိန်းညှိပေးတဲ့ PTH (ဟော်မုန်း) ကိုထုတ်ပေးကြတယ်။ ကယ်လ်စီယမ်လယ်ဗယ် တအားများလာတဲ့အခါ ပါရာသိုင်းရွိုက်ဂလင်းတွေက PTH ကို နည်းနည်းပဲ ထုတ်ပေးတယ်။ ကယ်လ်စီယမ်လယ်ဗယ် ကျသွားရင်တော့ များများထုတ်တာပေါ့။

    အရိုးတွေက PTH ကို အမျိုးမျိုးတုံ့ပြန်နိုင်တယ်။ တစ်ချို့တွေမှာ PTH က ကျနေတဲ့ကယ်လ်စီယမ်ကို ထိန်းနိုင်လောက်အောင် မများတတ်ဘူး။ ကယ်လ်စီယမ်နည်းရင် မရှိရင် အရိုးတစ်ချို့မှာ အားနည်းတဲ့နေရာတွေ ဖြစ်လာပါတယ်။

    Osteitis fibrosa cystica ဖြစ်နိုင်တဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိပါတယ်။ မူလရင်းခံ ဟိုက်ပါပါရာသိုင်းရွိုက်ရောဂါနဲ့ တစ်ဆင့်ခံ ဟိုက်ပါပါရာသိုင်းရွိုက်ရောဂါတွေပါပဲ။

    • မူလရင်းခံအမျိုးအစားက ပါရာသိုင်းရွိုက်ဂလင်းများတွင် ပြဿနာတစ်ခု ရှိတာကြောင့်ဖြစ်ရတာပါ။ ဂလင်းတစ်ခုခုမှာ ကင်ဆာ ဒါမှမဟုတ် ကင်ဆာမဟုတ်တဲ့ အကျိတ်ပေါ်လာတဲ့အခါ လုပ်ငန်းတွေကို ကောင်းကောင်းမလုပ်နိုင်တော့ဘူး။ နောက်ထပ်ဖြစ်ရတဲ့ အကြောင်းရင်းတွေက ဂလင်း ၂ ခုနဲ့အထက်မှာ ဟိုက်ပါပလေးရှား နဲ့ ကြီးထွားခြင်းတို့ဖြစ်ပါတယ်။
    • တစ်ဆင့်ခံအမျိုးအစားကတော့ ကယ်လ်စီယမ်လယ်ဗယ်ကို လျော့ကျစေတဲ့ တခြားရောဂါတွေကြောင့်ဖြစ်ရတာပါ။ ရလဒ်အနေနဲ့ ပါရာသိုင်းရွိုက်ဂလင်းတွေက ကယ်လ်စီယမ်ကျတာကိုထိန်းဖို့ အပြင်းအထန်အလုပ်လုပ်ရတော့တာပေါ့။ ကယ်လ်စီယမ်နည်းစေတဲ့ အကြောင်းရင်းတွေထဲက အဓိကနှစ်ခုက ဗီတာမင်ဒီချို့တဲ့တာနဲ့ ကယ်လ်စီယမ်ပါတာတွေမစားတာပဲ။

    ဗီတာမင်ဒီက ကယ်လ်စီယမ်လယ်ဗယ်ကို ထိန်းညှိပေးတယ်။ အစားအသောက်ထဲမှာ ဗီတာမင်ဒီ မလုံလောက်တာ ဒါမှမဟုတ် နေရောင်နဲ့ မထိတွေ့တာ (ခန္ဓါကိုယ်က နေရောင်နဲ့ထိရင် ဗီတာမင်ဒီ ရနိုင်တယ်) ကြာလာတဲ့အခါ ဗီတာမင်ဒီလယ်ဗယ် ထိုးကျနိုင်ပါတယ်။ အဲ့သည့်လိုပဲ ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာတွေ (ဟင်းနုနွယ်၊ နို့ထွက်ပစ္စည်း၊ ပဲပိစပ် စတာတွေ) မစားတဲ့အခါ ကယ်လ်စီယမ်ဓါတ်ကျသွားပြီး PTH တွေကို အများအပြား ထုတ်စေနိုင်ပါတယ်။

    ဖြစ်ပွားစေနိုင်ချေကို မြင့်မားစေတဲ့အကြောင်းရင်းများ

    ဘယ်အရာတွေက Osteitis fibrosa cystica ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

    ထပ်မံသိလိုသောအချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်ပါ။

    ရောဂါအဖြေရှာခြင်းနဲ့ ကုသခြင်း

    ယခုဖော်ပြထားတဲ့ အချက်အလက်တွေကို ဆေးပညာဆိုင်ရာကျွမ်းကျင်သူရဲ့ အကြံပေးချက်တွေမှာ အစားထိုးရန် မသင့်တော်ပါဘူး။ ဆက်လက်သိရှိလိုတဲ့ အချက်အလက်တွေအတွက် သင့်ဆရာဝန်နဲ့သာ အမြဲတိုင်ပင်ဆွေးနွေးပါ။

    Osteitis fibrosa cystica ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ဆရာဝန်က သင့်မှာသတ္တုဓါတ်မညီမျှနေကြောင်း သံသယရှိရင် သွေးစစ်ကြည့်ပါလိမ့်မယ်။ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ PTH နဲ့ အရိုးကျန်းမာရေးကိုညွှန်ပြနိုင်တဲ့ alkaline phosphatase လယ်ဗယ်တွေကို စစ်နိုင်ပါတယ်။

    ဓါတ်မှန်ကလည်း ကျိုးတာတွေ၊ အရိုးပါးတဲ့နေရာတွေကို ဖော်ပြပေးနိုင်ပါတယ်။ သည်လိုပုံရိပ်ဖော်စစ်ဆေးတာတွေက အရိုးကောက်တာ၊ ပုံပျက်နေတာတွေကိုပါ ဖော်ပြနိုင်ပါသေးတယ်။ ဟိုက်ပါပါရာသိုင်းရွိုက်ရောဂါ ရှိနေတယ်ဆိုရင် အရိုးပွနိုင်တဲ့အန္တရာယ် များနေပါပြီ။ ဒါတွေက များသောအားဖြင့် သွေးဆုံးတာ၊ အသက်ကြီးတာတို့လို ဟော်မုန်းပြောင်းလဲတာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

    Osteitis fibrosa cystica ကို ဘယ်လိုကုသလဲ။

    ပါရာသိုင်းရွိုက်ဂလင်းတစ်ခု မူမမှန်တာနေဖြစ်လာတဲ့ Osteitis fibrosa cystica ဆိုရင် အကောင်းဆုံး ကုသမှုမှာ ခွဲစိတ်ဖယ်ရှားပစ်ခြင်းပဲဖြစ်ပါတယ်။ ဒီလုပ်ထုံးကို အန္တရာယ်ကင်းကင်း အာနိသင်ရှိရှိနဲ့ ပြုလုပ်နိုင်ပါတယ်။ ကျန်နေတဲ့ဂလင်းတွေကနေ PTH ကို လုံလုံလောက်လောက် ဆက်ထုတ်ပေးနိုင်ဦးမှာပါ။

    ခွဲစိတ်လို့မရဘူး သင်ကလည်းမခွဲချင်ဘူးဆိုရင်တော့ ဆေးတွေနဲ့လည်း သင့်အခြေအနေကို ထိန်းလို့ရပါတယ်။ Calcimimetics ဆိုတဲ့ဆေးတွေက သွေးထဲကကယ်လ်စီယမ်နဲ့တူတဲ့ ဆေးတွေပါ။ သူတို့က ပါရာသိုင်းရွိုက်ဂလင်းတွေကို PTH မထုတ်အောင် လှည့်စားပါလိမ့်မယ်။ အရိုးဒြပ်ထု နည်းလာတဲ့သူတွေမှာ Bisphosphonate ကိုပေးကြပေမယ့် သူတို့တွေကို ရေတိုသာ သုံးလို့ရပါမယ်။

    ဟော်မုန်းအစားထိုးကုထုံးကတော့ သွေးဆုံးတော့မယ့် အမျိုးသမီးတွေမှာ အရိုးတွင်းကယ်လ်စီယမ်တွေကို ထိန်းသိမ်းဖို့ အကူအညီဖြစ်စေပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Osteitis fibrosa cystica ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံတွေနဲ့အိမ်သုံးကုထုံးတွေက သင့်အနေနဲ့ Osteitis fibrosa cystica ကိုကုသတဲ့နေရာ၊ လိုက်လျောညီထွေဖြစ်အောင်လုပ်တဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါလိမ့်မယ်။

    • အရိုးခွန်အားတိုးတက်စေဖို့ ဆေးတွေကိုသောက်ပါ။
    • အလေးမတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ
    • ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီစားနှုန်းကို တိုးမြှင့်ပေးပါ။

    တစ်ကယ်လို့သင့်ဆီမှာ မေးချင်တာတွေရှိနေတယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ရာအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာဆိုင်ရာ အကြံပေးခြင်း၊ ရောဂါအမည်တပ်ခြင်း သို့မဟုတ် ကုသမှုပေးခြင်းများကို ဆောင်ရွက်မပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/12/2019 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။