backup og meta

ထိခိုက်ဒါဏ်ရာတွေကို ကာကွယ်ဖို့ Kinesio တိပ်တွေကို ဘယ်လိုသုံးမလဲ

နာကျင်မှုတွေကို သက်သာစေဖို့နဲ့ ကြွက်သားအားနည်းမှုတွေကို ပြေလျော့စေဖို့အတွက် Kinesio တိပ်တွေကို အဓိကအသုံးပြုလေ့ရှိပေမယ့် ကာကွယ်တဲ့အနေနဲ့လည်း သုံးစွဲနိုင်ပါတယ်။

Kinesio တိပ်တွေကို အသုံးပြုပြီး ထိခိုက်ဒါဏ်ရာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ သိရှိစေဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

kinesio တိပ်တွေရဲ့ အကျိုးသက်ရောက်မှု

kinesio တိပ်တွေဟာ ခန္ဓါကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေကို ထောက်ပံ့ကူညီပေးခြင်းအားဖြင့် ထိခိုက်ဒါဏ်ရာတွေ ပြန်လည်ကောင်းမွန်လာအောင် အားပေးပါတယ်။ အရေပြားကို ဆွဲဆန့်ပေးတဲ့ တိပ်တွေ ကပ်ထားတဲ့အခါ သင့်အရေပြားဟာ ပြန်လည်တုံ့ပြန်မှာဖြစ်ပြီး ဒီလိုတုံ့ပြန်ခြင်းကြောင့် သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် ကပ်ထားတဲ့နေရာမှာရှိတဲ့ နာကျင်မှုအာရုံခံပစ္စည်းလေးတွေကို ဖိနှိပ်ပေးထားတာကြောင့် နာကျင်မှုဝေဒနာကို သက်သာစေပါလိမ့်မယ်။

ဒီလိုဆိုရင် သင့်ကြွက်သားတွေအနေနဲ့ လုံလောက်တဲ့ သွေးပမာဏကို ရရှိမှာ ဖြစ်ပါတယ်။kinesio တိပ်တွေဟာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ပျော့ပြောင်းမှုရှိစေပြီး လှုပ်ရှားရလွယ်ကူစေပါတယ်။

kinesio တိပ်တွေဟာ သင့်ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် ကြွက်သားများ အကြောဆွဲခြင်းကို လျှော့ချပေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကြွက်သားတွေဟာ သင့်ခန္ဓါကိုယ်ကို ပိုမိုထောက်,မ ပေးနိုင်တဲ့အတွက် ကိုယ်နေဟန်ထားကို တည်ငြိမ်စေပါတယ်။ ဒါဟာ ထိခိုက်ဒါဏ်ရာရမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

kinesio တိပ်တွေကို ဘယ်လိုကပ်မလဲ။

kinesio တိပ်တွေဟာ အခွေလိုက်လာသလို အသင့်ဖြတ်ထားပြီးသား ကြိုးမျှင်လေးတွေအဖြစ်လည်း ဝယ်ယူနိုင်ပါတယ်။ သူတို့ဟာ အလွယ်တကူ ကျုံ့နိုင်ဆန့်နိုင်တာကြောင့် အရေပြားပေါ်မှာ အခက်အခဲမရှိ ကပ်နေနိုင်ပါတယ်။

kinesio တိပ်တွေကို စနစ်တကျကပ်မယ်ဆိုရင် နှစ်ရက်ကနေ ငါးရက်အထိ ခံမှာဖြစ်ပါတယ်။kinesio တိပ်တွေဟာ ရေစိုခံတဲ့အတွက် ရေချိုးချိန်၊လေ့ကျင့်ခန်းလုပ်ချိန်တွေနဲ့ ရေကူးချိန်တွေမှာလည်း ကပ်ထားနိုင်ပါတယ်။

ဒါပေမယ့် kinesio တိပ်တွေကို ကပ်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်တော့ လိုအပ်ပါလိမ့်မယ်။

တိပ်မကပ်ခင် သင့်အရေပြားကို ပြင်ဆင်ခြင်း

သင့်အရေပြားဟာ ခြောက်သွေ့သန့်ရှင်းနေသင့်ပြီး တိပ်ကပ်မယ့်နေရာမှာ လိုးရှင်း၊ခရင်မ်၊အဆီ ဒါမှမဟုတ် မိတ်ကပ်တွေ မလိမ်းထားရပါဘူး။ တိပ်ကပ်မယ့်နေရာကို အရက်ပျံ သို့မဟုတ် အထူးပြုလုပ်ထားတဲ့ အရည်တမျိုးမျိုးနဲ့ သန့်စင်ပေးထားရပါမယ်။

သင် ရေမချိုးခင် ဒါမှမဟုတ် ရေမကူးခင် အနည်းဆုံး တနာရီလောက် ကြိုတင်ပြီး တိပ်ကပ်ထားရပါမယ်။ သင်လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ တိပ်ကပ်ချင်တယ်ဆိုရင် ချွေးတိတ်သွားတဲ့အချိန်ထိ စောင့်ရပါမယ်။

အရေပြားပေါ်မှာ အမွှေးအမျှင်အနည်းငယ်ရှိခြင်းဟာ တိပ်ရဲ့ အာနိသင်ကို ထိခိုက်မှာမဟုတ်ပေမယ့် အမွှေးထူရင် တိပ်ပြန်ခွာတဲ့အခါ နာမှာဖြစ်တဲ့အတွက် တိပ်မကပ်ခင် အဆိုပါ ဧရိယာကို ဦးစွာ အမွှေးရိတ်ထားသင့်ပါတယ်။

တိပ်မကပ်ခင် ကြိုတင်ပြင်ဆင်ခြင်း

kinesio တိပ်ဟာ တခါပဲ သုံးလို့ရတဲ့အတွက် တိပ်အသားကို တတ်နိုင်သမျှ မထိဖို့ ကြိုးစားပါ။ သင့်အနေနဲ့ kinesio တိပ်ခွေကို အသုံးပြုတယ်ဆိုရင် ကပ်ကြေးခပ်ပြတ်ပြတ်ကို သုံးပြီး တိပ်ကို ညှပ်ပါ။ မတော်တဆ တိပ်ကွာခြင်းမှ ကာကွယ်နိုင်ဖို့အတွက် တိပ်ရဲ့ထောင့်အစွန်တွေကို ဝိုင်းနေအောင် လုပ်ရပါမယ်။

တိပ်ကပ်ခြင်း

တိပ်ကို ငါးစင်တီမီတာလောက် အရင်ခွာပြီး သင့်အရေပြားပေါ်မှာ ကပ်ပါ။ ပြီးတော့မှ ကျန်တဲ့တိပ်တွေကို ဆက်ခွာပါ။ တိပ်ကို ချက်ချင်းမလွှတ်လိုက်ပါနဲ့။

ချက်ချင်းလွှတ်လိုက်ရင် တိပ်သားအချင်းချင်းပြန်ကပ်တာမျိုး ဒါမှမဟုတ် သင့်လက်မှာ ကပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တိပ်ကပ်ပြီးတဲ့အခါ တိပ်ရဲ့အလယ်လောက်ကနေ အစွန်ထိ အသာအယာပွတ်သပ်ပေးပါ။

ဒီလိုလုပ်ပေးခြင်းကြောင့် အရေပြားမှာ တိပ်တွေ ပိုမိုလွယ်ကူစွာ ကပ်နေနိုင်ပြီး ကွာကျခြင်းကနေ ကာကွယ်ပေးပါတယ်။

တိပ်ကို အရေပြားပေါ်မှာ ကပ်နေအောင် ထိန်းသိမ်းထားခြင်း။

တိပ်တွေ ရေစိုနေရင် မကွာကျစေဖို့အတွက် သဘက်လေးနဲ့ သုတ်တာမျိုး ဒါမှမဟုတ် တိပ်ရဲ့ အလယ်လောက်ကနေစတင်ပြီး အသာအယာ ဖိပွတ်တာမျိုး ပြုလုပ်ပေးရပါမယ်။ အပူဟာ တိပ်တွေကို ပိုကပ်သွားစေနိုင်တာမို့ ဆံပင်မှုတ်တဲ့ hair dryer တွေကို မသုံးသင့်ပါဘူး။

တိပ်ပြန်ခွာခြင်း

အမွှေးအမျှင်တွေပေါက်တဲ့ လမ်းကြောင်းအတိုင်း အလိုက်သင့်လေးပြန်ခွာပါ။ ဒီလိုမှမဟုတ်ရင် အရမ်းနာပါလိမ့်မယ်။ တိပ်ဟာ ကပ်နေတုန်းဆိုရင် တိပ်ကိုပြန်မခွာခင်မှာ ဟင်းသီးဟင်းရွက်ဆီတမျိုးမျိုး ဒါမှမဟုတ် အရည်တမျိုးမျိုးကို အရင်လိမ်းပေးရပါမယ်။

Kinesio တိပ်တွေဟာ သွေးလည်ပတ်မှုနဲ့ ပြန်ရည်စီးဆင်းမှုတို့ကို တိုးတက်ကောင်းမွန်စေတဲ့အတွက် ထိခိုက်ဒါဏ်ရာရမှုတွေကို ကာကွယ်ပေးတဲ့အပြင် သင့်လှုပ်ရှားသွားလာမှုတွေကို ထိခိုက်စေခြင်း မရှိဘဲ ကြွက်သားတွေကိုလည်း ကျန်းမာသန်စွမ်းစေပါသေးတယ်။

ဒါပေမယ့် Kinesio တိပ်တွေကို စနစ်တကျ ကပ်ဖို့အတွက် တတ်ကျွမ်းနားလည်သူတွေရဲ့ အကူအညီလိုအပ်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. How to Apply Kinesiology Tape. http://www.theratape.com/education-center/how- to-apply-kinesiology-tape/. Accessed January 17, 2017.
  1. Lemos TV, Albino ACG, Matheus JPC, Barbosa A de M. The Effect of Kinesio Taping in ForwardBending of the Lumbar Spine. Journal of Physical Therapy Science. 2014;26(9):1371-1375.doi:10.1589/jpts.26.1371.
  1. Kinesiology athletic tape. http://www.webmd.boots.com/fitness-exercise/guide/kinesiology-athletic-tape. Accessed January 17, 2017.

ယခုပုံစံ

09/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement