backup og meta

ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းအနာဖြစ်ခြင်းကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။

    ခံတွင်းအနာ (ပါးစပ်အနာ) ဟာ ခံစားနေရတဲ့သူမှာ ကျိန်းစပ်ခြင်း၊ ကသိကအောင့်ဖြစ်ခြင်းတွေကို ဖြစ်ပေါ်တယ်။ ထို့ကြောင့် ခံတွင်းအနာဖြစ်လာရင် ဘယ်လိုသက်သာအောင် ဖြေရှင်းနိုင်မလဲဆိုတဲ့အချက်အလက်တွေကို အောက်တွင်ဖော်ပြထားတာ ဖြစ်ပါတယ်။

    ခံတွင်းအနာဖြစ်စေတဲ့ အကြောင်းအရင်းတွေကို တားဆီးပါ။

    ခံတွင်းအနာဟာ မြောက်များစွာသော အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ခံတွင်းအနာ ခဏခဏဖြစ်နေရင် အောက်ပါအချက်အလက်များကို လိုက်နာရမှာဖြစ်ပါတယ်။

    • သွားများကို ပျော့ပျောင်းသော သွားပွတ်တံနှင့် ညင်သာစွာတိုက်ပါ။ နေ့စဉ် အစားစားပြီးတိုင်း သွားကြားများကို သွားပွတ်ကြိုးနှင့် သန့်ရှင်းရေးလုပ်ဖို့ မမေ့ပါနှင့်။

    • Sodium lauryl sulfate မပါတဲ့ သွားတိုက်ဆေးကို ပြောင်းသုံးပါ။ Sodium lauryl sulfote ပါတဲ့ သွားတိုက်ဆေးဟာ ခံတွင်းအနာကို ကြိမ်ဖန်များစွာ ဖြစ်ပွားစေနိုင်ပါတယ်။

    • ကျောင်းစာ (သို့) အလုပ်မှ စိတ်ဖိစီးမှုများကို လျှော့ချပါ။ စိတ်ဖိစီးမှုရှိနေတဲ့အချိန် (သို့) စိတ်ထိခိုက်မှု ဆိုးရွားစွာရှိတဲ့ အချိန်တွေမှာ ခံတွင်းအနာဖြစ်တတ်ပါတယ်။

    မိမိရဲ့စားသောက်မှုပုံစံကို သတိပြုပါ။

    စားသောက်မှုပုံစံဟာ ခံတွင်းအနာဖြစ်ပွားခြင်းကို ပိုမိုဆိုးရွားစေနိုင်သလို ကောင်းမွန်သွားစေတာလည်း ရှိပါတယ်။ ဒါကြောင့် ခံတွင်းအနာဖြစ်နေတဲ့အချိန် ပူစပ်ပြီးအက်စစ်ဓါတ်များတဲ့ အစားအစာ၊ ငရုတ်ကောင်းနှင့် ဆိုဒါတွေ ကို ရှောင်ကြဉ်ပါ။ အချို့သော သစ်သီးဝလံများ (ဥပမာ – ရှောက်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ သဖန်းသီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ပိန္နဲသီးနှင့် စတော်ဘယ်ရီသီးဟာ ခံတွင်းအနာဖြစ်ပွားခြင်းကို လှုံ့ဆော်ပေးတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

    ဖြစ်နိုင်ရင် သင့်ရဲ့ခံတွင်းအတွင်းပိုင်းကို ဆွခြင်း (ကလိခြင်း) မပြုပါနှင့်။

    ခံတွင်းအနာဖြစ်ခြင်းဟာ ခံတွင်းအတွင်းသားပြတ်ရှခြင်း (သို့) အနာတရဖြစ်ခြင်းတို့နဲ့ ဆက်နွယ်နေပါတယ်။

    • သွားညီညာအောင် သတ္တုအထိန်းစွပ်ထားရခြင်း (သို့) သွားနှင့် မေးရိုးဆိုင်ရာကုသမှု ခံယူထားရတယ်ဆိုရင် မိမိခံတွင်း အနာတရမဖြစ်အောင် ဂရုပြုပါ။ ဖော်ပြပါသတ္ထုအထိန်းကို ဖြုတ်လိုလျှင် (သို့) သွားနှင့်မေးရိုးဆိုင်ရာ ကုသမှုမှာအဆင် မပြေရင် သင့်ရဲ့ဆရာဝန်နှင့် သေချာစွာပြသဆွေးနွေးပြီး ခံတွင်းအတွင်းပိုင်းကို ထိခိုက်ခြင်းမှကာကွယ်ရန် ခံတွင်း အတွင်းသုံး၍ရတဲ့ အဆီ (သို့) ဂျယ်လ် ကို အသုံးပြု၍ရမရ မေးမြန်းပါ။

    • ခံတွင်းအနာဟာ အံကပ်အံဝင်ခွင့်ကျမဖြစ်ရင်လည်း ခံတွင်းအနာ ဖြစ်နိုင်ပါတယ်။ အံကပ်တပ်ခြင်းကို ဘဝင်မကျစိတ်ပူရင် သင့်ရဲ့ ဆရာဝန်နှင့် အခြားနည်းလမ်းများ ရှိ/မရှိ တိုင်ပင်ဆွေးနွေးပါ။

    ဆား (သို့) မုန့်ဖုတ်ဆော်ဒါ (ဆိုဒီယမ်ဗိုင်ကာဗွန်နိတ်) ကို အသုံးပြုပါ။

    လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ ဆားကိုရေနှင့်ရောပြီး ပလုတ်ကျင်းပါ။ တစ်နေ့တာလုံး ကြိမ်ဖန်များစွာ ပြုလုပ် ပေးပါ။

    ဆားရည်အရသာကို မနှစ်သက်ရင် မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်ပါတယ်။ လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာကို ရေနွေးနှင့်ရောပြီး ပလုတ်ကျင်းပါ။

    ဖော်ပြပါ နည်းလမ်း (၂) သွယ်ဟာ ခံတွင်းအတွင်းရှိ အက်စစ်ဓါတ်နှင့် ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွား ခြင်းကို လျှော့ချပေးတဲ့အတွက် ခံတွင်းအနာကျက်စေဖို့ ထိရောက်တဲ့နည်းလမ်းများဖြစ်ပါတယ်။

    အခြားသော အိမ်သုံးကုထုံးများကို အသုံးပြုပါ။

    အထက်ဖော်ပြပါ နည်းလမ်းများနဲ့ အဆင်မပြေရင် သင့်ခံတွင်းထဲရှိ pH ပမာဏကို ပြောင်းလဲစေဖို့ လွယ်ကူရိုးရှင်းတဲ့ အိမ်သုံးကုထုံး (၃) ခုကို အသုံးပြုကြည့်ပါ။

    • နေ့စဉ် ဒိန်ချဉ်စားပေးပါ။

    • စိုစွတ်နေသော (သို့) အသုံးပြုပြီး လက်ဖက်ရည်အိတ် (teabag) ကို အနာရှိတဲ့နေရာမှာ ကပ်ထားပေးပါ။

    • ဗီတာမင် အီး ကို ခံတွင်းအနာရှိတဲ့နေရာမှာ လိမ်းပေးပါ။

    အထက်ဖော်ပြပါနည်းလမ်းများနဲ့ ခံတွင်းအနာမပျောက်ဘဲ ဆက်လက်ရှိနေရင် မိမိမသိနိုင်တဲ့အကြောင်းအရင်းများကြောင့် ဖြစ်နိုင်ပါတယ်။ အချို့သောရောဂါများအတွက် ခံတွင်းအနာဟာ ရှေးဦးရောဂါလက္ခဏာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။ ဆက်လက်သိရှိလိုသောအကြောင်းအရာများအတွက် အကြံဉာဏ်တောင်းခံခြင်း၊ ညွှန်ကြားချက်တောင်းခံခြင်းနှင့် ကုသမှုခံယူရန်တို့အတွက် သင့်ရဲ့ဆရာဝန်နှင့်ဆက်သွယ်ဆွေးနွေးရန်မတုံ့ဆိုင်းပါနှင့်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement