backup og meta

ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ ဘယ်လိုသက်သာအောင်လုပ်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆင်တုပ်ကွေးက ချန်ရစ်ခဲ့တဲ့ အဆစ်နာ ဘယ်လိုသက်သာအောင်လုပ်မလဲ

    တုပ်ကွေးတို့ရဲ့ သဘာဝကိုက တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားတယ်၊ တုပ်ကွေးကွေးတယ်ပေါ့။ ပျောက်ပြီဆို အကုန်သက်သာသွားတာပဲ။ ဒါပေမယ့် ဆင်တုပ်ကွေးဖြစ်ထားတာ သက်သာလားလို့မေးလိုက်ရင် အဆစ်အမြစ်တွေနာနေတုန်း၊ ကိုက်ခဲနေတုန်းပဲ။ လမ်းလည်းသိပ်မလျှောက်နိုင်၊ ပစ္စည်းတွေတောင် လက်က မြဲအောင်မကိုင်နိုင်ဘူးလို့ဆိုတဲ့ စကားတွေ ကြားရပါတယ်။ တကယ်တော့ လူကနေပြန်ကောင်းနေပါပြီ၊ ဒီဝေဒနာတွေက မပျောက်သေးဘူး၊ အလုပ်ကောင်းကောင်းမလုပ်နိုင်အောင် ခံစားနေရတုန်းပဲလား။

    ဒီလိုနာကျင်ကိုက်ခဲမှုတွေ ဘာလို့ဖြစ်ရတာလဲ

    Chikungunya လို့ခေါ်တဲ့ ဆင်တုပ်ကွေးကိုခြင်ကတဆင့် ကူးစက်ရရှိတာပါ။ အခုလိုနာကျင်ကိုက်ခဲရတာကရောဂါပိုးကို ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က တုံ့ပြန်တိုက်ခိုက်နေတဲ့ရလဒ်ဖြစ်ပါတယ်။ ဒီလိုခုခံတဲ့အခါ ခန္ဓါကိုယ်ရဲ့ဆဲလ်တွေကိုပါ ရောဂါပိုးနဲ့အတူရောပြီး တိုက်ခိုက်တာကြောင့်ဖြစ်ပါတယ်။ အဲဒီအခါ တစ်ရှူးတွေရောင်ရမ်းစေပြီး ခန္ဓါကိုယ်ဆဲလ်တွေကိုထိခိုက်စေပါတယ်။ အဆစ်နဲ့ကြွက်သားတွေမှာဖြစ်တဲ့အခါ နာကျင်ကိုက်ခဲတာတွေခံစားလာရပါတယ်။ ဒီလိုဖြစ်ရင် နာကျင်ကိုက်ခဲမှုတွေအပြင် ဒူးဆစ်၊ တံတောင်ဆစ် ဒါမှမဟုတ် လက်ကောက်ဝတ်တို့မှာ အဆစ်တွေတောင့်တင်းပြီးကွေးဆန့်ရခက်လာနိုင်ပါတယ်။ရောဂါပိုးကြောင့် ပဋိပစ္စည်းတွေထွက်ရှိလာရာကနေ နောက်ဆုံးမှာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတစ်ရှူးတွေကို ထိခိုက်စေပြီး အဆစ်တွေရောင်တယ်၊ လှုပ်ရှားရခက်လာပါတော့တယ်။

    ဗိုင်းရပ်စ်ရဲ့အဆိပ်အတောက်အကြွင်းအကျန်တွေကြောင့်လည်း အခုလိုဖြစ်စေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကြောင့် အရိုးနုတစ်ရှူးတွေကို ထိခိုက်ပြီး အဆစ်တွေရောင်ရမ်းစေနိုင်တာပါ။ ဒီရောဂါပိုးကို ရရှိပြီး ရက်ပိုင်းအတွင်း သို့မဟုတ် သီတင်းပတ်နဲ့ချီပြီး နာကျင်ကိုက်ခဲမှုကိုခံစားရနိုင်ပါတယ်။ အဆစ်နာဝေဒနာဖြစ်လာတဲ့အချိန်ကျ ဗိုင်းရပ်စ်က ခန္ဓါကိုယ်ထဲမှာ မရှိတော့ပါဘူး။

    ဆင်တုပ်ကွေးကြောင့် အဖြစ်များတဲ့ အဆစ်နာတွေက

  • လက်ဆစ်တွေ၊
  • လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်၊
  • ခြေကျင်းဝတ်၊ခြေဆစ်တွေ၊ တင်ပါးဆုံရိုးတစ်စိတ်တစ်ပိုင်းတို့မှာဖြစ်တတ်ပါတယ်။
  • ဘယ်လောက်ကြာတတ်လဲ

    ဆင်တုပ်ကွေးလက်ကျန် အဆစ်နာဝေဒနာက သုံးလလောက်ထိ ခံစားရနိုင်သလို တချို့လူတွေမှာ တစ်နှစ်လောက်အထိဖြစ်တတ်ပါတယ်။

    ခန္ဓါကိုယ်က ကျန်းမာလေ၊ အားနည်းကျန်ရစ်ခဲ့နိုင်ခြေ ပိုနည်းလေဖြစ်တာမို့ ကျန်းမာအားပြည့်အောင် စားသောက်နေထိုင်တတ်သူတွေဆို သူများထက် ပိုပြီးမြန်မြန်သက်သာလာတတ်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီးဒဏ်ခံရတတ်ပါတယ်။

    ဘယ်လိုသက်သာအောင် လုပ်ရမလဲ

    အဆစ်နာဝေဒနာကြောင့် ထိခိုက်အားနည်းနေရသူတွေမှာနေ့စဉ်အလုပ်တွေတောင် အရင်လို မလုပ်နိုင်တဲ့အထိ ခံစားရနိုင်တယ်။ ဒီဝေဒနာတွေကို သက်သာဖို့က နည်းလမ်း (၃) မျိုးရှိပါတယ်။

    (၁) လေ့ကျင့်ခန်း

    နာလို့ နားနေရာကနေ အရိုးအဆစ်တွေကို သိပ်မလှုပ်ရှားဖြစ်တဲ့အခါ နာကျင်မှုက တိုးလာပါတယ်။ ညဘက်သိပ်မလှုပ်ရှားဖြစ်တော့ မနက်အိပ်ရာထတဲ့အခါ တစ်ကိုယ်လုံးပိုပြီး နာကျင်တောင့်တင်းနေရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်ပိုင်းမှာ အဆစ်အမြစ်တွေအားလုံးကို အနည်းဆုံးနှစ်ကြိမ်လောက်တော့ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။ ဒါလေ့ကျင့်ခန်းလေးတွေ ညင်ညင်သာသာလုပ်ရင် ရပါပြီ –

    • ထိုင်ခုံမှာ ထိုင်ပြီးခြေထောက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းပါ။
    • မတ်တပ်ရပ်ပြီးခြေထောက်တစ်ဖက်ချင်းစီမြှောက်ပါ။
    • မတ်တပ်ရပ်ပြီး ခန္ဓါကိုယ်တစ်ဖက်စီကို စောင်းလှည့်ပါ။
    • အလေးအပင်တွေ မ မပါနဲ့။
    • ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

    (၂) ရေခဲ

    • နာကျင်ရောင်ရမ်းနေတဲ့နေရာတွေကိုရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှုသက်သာသွားပါလိမ့်မယ်။

    (၃) အကိုက်အခဲပျောက်ဆေး

  • ဒီဝေဒနာအတွက် သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးကို ဆရာဝန်ကညွှန်းပေးလိုက်မှာပါ။
  • ဆရာဝန်ညွှန်ကြားတဲ့အမျိုးအစားနဲ့ ပမာဏကိုပဲသောက်ပါ။
  • အကိုက်အခဲပျောက်ဆေးနဲ့ ယာယီသက်သာစေနိုင်ပေမယ့် အလွန်အကျွံမသောက်သင့်ပါဘူး။
  • ကိုယ့်သဘောနဲ့ကိုယ် သောက်တာများလွန်းရင် အစာအိမ်သွေးယိုတာ၊ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။
  • သီတင်းပတ် ၃ ပတ်ထက်ကျော်ပြီး နာကျင်ကိုက်ခဲမှုတာရှည်နေရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး တိုင်ပင်သင့်ပါတယ်။
  • Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement