backup og meta

Cervical Spondylosis (လည်ပင်းကျီးပေါင်း)

Cervical Spondylosis (လည်ပင်းကျီးပေါင်း)

Cervical Spondylosis (လည်ပင်းကျီးပေါင်း) အကြောင်း လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Spondylosis (လည်ပင်းကျီးပေါင်း) ကဘာလဲ။

လည်ပင်းရိုးထိခိုက်ရောင်ရမ်းခြင်းတစ်မျိုးဖြစ်ပြီး အသက်အရွယ်နဲ့ဆိုင်တဲ့ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဇက်ကျောရိုးမကြီးမှာရှိတဲ့ အရွတ်နဲ့ အရိုးတွေထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ အသက်အရွယ်အလိုက်ဖြစ်ပေမယ့် တချို့သော ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေကြောင့်လည်း ဖြစ်နိုင်ခြေများနိုင်ပါတယ်။ တချို့အတွက်တော့ နာတာရှည်ပြင်းထန်စွာ ဇက်တောင့်ခြင်း၊ နာခြင်း၊ ကိုက်ခဲခြင်းများဖြစ်နိုင်ပြီး အများစုကတော့ ပုံမှန်နေ့စဉ်အလုပ်တွေကို အနှောင့်အယှက်မရှိ လုပ်နိုင်ပါတယ်။

Cervical Spondylosis (လည်ပင်းကျီးပေါင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက် ၆၀ ကျော်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး တချို့ကတော့ လုံးဝလက္ခဏာမခံစားရပါဘူး။

အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Cervical Spondylosis (လည်ပင်းကျီးပေါင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများစုကလက္ခဏာမခံစားရတတ်ပါဘူး။ ခံစားရမယ်ဆိုရင်လည်း လက္ခဏာတွေကတော့ ရုတ်တရတ် ဒါမှမဟုတ် ဖြည်းဖြည်းချင်းပေါ်လာနိုင်ပြီး သာမန်ကနေ ပြင်းပြင်းထန်ထန်ထိရှိနိုင်ပါတယ်။

လူသိများတဲ့လက္ခဏာတစ်ခုကတော့ ပုခုံးရိုးတလျှောက်နာကျင်ခြင်းဖြစ်တယ်။ လက်မောင်းနဲ့ လက်ချောင်းတွေထိ နာကျင်နိုင်ပါတယ။်

  • မတ်တပ်ရပ်လိုက်ခြင်း
  • ထိုင်လိုက်ခြင်း
  • နှာချေခြင်း
  • ချောင်းဆိုးခြင်း
  • ခေါင်းမော့ခြင်း တွေကြောင့် နာကျင်မှုပိုဆိုးနိုင်တယ်။

တခြားလက္ခဏာကတော့ ကြွက်သားများအားနည်းခြင်းဖြစ်တယ်။ ကြွက်သားများအားနည်းခြင်းကြောင့် လက်မြှောက်ခြင်း၊ အရာဝတ္ထုများကိုခိုင်မြဲစွာဆုပ်ကိုင်ရာမှာ အခက်အခဲဖြစ်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

တခြားလက္ခဏာတွေကတော့ –

ဇက်တောင့်ခြင်း – တဖြေးဖြေးပိုဆိုးလာတတ်တယ်။

ခေါင်းကိုက်ခြင်း – များသောအားဖြင့် ခေါင်းနောက်ပိုင်းမှာဖြစ်တတတ်တယ်။

ပုခုံး၊ လက်မောင်းတို့မှာထုံခြင်း၊ ကျဉ်ခြင်း၊ – ခြေထောက်မှာလည်းဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Cervical Spondylosis (လည်ပင်းကျီးပေါင်း)ကို ဘာတွေက ဖြစ်စေသလဲ

လည်ပင်းမှာရှိတဲ့ အရိုးနဲ့အရွတ်တွေ ထိခိုက်ပွန်းမိတဲ့အခါ ထိုရောဂါဖြစ်ရပါတယ်။ အကြောင်းအရာတွေကတော့-

အရိုးအတက်ထွက်ခြင်း

ကျောရိုးမကြီးကိုထောက်ပံ့ဖို့ ခန္ဓါကိုယ်ကနေ အရိုးအပိုများထွက်စေခြင်းဖြစ်တယ်။ ဒါပေမယ့် ထိုအရိုးအပိုပိုင်းက အာရုံကြောမကြီး၊ အာရုံကြောများကို သွားပိမိပြီး နာကျင်စေနိုင်ပါတယ်။

ကျောရိုးဆစ်ကြားရှိ အရိုးပြားများ အရည်ခမ်းခြင်း

ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားမှာ အရိုးပြားလေးတွေရှိပြီး ထိုအရိုးပြားလေးတွေက ထူထဲကာ အလေးမခြင်း၊ လိမ်ခြင်း နဲ့ တခြားလှုပ်ရှားမှုတွေကြောင့်ဖြစ်လာတဲ့ အားကို စုပ်ယူပေး၊ ခံထားပေးပါတယ်။ ထိုအရိုးပြားများအတွင်းရှိ ဂျယ်လ်ပုံစံ ပစ္စည်းတစ်မျိုးဟာ အချိန်ကြာလာတဲ့အခါ ခမ်းခြောက်သွားတယ်။ ထိုအခါ ကျောရိုးဆစ်များ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိပြီး နာကျင်ခြင်းဖြစ်စေပါတယ်။

အရိုးပြားကျွံခြင်း

အရိုးပြားများ ကွဲအက်သွားပြီး အတွင်းရှိပစ္စည်းများ ထွက်လာကာ အာရုံကြောမကြီးနဲ့ တခြားအာရုံကြောငယ်လေးတွေကို ဖိမိခြင်းကြောင့် ထုံခြင်း၊ ကျဉ်ခြင်းများ ဖြစ်လာစေပါတယ်။

ထိခိုက်မှု

ယာဉ်မတော်တဆ သို့မဟုတ် အမြင့်မှ ပြုတ်ကျခြင်းကြောင့် လည်ပင်း ထိခိုက်မှု တစ်ခုခု ဖြစ်သွားပါက ရောဂါရနိုင်ခြေ များပါတယ်။

အရွတ်များတောင့်တင်းမှု

ကျောရိုးမကြီးမှ အရိုးဆစ်များ တစ်ခုနဲ့တစ်ခု ဆက်ထားသော အရွတ်တွေက အသက်ကြီးလာတာနဲ့အမျှ တောင့်တင်းလာပြီး လည်ပင်းလှုပ်ရှားမှုအပေါ် သက်ရောက်ကာ ဇက်တောင့်စေတတ်ပါတယ်။

အသုံးများခြင်း

အလေးပင်မခြင်းကဲ့သို့ အလုပ်များ၊ ဒါမှမဟုတ် တချို့သော ဝါသနာပါက အလုပ်များကြောင့် ထပ်ကာထပ်ကာ လှုပ်ရှားနေရပါက ကျောရိုးမပေါ်တွင် ဖိအားများစေပြီး စောစီးစွာ ထိခိုက်ပျက်စီးစေပါတယ်။

ဖြစ်နိုင်ခြေများ

လည်ပင်းကြီးပေါင်းဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အဓိကအချက်ကတော့ အသက်ကြီးလာခြင်း ဖြစ်တယ်။ အသက်ကြီးလာတာနဲ့အမျှ လည်ပင်းအရိုးအဆစ်တွေ ပြောင်းလဲလာပြီး cervical spondylosis ဖြစ်လာရပါတယ်။ အဆစ်ကြား အရိုးပြားထိခိုက်ခြင်း၊ ကျွံခြင်း၊ အရည်ခမ်းခြင်း၊ အရိုးအတက် ထွက်ခြင်းတွေကြောင့်လည်း ဖြစ်တတ်ပြီး အောက်ပါအချက်တွေကြောင့်လည်း ရောဂါရနိုင်ခြေ များပါတယ်။ –

  • လည်ပင်းထိခိုက်ခြင်း
  • အလေးပင် မရသော အလုပ်များ
  • ပုံစံမမှန်သော အနေအထားတွင် အချိန်ကြာရှိခြင်း သို့ လည်ပင်းလှုပ်ရှားမှု ထပ်ကာထပ်ကာ လုပ်ရခြင်း
  • မျိုးရိုးဗီဇ
  • ဆေးလိပ်သောက်ခြင်း
  • ကိုယ်အလေးချိန် များခြင်း၊ လှုပ်ရှားမှုနည်းခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်ပါ။

လည်ပင်းကျီးပေါင်းကို ဘယ်လိုအတည်ပြုပါသလဲ

တကယ်လို့သင့်မှာ ဒီရောဂါရှိနေတယ်လို့ ဆရာဝန်က သံသယရှိပါက ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့ တခြားစစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ လုပ်လေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့ အလိုအလျောက်တုံ့ပြန်စွမ်း စစ်ဆေးခြင်း၊ ကြွက်သားများ အားနည်းခြင်း ရှိ၊မရှိ စစ်ဆေးခြင်း၊ အာရုံခံနိုင်စွမ်း စစ်ဆေးခြင်း၊ လည်ပင်းလှုပ်ရှားနိုင်စွမ်း စစ်ဆေးခြင်းတို့ ဖြစ်တယ်။ သင့်လမ်းလျှောက်ပုံကိုလည်း စစ်ဆေးပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေအားလုံးက သင့်အာရုံကြောမကြီးနဲ့ တခြားအာရုံကြောတွေကို ဖိအားသက်ရောက်မှု ခံနေရခြင်း ရှိ၊ မရှိ သိရှိစေပါလိမ့်မယ်။

တခြားစမ်းသပ်မှုတွေကတော့ –

  • ဓါတ်မှန် – အရိုးအတက်ထွက်ခြင်းနဲ့ တခြားပုံမှန်မဟုတ်ခြင်းတို့ကိုသိနိုင်တယ်။
  • စီတီရိုက်ခြင်း – လည်ပင်း၏ပုံရိပ်များကိုအသေးစိတ်ဖော်ပြတယ်။
  • သံလိုက်ဓါတ်မှန် – ရေဒီယိုလှိုင်းနဲ့ သံလိုက်စက်ကွင်းကိုသုံးကာ ထိခိုက်နေသော အာရုံကြောတည်နေရာကိုရှာနိုင်တယ်။
  • Myelogram – ဆိုးဆေးတစ်မျိုးထိုးကာ ကြောရိုးမကြီးရဲ့ လိုချင်တဲ့နေရာကို အသားပေးဖော်ပြတယ်။ ထိုနေရာရဲ့ အသေးစိတ်ပုံရိပ်ကိုတော့ စီတီဖတ်ခြင်း သို့ ဓါတ်မှန်ရိုက်ခြင်းဖြင့်သိနိုင်ပါတယ်။
  • EMG – ကြွက်သားများဆီသို့ အချက်ပြမှုများပို့ဆောင်ရာမှာ အာရုံကြောများလုပ်ဆောင်မှုပုံမှန်ရှိမရှိစစ်ဆေးပါတယ်။

လည်ပင်းကျီးပေါင်းကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ နာကျင်ခြင်းသက်သာစေရန်၊ ထာဝရမပျက်စီးသွားဘဲ ပုံမှန်ဘဝကိုပြန်ရောက်နိုင်ရန် ရည်ရွယ်ပါတယ်။ ခွဲစိတ်စရာမလိုဘဲ အာနိသင်ရှိတဲ့ နည်းတွေအမျိုးမျိုးရှိပါတယ်။

  • လေ့ကျင့်ခန်းလုပ်ခြင်း – လည်ပင်းကြွက်သားများ၊ ပုခုံးကြွက်သားများဆန့်ခြင်းကုထုံးဟာ ကြွက်သားများသန်မာစေပြီး နာကျင်မှုသက်သာစေတယ်။ အလေးတုံးများသုံးကာ လည်ပင်းဆွဲခြင်းဖြင့် လည်ပင်းအရိုးဆစ်များတစ်ခုနဲ့တစ်ခုကြားနေရာရပြီး အရိုးပြားနဲ့ အာရုံကြောအမြစ်ပေါ်ဖိအားသက်ရောက်ခြင်းကို သက်သာစေပါတယ်။
  • ဆေးဝါးကုသမှု – သာမန်ဝယ်ယူရသောဆေးများဖြင့် အဆင်မပြေပါက အောက်ပါဆေးများညွှန်းပါလိမ့်မယ် –

ကြွက်သားများဖြေလျော့ဆေး – cyclobenzaprine

နာကျင်မှုသက်သာစေသောဆေးများ – Narcotics

အာရုံကြောများထိခိုက်ခြင်းကြောင့်ရသည့် နာကျင်မှုသက်သာစေရန် – Anti-epileptic drugs

တစ်ရှူးများ ရောင်ရမ်းခြင်းကိုသက်သာပြီး နာကျင်မှုလျော့စေသောစတီးရွိုက်ထိုးဆေး – prednisone

  • ခွဲစိတ်မှု

ရောဂါပြင်းထန်ပြီး တခြားကုသမှုများ အဆင်မပြေပါက ခွဲစိတ်ရန် လိုနိုင်ပါတယ်။ အရိုးအတက်ထွက်ခြင်း၊ အရိုးပြားကျွံခြင်းတို့မှာခွဲစိတ်ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် ခွဲဖို့မလိုတာ များပါတယ်။ အရမ်းနာကျင်နေရင်၊ လက်လှုပ်ရှားမှုတွေပါ ထိခိုက်လာရင် ထိုအချိန်တွေမှ ခွဲဖို့အကြံပြုတတ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

  • ရောင်ရမ်းနေသောကြွက်သားများ နာကျင်မှု သက်သာစေရန် ရေနွေးအိတ် သို့ ရေခဲအိတ် ကပ်နိုင်ပါတယ်။
  • ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် အမြန်သက်သာစေနိုင်တယ်။
  • ယာယီသက်သာဖို့အတွက် လည်ပင်းအပတ် ပတ်ထားနိုင်ပေမယ့် အချိန်ကြာပတ်ထားပါက ကြွက်သားများ အားနည်းသွားစေနိုင်ပါတယ်။
  • တခြားသိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံး အဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။

ရေးသားသူ – Dr.Aye Myat Myat Noe

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cervical spondylosis. http://www.webmd.com/osteoarthritis/guide/cervical-osteoarthritis-cervical-spondylosis#1 . Accessed December 28, 2016.
Cervical spondylosis . http://www.mayoclinic.org/diseases-conditions/cervical-spondylosis/basics/definition/con-20027408 . Accessed December 28, 2016.
Cervical spondylosis . http://www.healthline.com/health/cervical-spondylosis#HomeTreatment8

ယခုပုံစံ

23/01/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဇက်ရိုးကျီးပေါင်း- ဦးနှောက်၊ ကျောရိုးရှိအာရုံကြောမကြီးနဲ့ အာရုံကြောပုံမမှန်မှုများ

လည်ပင်းကျီးပေါင်းတက်သူများတွင် ကုသမှုများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 23/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement