ခြေကျင်းဝတ်နာကျင်ခြင်းဆိုတာ ဘာလဲ။
ခြေကျင်းဝတ်နာကျင်ခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါရဲ့ အဖြစ်များဆုံး လက္ခဏာတခု ဖြစ်ပါတယ်။ ခြေကျင်းဝတ်လိမ်ခြင်း၊ခေါက်ခြင်းတို့ဖြစ်ရင် အောက်ပါလက္ခဏာတွေကို ခံစားရပါမယ်။
· နာကျင်ခြင်း။
· ခြေကျင်းဝတ် နီရဲရောင်ရမ်းခြင်း။
· လမ်းမလျှောက်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
အဆစ်အမြစ်ရောင်ရောဂါဟာ ရောင်ရမ်းနာကျင်မှုတွေကို ဖြစ်စေပြီး ခြေကျင်းဝတ်အပါအဝင် အဆစ်အမြစ်တွေကို နာကျင်စေပါတယ်။ တဖြည်းဖြည်းနဲ့ အခြေအနေဆိုးလာတဲ့အခါ အဆစ်အမြစ် အကြီးတွေပါ ထုံကျဉ်ကိုက်ခဲလို့ လာပါလိမ့်မယ်။ နောက်ဆုံးမှာ လုံးဝမလှုပ်နိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
ဘာလို့ ခြေကျင်းဝတ်နာရတာလဲ။
ခြေကျင်းဝတ်နာရခြင်းဟာ လူနာရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုဝေဒနာကို ထိထိရောက်ရောက်ကုသနိုင်ဖို့အတွက်ဆိုရင် ဘယ်အရာတွေက နာကျင်မှုကို ဖြစ်စေတာလဲဆိုတာ နားလည်အောင် လုပ်ရပါမယ်။
ထိခိုက်ဒါဏ်ရာ ရရှိခြင်းဟာလည်း အဖြစ်များဆုံး အကြောင်းရင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်မှုဝေဒနာကို ခံစားနေရတဲ့ လူနာအနေနဲ့ ထိရောက်မှန်ကန်တဲ့ ကုသမှုကို စောစီးစွာ မခံယူဖူးဆိုရင် ကြာလာတဲ့အခါ လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။
လူနာအများစုက ဒါဟာ အရေးမကြီးတဲ့ ဖြစ်နေကျပြဿနာတခုလို သဘောထားတဲ့အတွက် အိမ်မှာပဲ ဆေးမြီးတိုတွေနဲ့ ကုသလေ့ရှိကြပါတယ်။
ခြေကျင်းဝတ်နာကျင်ခြင်းကို ဖြစ်စေနိုင်တဲ့ (အရေးတယူပြုသင့်တဲ့) အကြောင်းရင်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
· အားကစားလုပ်ခြင်း : ပြင်းထန်တဲ့ အားကစားလေ့ကျင့်ခန်းတွေ လုပ်ခြင်းဟာ ခြေကျင်းဝတ်ကို နာကျင်စေပါတယ်။
· အဝလွန်ခြင်း : အဝလွန်ရင် ခြေကျင်းဝတ်က ထမ်းပိုးထားရတဲ့ အလေးချိန်ဖိအားများလာတာမို့ ခြေကျင်းဝတ်မှာရှိတဲ့ အရွတ်တွေကို ထိခိုက်စေပြီး အဆစ်အမြစ်တွေ အားနည်းလာပါတော့တယ်။
· အခြားသော ကျန်းမာရေးပြဿနာများ : ဥပမာ နှလုံးရောဂါသမားတွေမှာ ခြေကျင်းဝတ်တဝိုက် ရောင်ရမ်းမှုတွေ ဖြစ်လာတတ်ပြီး အသားရောင်ပါ အနည်းငယ် ပြောင်းလဲလာတတ်ပါတယ်။
ရောဂါလက္ခဏာများ
ခြေကျင်းဝတ်နဲ့ ခြေထောက်ဖောရောင်ခြင်း ရောဂါလက္ခဏာတွေဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေပေါ် မူတည်နိုင်ပါတယ်။
ယေဘုယျအားဖြင့် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အချက်တွေကတော့
· ဖောရောင်ခြင်း။
· ကိုယ်ဝန်ရှိခြင်း။
· ဆေးဝါးများ သုံးစွဲခြင်း။
· ခြေထောက်နှစ်ဖက်လုံးမှာ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ခြေထောက် အပေါ်ယံအရေပြားစတင် ဖောရောင်မှာဖြစ်ပြီး နာရီပိုင်းအတွင်းမှာ ခြေကျင်းဝတ်ထိ ပျံ့သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ အခြားသော သိသာထင်ရှားတဲ့ ရောဂါလက္ခဏာအချို့လည်း ပြသလာမှာ ဖြစ်ပါတယ်။
· အဆိုပါလက္ခဏာတွေကတော့-
· ရောင်နေတဲ့နေရာကို လက်နဲ့ဖိလိုက်ရင် အလွယ်တကူ ချိုင့်ဝင်သွားမှာဖြစ်ပြီး လက်ပြန်လွှတ်လိုက်တဲ့အခါ မူလရောင်ရမ်းနေတဲ့အတိုင်း တဖြည်းဖြည်းချင်းပြန်ဖောင်းလာမှာ ဖြစ်ပါတယ်။
· ရောင်နေတဲ့ ခြေထောက်မှာစီးထား/စွပ်ထားတဲ့ ဖိနပ်၊ခြေစွပ်တို့ကို ချွတ်လိုက်တဲ့အချိန်မှာ အရာတွေ ထင်ကျန်ရစ်နေတာဟာ ဖောရောင်ခြင်းရဲ့ အဓိက လက္ခဏာတခု ဖြစ်ပါတယ်။
· အရေပြားအရောင်ပြောင်းလဲခြင်းဟာလည်း သိသာတဲ့ လက္ခဏာတခု ဖြစ်ပါတယ်။ အရေပြား အရောင်ဟာ အနီဖက် အနည်းငယ်သန်းနေမှာ ဖြစ်ပြီး အဓိက ရောင်ရမ်းနေတဲ့နေရာဟာ ဘေးပတ်လည်ကနေရာတွေထက် ပိုမည်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ခြေထောက်ကို နှလုံးထက်ပိုမြင့်နေအောင် ထားပေးခြင်းအားဖြင့် နာရီအနည်းငယ်ကြာတဲ့အခါ ရောင်ရမ်းခြင်းဟာ လုံးဝသက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။
· ဂေါက်ရောဂါကြောင့်ဖြစ်တယ်ဆိုရင် ခြေမဟာ ပူနွေးနီရဲရောင်ရမ်းဖောင်းကားနေမှာ ဖြစ်ပါတယ်။ တခါတရံ သင့်အနေနဲ့ အဆစ်အမြစ်နာကျင်ခြင်းအပြင် အရေပြားပေါ်မှာ အဖုလေးတွေ ထွက်လာတာကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
· ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခြေကျင်းဝတ်တဝိုက် ဖောရောင်နိုင်ပါတယ် (အထူးသဖြင့် ကိုယ်ဝန်ငါးလ နောက်ပိုင်းမှာပေါ့)။ ဒါဟာ ကိုယ်ဝန်ဆိပ်တက်ချင်တဲ့ ကိုယ်ဝန်ဆောင်တွေမှာ ပထမဆုံး ခံစားရတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
ခြေကျင်းဝတ်နာကျင်ရင် မူလပြုလုပ်နေကျ အားကစားတွေကို ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခြေကျင်းဝတ် ပိုလှုပ်ရှားလေ ပိုနာကျင်လေ ဖြစ်မှာမို့ပါပဲ။ ဒါ့အပြင် မူလအတိုင်း လှုပ်ရှားနိုင်မှာ မဟုတ်ဘဲ တောင့်တင်းနေမှာ ဖြစ်ပါတယ်။ ခြေကျင်းဝတ်နာကျင်တဲ့အတွက် လူနာရဲ့ ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်ပုံပါ ပြောင်းလဲသွားနိုင်ပါတယ်။
အခြေအနေပိုဆိုးလာရင် ဒူး၊ပေါင်၊တင်ပါး အစရှိတဲ့ နေရာတွေကိုပါ ပျံ့နှံ့သွားနိုင်ပါသေးတယ်။ ဒါကြောင့် ခြေကျင်းဝတ်နာကျင်ရခြင်းရဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲပြဿနာတွေကို ကောင်းမွန်စွာ သိရှိနားလည်ထားမယ်ဆိုရင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကို ပိုမိုအဆင်ပြေချောမွေ့စေပါလိမ့်မယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြဖို့ လိုအပ်မလဲ။
အောက်ပါအခြေအနေတွေမှာ ဆရာဝန်နဲ့ အမြန်ပြဖို့ လိုပါလိမ့်မယ်။
· သင့်မှာ နှလုံးရောဂါ ဒါမှမဟုတ် ကျောက်ကပ်ရောဂါရှိနေပြီး ခြေကျင်းဝတ်ရောင်ခြင်းက ပိုဆိုးလာခြင်း။
· သင့်မှာ အသည်းရောဂါရှိနေပြီး ခြေကျင်းဝတ်အဆစ် ရုတ်တရက်နာကျင်လာခြင်း။
· ခြေထောက်တချောင်းလုံး နီရဲဖောရောင်နေပြီး လက်နဲ့ထိလိုက်ရင် ပူနွေးနေခြင်း။
· အဖျားတက်နေခြင်း။
· သင့်မှာ ကိုယ်ဝန်ရှိနေပြီး မထင်မှတ်ဘဲ ဖောရောင်လာခြင်း။
ဒါ့အပြင် အိမ်မှာ မိမိဖာသာကုသတာ မသက်သာခြင်း၊ရောဂါအခြေအနေ ပိုဆိုးလာခြင်းတို့ ဖြစ်ပေါ်လာရင်လည်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။
[embed-health-tool-bmi]