backup og meta

ခါးကိုက်ခါးနာ ဝေဒနာကို မကြာခဏ ခံစားနေရပြီလား


Ye Myo Myat မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးပြဿနာ အမျိုးမျိုးကြောင့် အသက်အရွယ် မရွေး ခါးကိုက်ခါးနာ ဝေဒနာကို ခံစားရနိုင်ပါတယ်။ ရုတ်တရက်ဆိုရင် ခါးနာတာက သိပ်ပြီး စိတ်ပူစရာမကောင်းဘူးလို့ ထင်ရနိုင်ပေမယ့် ပေါ့ဆလို့တော့ မဖြစ်ဘူးဆိုတာ အသိပေးချင်ပါတယ်။

    ဘာကြောင့် ခါးနာတာလဲ။

    ခါးနာရတဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံတွေကို ပြောရမယ်ဆိုရင်

    ၁။ ထိုင်တဲ့ ပုံစံမမှန်ခြင်း

    ခါးကို ကုန်းကုန်းကြီး ထားတာ၊ တစ်နေကုန် တီဗီ၊ ကွန်ပျူတာကို အားစိုက်ကြည့်ပြီး အလုပ်လုပ်နေရတာ၊ ခါးအနေအထားကို အတည့်အတိုင်း မထားတာ၊ ဒါတွေက ကြာလာရင် ခါးရိုးရဲ့ အနေအထားကို ထိခိုက်စေပြီး ခါးကိုက်ခါးနာ ဖြစ်စေနိုင်ပါတယ်။

    ၂။ အလေးအပင်တွေ မရခြင်း

    အရမ်းလေးလွန်းတဲ့ ပစ္စည်းတွေကို မရတဲ့အခါ လက်ကိုသာမက ခါးကိုပါ အသုံးပြုရပါတယ်။ ခါးအနေအထား ပုံစံမမှန်တာနဲ့ အရိုးအဆစ်တွေကို သွားပြီးထိခိုက်စေနိုင်သလို ခါးနာစေနိုင်ပါတယ်။ အလွန်အကျွံ အားကစားလုပ်တဲ့သူတွေ၊ ရုတ်တရက် ခါးကို လှည့်စောင်းတတ်တဲ့ အကျင့်ရှိသူတွေ၊ နာရီနဲ့ချီပြီး ပင်ပန်းတဲ့အလုပ်တွေကို လုပ်ကိုင်ရတဲ့အခါမှာလည်း ခါးရိုးနာကျင်ခြင်းကို ခံစားရတတ်ပါတယ်။

    ၃။ အရိုးအဆစ်တည်ဆောက်ပုံ ချို့ယွင်းချက်ရှိတာ

    ကျောရိုးထုကြီး ဖြစ်တည်လာဖို့ဆိုတာ အရိုးငယ်လေးတွေ တစ်ခုအပေါ် တစ်ခုဆက်ပြီး ထပ်ထားရသလို ဒီအရိုးတွေကြားမှာ ရှိနေတဲ့ နေရာလွတ်ကို တစ်ရှူးဆဲလ်တွေနဲ့ ဖြည့်စွက်ပေးရပါတယ်။ တစ်ခါတလေ ဒီတစ်ရှူးတွေကို မတော်တဆထိခိုက်မိပြီး ဒဏ်ဖြစ်လာတဲ့အခါ ခါးနာခြင်းကို ဖြစ်စေနိုင်သလို မကုသဘဲ ပစ်ထားလိုက်ရင် ရောင်လာတာ၊ ကျွံကျတာ၊ စုတ်ပြဲသွားတဲ့အထိ ဖြစ်နိုင်ပြီး ခါးရိုးနဲ့ ဆက်စပ်နေတဲ့ အာရုံကြောတွေကိုပါ ကျုံ့သွားစေနိုင်ပါတယ်။

    ၄။ ခါးရိုးနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်ခြင်း

    • အဆစ်ရောင်ရောဂါ (Arthritis)

    • အရိုးပွရောဂါ (Osteoporosis)

    • ခါးရိုးမှာဖြစ်တဲ့ ကျီးပေါင်း (Spondylolisthesis)

    • ခါးအောက်ပိုင်း အာရုံကြောတွေ ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်း (Cauda Equina Syndrome)

    • ခါးရိုးမှာ တီဘီရောဂါ (Tuberculosis)

    • ခါးရိုးမှာ ကင်ဆာအကျိတ် ရှိနေခြင်း သို့မဟုတ် ကင်ဆာမဟုတ်တဲ့ အကျိတ် တစ်မျိုးမျိုး ဖြစ်နေခြင်း

    • ကျောက်ကပ်ရောဂါ

    • ကျောက်ကပ်မှာ ကျောက်တည်နေခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ခါးနာနိုင်ပါတယ်။

    ၅။ ကိုယ်ဝန်ဆောင်ခြင်း

    ကိုယ်ဝန်ဆောင်တွေမှာလည်း ခါးနာလက္ခဏာက အလွန်အဖြစ်များပါတယ်။ ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်း၊ မကြာခဏ ထိုင်နေရခြင်း စတာတွေကြောင့် ခါးနာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ခါးနာခြင်းအတွက် ရိုးရိုးအိမ်တွင်းနည်းလမ်းတွေနဲ့ ကုသပေးနိုင်ပြီး မခံမရပ်နိုင်အောင် နာလာတဲ့အချိန်မှာ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုအပ်ပါတယ်။

    အဖြစ်များတဲ့ ခါးနာ လက္ခဏာတွေ

    • ခါးအောက်ပိုင်းမှာ တဆစ်ဆစ်နဲ့ ကိုက်နေတာ

    • ခြေဖဝါးမှာ စူးကနဲ နာကျင်ခြင်း၊ တစ်ခုခု ထိုးနေသလို ခံစားရခြင်း

    • မတ်တပ်ရပ်တာနဲ့ နာကျင်မှုဝေဒနာကို ခံစားရခြင်း

    • ခါးကို ကောင်းစွာ အကွေးအဆန့် လုပ်လို့မရခြင်း စတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

    ခါးကိုက်ခါးနာခြင်းဟာ ဖြစ်တဲ့ အကြောင်းရင်းနဲ့ ဝေဒနာ အပြင်းအထန်ပေါ် မူတည်ပြီး အချိန်နာရီပိုင်းကနေ ရက်သတ္တပတ်အနည်းငယ်ထိ ကြာမြင့်နိုင်ပါတယ်။

    ခါးနာတာအပြင် ဆီးဝမ်းမနိုင်တော့တာ၊ ခြေထောက် တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ ထုံကျဉ်ခြင်း၊ အသားထဲက စူးနေခြင်း၊ ပျော့ခွေနေခြင်း၊ ညဘက်တွေမှာ ခါးနာဝေဒနာ ပိုပြင်းထန်လာခြင်း၊ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း၊ ဝမ်းဗိုက်က တဆစ်ဆစ် ကိုက်ပြီး နာကျင်နေခြင်း၊ အဖျားတက်ခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရပြီဆိုရင်တော့ အခြေအနေတွေ တွေ့ရပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေအဖြစ် သတ်မှတ်လို့ ရပြီး ဆရာဝန်နဲပ အမြန်ဆုံး ပြသကြည့်သင့်ပါတယ်။

    ခါးနာခြင်းနဲ့ ပတ်သက်ပြီး ဘာတွေစစ်ဆေးဖို့ လိုအပ်လဲ။

    အရင်ဆုံး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း အခြေအနေ၊ ခါးရိုး အကွေးအဆန့် လျင်မြန်မှု၊ ခြေထောက်ရဲ့ ထိတွေ့မှုအာရုံ၊ လျင်မြန်သွက်လက်မှု စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေက ပြင်းထန်တယ်လို့ သံသယရှိရင်တော့ သွေး၊ ဆီးစစ်ခြင်း၊ အရိုးကျိုးတာ၊ စောင်းတာ၊ အနေအထား ပုံမှန်မဟုတ်တာတွေကို စစ်ဆေးဖို့ ဓာတ်မှန်ရိုက်ခြင်း၊ CT Scan ဖတ်ခြင်း၊ MRI ရိုက်ပြီး စစ်ဆေးခြင်း၊ အရိုးတစ်ရှူးရဲ့ အခြေအနေကို အရိုး Scan ဖတ်ခြင်း၊ ခါးရိုး အာရုံကြောကို စစ်ဆေးဖို့ Electromyography (EMG) စစ်ဆေးတာမျိုး ပြုလုပ်မှာဖြစ်ပါတယ်။

    ခါးနာခြင်းအတွက် ကုသမှုနည်းစနစ်များ

    ၁။ ဆေးဝါးအကူအညီ ယူခြင်း

    စတီးရွိုက်မပါဝင်ဘဲ အရောင်ကျစေတဲ့ ဆေးတွေ  ၊ အကိုက်အခဲပျောက်ဆေး၊ ကြွက်သားနာကျင်တာအတွက် လိမ်းဆေး သို့မဟုတ် အဆီ၊ နာကျင်မှုကို သက်သာစေတဲ့ ဆေးပြင်းများ၊ တင်းပြီးနာကျင်နေတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့ သောက်ဆေး၊ စတီးရွိုက်ထိုးဆေးတွေကို လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ဆရာဝန်ကိုယ်တိုင် ညွှန်းပေးမှာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်က အကိုက်အခဲပျောက်ဆေး ဝယ်မသောက်သင့်ပါဘူး။

    ၂။ ခွဲစိတ်ကုသခြင်း

    အလွန်ပြင်းထန်တဲ့ အခြေအနေမှာမှ ခွဲစိတ်ကုသတဲ့ နည်းလမ်းကို ဆရာဝန်က ညွှန်းပေးမှာဖြစ်ပါတယ်။ အဓိက သောက်ဆေး၊ လိမ်းဆေးတွေနဲ့ မသက်သာတဲ့အခါ၊ ခါးရိုးနဲ့ ဆက်စပ်နေတဲ့ အရိုးအဆစ်တွေ၊ အရွတ်တွေ ပုံမှန်အနေအထားမဟုတ်တာကို ပြုပြင်ဖို့အတွက် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။

    ခွဲစိတ်ကုသမှုခံယူတဲ့အခါ ကောင်းမွန်တဲ့ ကုသမှုကို ပေးနိုင်တဲ့ ဆေးရုံဖြစ်စေဖို့အတွက် သေချာလေးရွေးချယ်ဖို့ လိုပါမယ်။ ခါးဆိုတာက ခန္ဓာကိုယ်ကို အကောင်းဆုံး ထိန်းမတ်ပေးတဲ့ အစိတ်အပိုင်းဆိုတော့ သေချာလေးကုသမှု ခံယူဖို့တော့လိုပါမယ်။ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပြီး ကုသမှုနာမည်ကောင်းရထားတဲ့ ဆေးရုံမျိုးဆိုရင် အဆင်ပြေတာပေါ့။ ဥပမာ အရိုးခွဲစိတ်ကုသမှုမှာ King of Bones လို့ တင်စားခံရတဲ့ ဝေ့ဌာနီ ဆေးရုံလိုမျိုးပေါ့။

    ကိုယ်တိုင်လုပ်ပေးလို့ရမယ့် အိမ်တွင်းကုထုံးများ

    ရိုးရိုး ခါးနာတာအတွက် လိမ်းဆေး၊ သောက်ဆေးတွေကို မှီဝဲနေချိန်မှာ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းနည်းလမ်းတွေ၊ တချို့သော ဘဝနေထိုင်မှုပုံစံတွေကို ပြင်ဆင်ပြောင်းလဲတာမျိုး လုပ်ကြည့်နိုင်ပါတယ်။ ဒါတွေကတော့

    • ခါးနာနေတဲ့ နေရာကို ရေနွေးဝတ်၊ ရေခဲဝတ် ကပ်ပေးခြင်း

    • လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ခါးနာခြင်း သက်သာစေမယ့် ယောဂပုံစံများ လေ့ကျင့်ခြင်း

    • လိမ်းဆေးအဆီ၊ သို့မဟုတ် သဘာဝအဆီအနှစ်တွေနဲ့ လိမ်းပြီး ခါးရိုးကို နှိပ်နယ်ပေးခြင်း

    • ဆား၊ ရေနွေးနဲ့ ရောပြီး ရေစိမ်ချိုးခြင်း

    • အရမ်း လေးပင်တဲ့ အရာဝတ္ထုတွေကို မတဲ့အခါ ခါးကို အရမ်းမကုန်းမိအောင် လက်ဖြင့် သတိထားမခြင်း

    • စာကြည့်တဲ့အခါ၊ ထိုင်တဲ့အခါ၊ အလုပ်လုပ်တဲ့အခါ ခါးကို ကုန်းနေတာမျိုး မလုပ်ဘဲ မတ်မတ်ထိုင်ခြင်း

    • ခါးမတ်မတ်ထားပြီး လမ်းလျှောက်ပေးခြင်း

    • ခါးကို သက်တောင့်သက်သာ ဖြစ်စေမယ့် ပေါ့ပေါ့ပါးပါး ဖိနပ်များ ရွေးစီးခြင်း

    • အကြောလျှော့ပေးခြင်း

    • ဆေးလိပ်၊ အရက်လျှော့သောက်ခြင်း စတဲ့ နည်းလမ်းတွေကို လိုက်နာပြီး လုပ်ကြည့်သင့်ပါတယ်။

    ခါးနာခြင်းဟာ ကျား၊ မ၊ အသက်အရွယ်မရွေး ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုး ဖြစ်ပြီး လျစ်လျူရှုသင့်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေမှာ ခါးနာဝေဒနာကို မကြာခဏ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement