backup og meta

စူးစူးရှရှနာကျင်မှုများနဲ့ ကာလကြာရှည် နာကျင်မှုများ ခါးနာမှုအတွက် ကုထုံးများ


Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စူးစူးရှရှနာကျင်မှုများနဲ့ ကာလကြာရှည် နာကျင်မှုများ ခါးနာမှုအတွက် ကုထုံးများ

    နောက်ကျောနာကျင်ခြင်း၊ ခါးနာခြင်းတွေဟာ ကျောရိုးမှာ ဖြစ်နေတဲ့ ဖိအားတွေကြောင့်ဖြစ်ရတာပါ။ ဒီဖိအားတွေဟာလည်း ဒဏ်ရာရခြင်း၊ ရောဂါ ဒါမှမဟုတ် ခန္ဓါကိုယ်လှုပ်ရှားမှုမမှန်ခြင်းတွေကြောင့် ဖြစ်တာပါ။ ကျောအောက်ပိုင်း စူးစူးရှရှနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြီး ပြင်းပြင်းထန်ထန်နာကျင်တာမျိုးဖြစ်ကာ ရက်အတန်ကြာ ဒါမှမဟုတ် ရက်သတ္တပတ် အတန်ကြာပြီးမှ သက်သာလာတတ်ပါတယ်။

    ဒါပေမဲ့ ဒါကို သေချာ မကုသရင်တော့ နာတာရှည် နာကျင်မှုတွေဖြစ်နိုင်ပြီး နောက်ထပ်နောက်ထပ် စမ်းသပ်ကုသမှုတွေ အများကြီးလိုအပ်လာပါလိမ့်မယ်။

    ခါးနာခြင်းအမျိုးအစားများ

    ကျောနာခြင်း၊ ခါးနာခြင်းတွေဟာ ဒဏ်ရာရရှိမှုပမာဏတွေ ၊ ဘယ်လောက်နာကျင်ရလဲဆိုတာတွေ ဒါမှမဟုတ် ကာလဘယ်လောက်ကြာရှည် နာကျင်ခဲ့တာလဲဆိုတာတွေပေါ်မူတည်ပြီး အပျော့စားအခြေအနေကနေ ပြင်းထန်တဲ့အခြေအနေတွေထိ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

    ခါး စူးရှစာနာကျင်မှုဟာ ရုတ်တရက်ဖြစ်လာတတ်ပြိး အများအားဖြင့် ရက်အနည်းငယ် ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်လောက် ကြာမြင့်တတ်ပါတယ်။ နာကျင်မှု ရင်းမြစ်တွေဟာ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆစ်ရောင်တာတွေ ဒါမှမဟုတ် အရိုးချပ်ပြားတွေကြောင့် ဖြစ်နေတတ်ပါတယ်။

    ကာလကြာရှည် နာကျင်မှုကတော့ ၃လအထက်ကြာတဲ့ နာကျင်မှုတွေနဲ့ ၃လကျော်ကြာတာတောင် ပိုဆိုးမယ်ဆိုရင်တော့ နာတာရှည်ခါးနာခြင်းလို့ ရောဂါအတည်ပြုပါတယ်။ ဒီလို ကာလကြာရှည်ခါးနာတဲ့ လက္ခဏာရှိတဲ့ လူနာတွေဟာ နာကျင်မှုကျွမ်းကျင်သူ (pain specialist) တွေဆီကို သွားပြသင့်ပါတယ်။

    ခါးနာမှုအတွက် ကုထုံးတွေကတော့ လူနာရဲ့ ဆေးမှတ်တမ်းရာဇဝင်နဲ့ နာကျင်မှုအမျိုးအစား၊ ပြင်းထန်မှုပေါ်မူတည်ပြိး ကွဲပါတယ်။ ယေဘုယျအားဖြင့်တော့ ခါးနာမှုအများစုဟာ ခွဲစိတ်မှုတွေမလိုအပ်ဘဲ ရက်သတ္တပတ် ၆ပတ်အတွင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ လေကျင့်ခန်းလုပ်ခြင်းကလည်း ကုသမှုအစီအစဉ်တွေမှာ အမြဲတမ်း ပါဝင်လေ့ရှိပါတယ။်

    စူးစူးရှရှနာကျင်တဲ့ ခါးနာမှုတွေကို ဘယ်လိုကုသမလဲ။

    ခါးနာခြင်းကိုတော့ OTC အနာသက်သာဆေးတွေနဲ့ အိမ်တွင်းကုသမှုတွေနဲ့ အစပြုပြီး ကုသလေ့ရှိပါတယ်။

    • အနာသက်သာဆေးများ(Painkillers)

    ပါရာစီတမောဟာ အများအားဖြင့်တော့ ရှေးဦး ကုသမှုနည်းလမ်းတွေထဲက တစ်ခုပါပဲ။ အချို့သောသူတွေအတွက်တော့ non-steroidal anti- inflammatory drugs (စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေး ၊ NSAID)တွေ ဥပမာ- ibuprofen တွေက ပိုပြီး အလုပ်ဖြစ်ပါတယ်။

    ဒါပေမဲ့ အနာသက်သာဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။ အချို့ဆေးတွေဆို စွဲလမ်းစေတတ်ပါတယ်။ ဒါကတော့ သင့်ကျန်းမာရေးအခြေအနေပေါ်လည်း မူတည်ပါသေးတယ်။

    • အပူ၊ အအေးကုသမှုများ

    အချို့သူတွေကတော့ ရေပူချိုးခြင်း၊ ဒါမှမဟုတ် ပူနွေးနေတဲ့ ရေဘူးကို နာကျင်တဲ့နေရာမှာ ထားလိုက်ခြင်းက နာကျင်မှုတွေကို သက်သာစေတယ်လို့ဆိုပါတယ်။ ရေခဲကိုတော့ သင့်ခန္ဓါကိုယ်ပေါ် ဘယ်တော့မှ တိုက်ရိုက်မတင်ပါနဲ့။ အအေးလောင်ခြင်းက ပိုပြီးဖြစ်လွယ်ပါတယ်။ ခန္ဓါကိုယ်၊ အရေပြားပေါ်မတင်ခင် ရေခဲကို အဝတ်နဲ့ပတ်တာ၊ အိတ်နဲ့ထည့်ပြီး ကပ်ပေးတာက ပိုပြီး အလုပ်ဖြစ်ပါလိမ့်မယ်။

    • အနားယူပြီး အကောင်းမြင်စိတ်နဲ့သာ နေထိုင်ပါ။

    အနားယူဖို့ကြိုးစားတာကတော့ နာကျင်မှုတွေကို သက်သာစေတဲ့ သော့ချက်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်အခြေအနေကို စိုးရိမ် စိတ်ပူနေခြင်းကြောင့် ကြွက်သားတင်းခြင်းက သင့်အခြေအနေကို ပိုဆိုးစေပါတယ်။ ဖိအားတွေလျော့ကျစေဖို့ အနားယူနိုင်မယ့် နည်းလမ်းများကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

    • အိပ်စက်တဲ့ အနေအထားကို ပြောင်းလဲပါ။

    တကယ်လို့ သင်က ဘေးတစောင်းအိပ်တတ်သူဆိုရင် ခြေထောက်ကို ရင်ဘတ်ထိ ဆွဲတင်ပါ။ ပြီးရင်တော့ ခြေထောက်တွေကြားမှာ ခေါင်းဦးပါးပါးလေးတစ်ခု ထားဖို့ မမေ့ပါနဲ့။ ပက်လက်အိပ်တယ်ဆိုရင်တော့ ဒူးအောက်မှာ ခေါင်းအုံးတွေကိုထားတာက သင့်ခါးရဲ့ ပုံမှန်အကွေးကို ထိန်းသိမ်းထားရာရောက်ပါတယ။်

    • လေ့ကျင့်ခန်းတွေနဲ့ နေထိုင်မှုပုံစံများ

    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နောက်ကျောကို ကျန်းမာကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းနဲ့ ယောဂတို့လို ပုံမှန်လေ့ကျင့်ခန်းတွေက သင့်လျော်ပါတယ်။ အဓိက အချက်ကတော့ သင်စိတ်ပျော်စေမယ့် လေ့ကျင့်ခန်း၊ လှုပ်ရှားမှုကို ရွေးချယ်တာက နာကျင်မှုတွေမရှိစေဘဲ သင့်ကို သက်သာစေပါတယ်။

    • နာတာရှည်ခါးနာမှုကို ဘယ်လို ကုသမလဲ။

    တကယ်လို့များ ရက်သတ္တ၆ပတ်နဲ့အထက် ခါးနာ၊ ကျောနာခဲ့ရင် (ကာလရှည် ခါးနာမှုလို့သိပါတယ်။) ကုသမှုနည်းလမ်းတစ်ခုတည်းက သင့်ရဲ့နာကျင်မှုတွေကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးမျိုးသော ကုသမှုတွေကို လိုအပ်ပါတယ်။

    • Antidepressants

    တကယ်လို့များ အကိုက်အခဲပျောက်ဆေးတေါက အလုပ်မဖြစ်တော့ဘူးဆိုရင် သင့်ကို tricyclic antidepressants (TCA)ဆေးတွေ ညွှန်းပေးပါလိမ့်မယ်။ amitriptyline တို့လိုပေါ့။ TCAတွေက နဂိုကတေ့ စိတ်ကျရောဂါကို ကုသဖို့ ရည်ရွယ်တာပေမယ့် ကာလကြာရှည်နာကျင်မှုအချို့ကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။

    • လေ့ကျင့်ခန်းများ

    အချို့သော ရုပ်ပိုင်းဆိုင်ရာကုသမှုတွေ ဥပမာ အေရိုးဗစ်နဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေဟာ သင့်ကြွက်သားတွေကို သန်မာစေဖို့နဲ့ သင့်ရဲ့ ကိုယ်နေဟန်ထားကို တိုးတက်စေဖို့အတွက် အသုံးဝင်ပါတယ်။

    • Manual Therapy

    ဒီမှာတော့ လက်ကိုသုံပြီးကုသခြင်း( manipulation) တွေ၊ mobilization တွေနဲ့ နှိပ်နယ်ခြင်းတွေပါဝင်ပါတယ်။ ဒီကုသမှုတွေဟာတော့ ခါးနာမှုက ပြင်းထန်လွန်းပြီး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်စွမ်းတွေတောင် လျော့ကျသွားတဲ့ လူနာတွေအတွက် အသုံးဝင်ပါတယ်။

  • အပ်စိုက်ခြင်း
  • အပ်စိုက်ခြင်းကတော့ ခါးနာခြင်းကို လျော့ကျစေတယ်လို့ သက်သေတွေ ရှိနေပြီးသားပေမယ့် ဒီကုသတဲ့ ပုံစံမျိုးကို တစ်ကမ္ဘာလုံးအသုံးပြုနေတာတော့ မဟုတ်သေးပါဘူး။

    • ခွဲစိတ်ခြင်း

    ခါးနာမှုအတွက် ခွဲစိတ်ခြင်းကတော့ အခြားသောကုသမှုတွေအားလုံး အရာမထင်ဘဲ ခါးနာခြင်းကသာ အလွန်ပြင်းထန်ပြီး သင်လမ်းမလျှောက်နိုင်တော့တဲ့အခါ ဒါမှမဟုတ် သင့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့တောင် ခဲယဉ်းနေတဲ့အခါမျိုးမှသာ ညွှန်းဆိုပါတယ။်

    ဒါပေမဲ့ ခွဲစိတ်ခြင်းကလည်း ရာနှုန်းပြည့်အောင်မြင်နေတာမဟုတ်သလို ခွဲစိတ်ပြီးတဲ့နောက်မှာလည်း ခါးနာခြင်းက ကျန်ရစ်နေနိုင်ပါသေးတယ်။ ခွဲစိတ်ကုသဖို့ မဆုံးဖြတ်ခင်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ အကျိုးဆက်တွေ၊ ကောင်းကျိုးတွေကို ခွဲစိတ်ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement