backup og meta

kinesio တိပ်တွေက ညို့သကျည်းနာကျင်ခြင်းကို ကုသပေးနိုင်တယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    kinesio တိပ်တွေက ညို့သကျည်းနာကျင်ခြင်းကို ကုသပေးနိုင်တယ်

    ညို့သကျည်းနာကျင်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုးနဲ့ကြွက်သားဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ညို့သကျည်းနာကျင်ခြင်းဟာ ပြင်းထန်လေ့မရှိပေမယ့် မကုသဘဲ ဖာသိဖာသာ ထားမယ်ဆိုရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာကို ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။

    ဒါကြောင့် ညို့သကျည်းနာကျင်ခြင်းကို ခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်တဲ့ အဖြေတခုဖြစ်တဲ့ kinesio တိပ်အကြောင်း ဖတ်ကြည့်လိုက်ကြရအောင်။

    ညို့သကျည်းရိုးနာကျင်ခြင်း

    ညို့သကျည်းရိုးနာကျင်ခြင်းဟာ အများအားဖြင့် အားကစားလေ့ကျင့်ခန်းတွေ လုပ်ခြင်းနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကခုန်ခြင်း၊ပြေးခြင်း အစရှိတဲ့ ကိုယ်လက်လှုပ်ရှားမှု အများအပြားပြုလုပ်သူတွေမှာ ညို့သကျည်းရိုးနာကျင်ခြင်း ခံစားရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအစီအစဉ် ရုတ်တရက်ပြောင်းလဲလိုက်တဲ့ အားကစားသမားတွေမှာလည်း ဒီပြဿနာကို တွေ့ရလေ့ရှိပါတယ်။

    ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းစတင်ပြုလုပ်တဲ့အချိန်မှာလည်း ညို့သကျည်းရိုးနာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ လေ့ကျင့်ခန်းစတင်ပြုလုပ်အပြီးမှာ ညို့သကျည်းရိုးရဲ့ အတွင်းဖက်က နာကျင်မှုကို ခံစားရမှာပါ။ လေ့ကျင့်ခန်းဆက်လက်လုပ်ဆောင်တဲ့အခါ နာကျင်မှုဟာ သက်သာလျော့ပါးသွားမှာဖြစ်ပြီး နားလိုက်တဲ့အခါ တဖြည်းဖြည်း ပိုဆိုးလာမှာ ဖြစ်ပါတယ်။

    ဒီနောက်မှာတော့ တောက်လျှောက်နာကျင်နေတာမျိုး ဖြစ်လာနိုင်ပါတယ်။ သင့်ခြေထောက်ရောင်ရမ်းလာတာမျိုးကိုလည်း ခံစားကောင်းခံစားရနိုင်ပါတယ်။ ညို့သကျည်းရိုးနာကျင်ခြင်းဟာ အများအားဖြင့် အရိုးနှစ်ချောင်းလုံးနာကျင်လေ့ရှိပါတယ်။

    ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပြဿနာကို ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ အိမ်မှာပဲ ကုသနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။

    ညို့သကျည်းရိုးနာကျင်ခြင်းကို kinesio တိပ်တွေက ဘယ်လိုကူညီနိုင်သလဲ။

    kinesio တိပ်တွေဟာ တဖြည်းဖြည်းပိုပြီး လူသုံးများလာပါပြီ။kinesio တိပ်တွေကို သင့်ညို့သကျည်းရိုးပေါ်က အရေပြားမှာ ကပ်ရမှာဖြစ်ပါတယ်။ ညို့သကျည်းရိုးနာကျင်ခြင်းကြောင့် kinesio တိပ်တွေ သုံးစွဲနေသူတွေမှာ အကိုက်အခဲပျောက်ဆေး သုံးစွဲရတဲ့ပမာဏ လျော့ကျလာတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

    သင့်ညို့သကျည်းရိုးတဝိုက်မှာရှိတဲ့ တစ်ရှုးတွေ ထိခိုက်ရောင်ရမ်းခြင်းကြောင့် နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာရတာ ဖြစ်ပြီး kinesio တိပ်တွေဟာ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တာမို့ နာကျင်မှုဝေဒနာကို သက်သာစေပါတယ်။

    ဒါ့အပြင် kinesio တိပ်တွေဟာ ညို့သကျည်းရိုးတဝိုက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း ကူညီထောက်မ ပေးတဲ့အတွက် ညို့သကျည်းရိုးကို ပိုမိုအားကောင်းသန်မာလာစေပါတယ်။ ကြွက်သားတွေကျန်းမာသန်စွမ်းလာတာနဲ့အတူ နာကျင်ခြင်းတွေ လျော့ပါးသွားပြီး ထိခိုက်ဒါဏ်ရာရရှိမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ညို့သကျည်းရိုးနာကျင်ခြင်းဟာ ပေါက်ပြဲအနာမဖြစ်စေတဲ့အတွက် သင့်အနေနဲ့ kinesio တွေကို စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

    ညို့သကျည်းရိုးနာကျင်တာ သက်သာပြီဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ။

    အောက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

    · ညို့သကျည်းတဖက်မှာပဲ နာကျင်မှုကို ခံစားရတော့ခြင်း။ ဒါ့အပြင် ဝေဒနာခံစားနေရတဲ့ ညို့သကျည်းရိုးဟာ ပုံမှန်ညို့သကျည်းအရိုးလိုပဲ သန်မာခြင်း၊တောင့်တင်းမနေခြင်း။

    · ခြေထောက်ရဲ့ ပုံမှန်လှုပ်ရှားမှုတွေ (လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်း စသည်)ကို မနာမကျင်ဘဲ ပြုလုပ်လာနိုင်ခြင်း။

    · ဆရာဝန်နဲ့တိုင်ပင်ပြီး ဓါတ်မှန်ရိုက်ကြည့်တာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

    သင့်ညို့သကျည်းရိုး ပုံမှန်အတိုင်းလုံးဝကောင်းသွားပြီလား ဆိုတာကိုတော့ အတိအကျ ပြောနိုင်မှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သုံးလကနေ ခြောက်လလောက်အထိ စောင့်ရပါမယ်။ ရာနှုန်းပြည့်မကောင်းသေးတဲ့အချိန်မှာ လေ့ကျင့်ခန်းဆက်လုပ်မယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုပဲ ဖြစ်စေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ ရေကူးခြင်း စတဲ့ အပေါ့စား ကိုယ်လက်လေ့ကျင့်လှုပ်ရှားမှုမျိုးတွေကိုတော့ ပြုလုပ်နိုင်ပါတယ်။

    ညို့သကျည်းရိုးထိခိုက်ခြင်းဟာ အပြင်းအထန် ပြေးလွှားခြင်း၊ကခုန်လေ့ကျင့်ခြင်းတွေကြောင့် ဖြစ်ပေါ်လာလေ့ရှိပြီး ခြေထောက်အောက်ပိုင်းကို နာကျင်စေပါတယ်။ ဒါပေမယ့် ဒီပြဿနာကို ရိုးရှင်းလွယ်ကူတဲ့ ကုသမှုနည်းလမ်းလေးတွေ အသုံးပြုပြီး အိမ်မှာပဲ ကုသနိုင်ပါတယ်။

    kinesio တိပ်တွေဟာလည်း အဆိုပါ နည်းလမ်းတွေထဲက တခုဖြစ်တာမို့ ရွေးချယ်သင့်တဲ့ အချက်တချက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement