backup og meta

ဘာလို့ ဒူးနာသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာလို့ ဒူးနာသလဲ

    သင့်တသက်မှာ အနည်းဆုံးတခါလောက်တော့ ဒူးနာဖူးမှာ အမှန်ပါ။ ဘာလို့များ ဒူးနာရတာလဲလို့ သင်တွေးကောင်းတွေးမိမှာပါ။ ဒူးနာရခြင်း အကြောင်းရင်း အမျိုးမျိုး ရှိတဲ့အနက်က အဖြစ်အများဆုံး အကြောင်းရင်း သုံးမျိုးကို ဒီဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

    အဆစ်အမြစ်ရောင်ခြင်း

    အဆစ်အမြစ်ရောင်ခြင်း အမျိုးမျိုးရှိပြီး အောက်ပါ အမျိုးအစားတွေက ဒူးနာစေပါတယ်။

    Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)

    Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း)ကြောင့် ဒူးနာလေ့ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။

    ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ ရောင်ရမ်းတဲ့နေရာက မာနေရင် ဒါဟာ အရိုးအပိုထွက်လာလို့ဖြစ်ပြီး ပျော့နေရင်တော့ အရည်တွေစုပုံနေလို့ ဖြစ်ပါတယ်။

    Rheumatoid အဆစ်အမြစ်ရောင်ရောဂါ

    မိမိခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှုးတွေကို ပြန်တိုက်တဲ့အခါ Rheumatoid အဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ ဒီအဆစ်အမြစ်ရောင်ရောဂါဟာ ဒူးအပါအဝင် ခန္ဓါကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်ပါတယ်။

    Rheumatoid အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှုဟာ ပြင်းထန်ပြီး နာတာရှည်ဖြစ်လာနိုင်သလို ပေါ်လိုက်ပျောက်လိုက်လည်း ဖြစ်နိုင်ပါတယ်။

    ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါ

    သင့်ဒူးဟာလည်း ပိုးဝင်နိုင်ပြီး နာကျင်နီရဲဖောင်းကားလာနိုင်ပါတယ်။ အဖျားလည်း တက်နိုင်ပါသေးတယ်။ ကူးစက်ပိုးမဝင်ခင်မှာ ထူးထူးခြားခြား ထိခိုက်မိတာ၊ဒါဏ်ရာအနာတရဖြစ်တာ ဒါမှမဟုတ် တခြားပြဿနာတခုခု ဖြစ်တာမျိုး မရှိတတ်ပါဘူး။

    ဂေါက်ရောဂါ

    ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ သင့်ခန္ဓါကိုယ်က uric acid ထုတ်လုပ်တဲ့အခါ ဂေါက်ရောဂါဖြစ်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဒီအက်ဆစ်က ခရစ်စတယ်လ်အခဲလေးတွေကို အဆစ်အမြစ်တွေမှာ အနည်ထိုင်စေတဲ့အတွက်ကြောင့်ပါ။ ဂေါက်ရောဂါဟာ သင့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပစ်လိုက်နိုင်ပါတယ်။

    ဒူးဒါဏ်ရာများ

    ဒူးတဝိုက်မှာရှိတဲ့ ကြွက်သား၊အရွတ်၊အရွတ်ကြော၊အရိုး ဒါမှမဟုတ် အရိုးနုတွေမှာ ထိခိုက်ဒါဏ်ရာရရင် ဒူးနာနိုင်ပါတယ်။

    အရွတ်စုတ်ပြဲခြင်း

    ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ အရွတ်လေးခုရှိပြီး သူတို့ထဲက တခုဖြစ်တဲ့ anterior cruciate ligament (ACL) စုတ်ပြဲရင်၊အလွန်အကျွံဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။

    ဒူးအရွတ်စုတ်ပြဲတာကို ဘောလုံးသမား၊ဘတ်စကတ်ဘောကစားသမား စတဲ့ အားကစားသမားတွေမှာ အဓိကတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေဟာ ကစားနေရင်း ခန္ဓါကိုယ်ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက် ပြောင်းရတာကို အရွတ်က ခံနိုင်ရည် မရှိပါဘူး။

    အရိုးကျိုးခြင်း

    အရိုးကျိုးတာဟာလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ အမြင့်ကပြုတ်ကျခြင်း၊ယာဉ်မတော်တဆဖြစ်ခြင်း၊အားကစားလုပ်စဉ် ထိခိုက်ဒါဏ်ရာရခြင်း ဒါမှမဟုတ် ခိုက်ရန်ဖြစ်ပွားခြင်းတွေကြောင့် အရိုးကျိုးနိုင်ပြီး အရိုးကျိုးရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးခေါင်းရိုးကို ငြိမ်အောင်ထားခြင်းအားဖြင့် အရိုးကျိုးခြင်းကို ကုသနိုင်ပါတယ်။

    အရိုးနုစုတ်ပြဲခြင်း

    ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်,မပေးထားတဲ့ အရိုးနုနှစ်ခုရှိပြီး တော်ရုံထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ပေးပါတယ်။ သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှုမရှိဘဲ ကြွေးနိုင်ဆန့်နိုင်တာ ဖြစ်ပါတယ်။ ရုတ်တရက် လှုပ်ရှားမှုတွေကြောင့် အဆိုပါ အရိုးနုလေးတွေ စုတ်ပြဲသွားနိုင်ပါတယ်။

    ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ

    ဒီပြဿနာတွေကြောင့်လည်း ဒူးနာနိုင်ပါတယ်။

    ဂုံညင်းရိုးလွဲခြင်း

    ဂုံညင်းရိုးလို့ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက်ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါလက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း တို့ပဲ ဖြစ်ကြပါတယ်။

    တင်ပါး သို့မဟုတ် ခြေထောက်နာခြင်း

    တင်ပါး သို့မဟုတ် ခြေထောက်နာရင် သင်လမ်းလျှောက်တဲ့ ပုံစံပါ ပြောင်းလဲသွားနိုင်ပါတယ်။ ဖိအားတွေအားလုံးက ဒူးနှစ်ဖက်လုံးကို ညီညီမျှမျှမရောက်ရှိတဲ့အတွက် ဒူးပိုလာနိုင်ပါတယ်။

    ဒူးနာခြင်းဟာ နောက်ခံအကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အတွက် သူတို့အကြောင်းကို သိထားမယ်ဆိုရင် သင့်ရဲ့ စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်မယ့်အပြင် ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement