backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကဘာလဲ။

အရေပြားနဲ့ ကြွက်သားများရောင်ရမ်းခြင်းဟာ ရှားပါးတဲ့ ရောင်ရမ်းခြင်းရောဂါဖြစ်ပါတယ်။ အရေပြားမှာ အင်ပျဉ်ထပြီး ကြွက်သားများ အားနည်းကာ ရောင်ရမ်းတတ်ပါတယ်။ ဒီရောဂါဟာ ကြွက်သားရောင်ရမ်းပြီး ချည့်နဲ့တဲ့ရောဂါ၃မျိုးထဲက တမျိုးဖြစ်ပါတယ်။

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူကြီးများရော ကလေးများကိုပါ ထိခိုက်နိုင်ပါတယ်။ လူကြီးတွေမှာဆိုရင် အသက် ၄၀ကျော်ကနေ ၆၀ ဝင်ခါစအချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကလေးတွေမှာဆို ၅နှစ်နဲ့ ၁၅နှစ်ကြား အများဆုံး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • အသားအရေပြောင်းလဲခြင်း။ ခရမ်းရောင် (သို့) နီညိုရောင်အကွက်များ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် မျက်နှာ၊ မျက်ခမ်း၊ လက်ဆစ်၊ တံတောင်ဆစ်၊ ဒူး၊ ရင်ဘတ်နဲ့ ကျော စတာတွေမှာ တွေ့ရတတ်ပါတယ်။ အကွက်တွေဟာ ယားယံပြီး နာကျင်ပါတယ်။
  • ကြွက်သားများအားနည်းခြင်း။ ကြွက်သားများ အားနည်းလာခြင်းဟာ ကိုယ်လုံးနဲ့ အနီးဆုံးနေရာကနေ စဖြစ်ပါတယ်။ တက်ပဆုံ၊ ပေါင်၊ ပခုံး၊ လက်မောင်းနဲ့ လည်ပင်းကြွက်သားတွေ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါ ဘယ်ညာနှစ်ခုစလုံးမှာ ဖြစ်လာပြီး တဖြည်းဖြည်း ဆိုးရွားလာတတ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကြွက်သားများ အားနည်းလာရင်၊ ဘာမှန်းမသိတဲ့ အကွက်များပေါ်လာရင် ဆရာဝန်ပြပါ။

အကြောင်းရင်းများ

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်း အတိအကျ မသိရပါဘူး။ ဒါပေမယ့် မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတွေနဲ့ ဆင်တူမှုရှိပါတယ်။ ကိုယ်ခန္ဓါရဲ့ ခုခံပစ္စည်းတွေဟာ ကောင်းမွန်တဲ့ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိခြင်း ဖြစ်ပါတယ်။ ကိုယ်ခံအားထိခိုက်မိခြင်းဟာ ဒီရောဂါကို ဖြစ်နိုင်ခြေအကြောင်းတချက် ဖြစ်ပါတယ်။ ဥပမာ ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ ကင်ဆာဖြစ်ခြင်းတို့ဟာ ကိုယ်ခံအားကို ထိခိုက်စေနိုင်ပြီး အရေပြားနဲ့ ကြွက်သားများ ရောင်ရမ်းတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာ အသက် ၄၀နဲ့၆၀ကြား၊ ကလေးတွေမှာ ၅နှစ်နဲ့ ၁၅နှစ်ကြား ကွာခြားတတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။

  • သွေးစစ်ခြင်း။ creatine kinase (CK) နဲ့ aldolase စတဲ့ ကြွက်သားထဲက အင်ဇိုင်းတွေရဲ့ ပမာဏကို စစ်ဆေးပါတယ်။ တက်နေရင် ကြွက်သားတွေ ပျက်စီးတတ်ပါတယ်။
  • ရင်ဘတ်ဓါတ်မှန်။ အရေပြားနဲ့ကြွက်သား ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေတဲ့ အဆုတ်လက္ခဏာတွေ ရှိမရှိ သိရအောင် စစ်ဆေးပါတယ်။
  • လျှပ်စစ်ငုတ်ပါတဲ့ အပ်ကလေးကို အရေပြားမှတဆင့် ကြွက်သားထဲထည့်ပြီး စစ်ဆေးပါတယ်။ ကြွက်သားကို တင်းလိုက်ချိန်နဲ့ ဖျော့လိုက်ချိန်တွေမှာ လျှပ်စစ်ဓါတ်လှုပ်ရှားမှု ပုံစံကို မှတ်တမ်းတင်ပြီး ကြွက်သားတွေ ရောဂါရှိမရှိ စစ်ဆေးပါတယ်။
  • MRI ရိုက်ခြင်း။ ကြွက်သားတွေမှာ ရောင်ရမ်းခြင်း ရှိမရှိသိနိုင်ပါတယ်။
  • အရေပြားနှင့်ကြွက်သားမှ အသားစနမူနာယူ စစ်ဆေးခြင်း။ အရေပြားကြွက်သားနဲ့ ရောဂါအတည်ပြုနိုင်ရင် ကြွက်သားနမူနာယူစရာ မလိုတော့ပါဘူး။

Dermatomyositis (အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးဝါးကုသခြင်း၊ ကာယကုသခြင်း၊ ခွဲစိတ်ထြင်း စတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ပရနီဆလုံးလို ကော်တီကိုစတီးရွိုက်ဆေးတွေကို အများစုမှာ သုံးကြပါတယ်။ သောက်ဆေးရှိသလို လိမ်းဆေးလည်း ရှိပါတယ်။ ကော်တီကိုစတီးရွိုက်ဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကိုလျော့ကျစေရာကနေ ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ခုခံပစ္စည်းတွေကို လျော့နည်းစေပါတယ်။

ကော်တီကိုစတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပမာဏများများကို ကာလကြာကြာ မသုံးသင့်ပါဘူး။ ဆရာဝန်ဟာ ဆေးပမာဏများများပေးရာကနေ တဖြည်းဖြည်းချင်း လျှော့သွားပါလိမ့်မယ်။

ကော်တီကိုစတီးရွိုက်နဲ့တင် မထိရောက်ဘူးဆိုရင် ကိုယ်ခံအားကိုလျော့ကျစေဖို့ တခြားဆေးတွေပါ ညွှန်းနိုင်ပါတယ်။

Immunoglobulin အကြောဆေး (IVIG)

ဒီရောဂါရှိရင် အရေပြားနဲ့ကြွက်သားတွေကို တိုက်ခိုက်တဲ့ ခုခံပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ Immunoglobulin ဟာ အဲဒီခုခံပစ္စည်းတွေကို တားဆီးပေးနိုင်ပါတယ်။ IVIG မှာ သွေးလှူထားတဲ့ လူထောင်ပေါင်းများစွာဆီက ရယူထားတဲ့ ခုခံပစ္စည်းတွေ ပေါင်းစပ်ထားပါတယ်။ သွေးကြောထဲကတဆင့် ပေးပါတယ်။

အခြားကုသမှုများ

ဆရာဝန်ဟာ အောက်ပါနည်းလမ်းတွေကိုလည်း ညွှန်းနိုင်ပါတယ်။

  • ကာယကုသခြင်း။ ကြွက်သားတွေကို သန်စွမ်းစေပြီး ကြွက်သားတစ်သျှူးတွေ ပျက်စီးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။
  • ငှက်ဖျားဆေး။ အရေပြားက အကွက်တွေအတွက် ဟိုင်ဒရိုဆီကလိုရိုကွင်းကို ပေးပါတယ်။
  • ကယ်လ်ဆီယမ်အနည်ကျခြင်းတွေအတွက် ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။
  • အကိုက်အခဲပျောက်ဆေးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရေပြားနှင့်ကြွက်သားများရောင်ရမ်းခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • မိမိကျန်းမာရေး အခြေအနေကို သိပါ။ မိမိရဲ့ မကျန်းမာခြင်း၊ ရောဂါရှာဖွေခြင်း၊ ကုသခြင်းတွေနဲ့ ပတ်သက်ရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ ဝန်မလေးပါနဲ့။
  • ကုသမှုအစီအစဉ်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ ရောဂါအခြေအနေနဲ့ ပတ်သက်ပြီး။ ဆရာဝန်ကို အမြဲပြောပြနေရပါမယ်။
  • တက်ကြွစွာနေပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြွက်သားတွေကို သန်မာစေပါတယ်။
  • ပင်ပန်းချိန်မှာ အနားယူပါ။ လုံးဝနွမ်းနယ်သွားတဲ့အထိ မနေပါနဲ့။ နောင်မကျန်းမာချိန်မှာ ပိုပြီးထိခိုက်မှုရှိပါတယ်။
  • မိမိစိတ်ခံစားမှုကို သတိပြုပါ။ အလိုမကျခြင်းများ၊ ဒေါသများ၊ စိတ်အနှောင့်အယှက်ဖြစ်စရာများဟာ မကျန်းမာစဉ်မှာ တွေ့ရစမြဲဖြစ်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 14/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement