အီစထရိုဂျင် ဟော်မုန်းဆိုတာက အမျိုးသမီးလေးတွေအတွက် အဓိကကျတဲ့ ဟော်မုန်း တစ်မျိုးဆိုပေမယ့် အမျိုးသားတွေ ကျန်းမာရေးအတွက်လည်း တစ်ထောင့်တစ်ကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီဟော်မုန်းက နည်းလွန်းရင် မကောင်းသလို အရမ်းများနေရင်လည်း အမျိုးသားတို့မှာ ကျန်းမာရေးပြဿနာတွေကို ခံစားရတာမျိုးတွေ ရှိလာနိုင်ပါတယ်။  ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားတွေမှာ Estrogen ဟော်မုန်း ပမာဏ များနေရင် ဘယ်လို လက္ခဏာတွေ ပြလေ့ရှိလဲ! ဘယ်လို လျှော့ချလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 
 
 
 အီစထရိုဂျင်က အမျိုးသားတွေမှာ ဘာလုပ်ပေးနိုင်သလဲ!
  အီစထရိုဂျင် ဆိုတာက အမျိုးသမီးတွေအတွက် အရေးပါတဲ့ ဟော်မုန်း တစ်မျိုးပါ။ အမျိုးသမီးတွေအတွက် အရေးပါတဲ့ ဆိုပေမယ့် အမျိုးသားတွေမှာလည်း ရှိပါတယ်။ ပမာဏ အားဖြင့်တော့ နည်းတာပေါ့နော်။ ဒီဟော်မုန်းက အမျိုးသားတွေမှာ အဓိက ဘာကို တာဝန်ယူထားတာလဲ ဆိုရင်
    - လိင်စိတ်ဆန္ဒ၊ လိင်တံထောင်မတ်မှုနဲ့ သုက်ကောင်ထုတ်လုပ်တာကို ထိန်းသိမ်းပေးတာ
  - အရိုးတွေကို ကျန်းမာစေတာ
  - ကိုလက်စထ၇ရောပမာဏကို ထိန်းပြီး နှလုံးကို ကျန်းမာစေတာ
  - စိတ်ခံစားချက်နဲ့
  - အရေပြားကျန်းမာရေးအတွက် တာဝန်ယူထားပါတယ်။
  
   လိုရင်းကို ပြောရမယ်ဆိုရင် အီစထရိုဂျင်က အမျိုးသားမှာရော အမျိုးသမီးတွေမှာ ရှိပေမယ့် အမျိုးသားတွေ မှာတော့ များနေလို့ မကောင်းတဲ့ ဟော်မုန်း တစ်မျိုးပေါ့။
     အမျိုးသားတွေမှာ အီစထရိုဂျင် များနေရတဲ့ အကြောင်းအရင်း
  အမျိုးသားတွေမှာ အီစထရိုဂျင် များနေရတာက အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူနိုင်ပါဘူး။ ဖြစ်နိုင်တာတွေကတော့
    အဝလွန်ခြင်းက တက်စထရိုစတုန်းကို အီစထရိုဂျင် အဖြစ် ပြောင်းလဲပစ်နိုင်တဲ့ aromatase enzyme ရဲ့ လုပ်ဆောင်မှုတွေကို မြင့်တက်စေနိုင်တာကြောင့်ပါ။ 
  - ဟော်မုန်း ဟန်ချက်ညီမှုကို ပျက်စေနိုင်တဲ့ ပတ်ဝန်းကျင်က အရာတွေဖြစ်ကြတဲ့ BPA 
  - အချို့သော ဆေးဝါးတွေ (ဥပမာ ဆီးဆေး၊ စိတ်ကျန်းမာရေအတွက် သောက်ရတဲ့ဆေး၊ ဂျင်ဆင်း၊ ဂျင်ကိုလိုမျိုး ဓာတ်စာတွေ)
  - အသည်းရောဂါ
  - အကျိတ်တွေ
  - ဟော်မုန်းထုတ်ပေးတဲ့ လမ်းကြောင်းတလျှောက်မှာ ပြဿနာဖြစ်နေတာတွေကြောင့်ပါ။
  
 အီစထရိုဂျင် မျှခြေပျက်နေပြီလား!
  အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင် မျှခြေပျက်နေပြီဆိုရင် အခုလိုမျိုး အမျိုးမျိုးသော လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဒါတွေကတော့
  - မျိုးအောင်ဖို့ ခက်ခဲတာ
  - လိင်စိတ် နည်းလာတာ
  - လိင်တံထောင်မတ်နိုင်စွမ်း ကျဆင်းတာ
  - ရင်သားတွေ ကြီးလာတာ
  - ကြွက်သားတွေ သိမ်လာတာ
  - အမွေးအမျှင်တွေ ပါးလာတာ ဒါမှမဟုတ် မထွက်တော့တာ
  - လူပျိုဖော်ဝင်စအရွယ်တွေမှာဆိုရင် အရပ်မထွက်တာ၊ လူပျိုဖော်ဝင်တာ နောက်ကျတာ၊ ဝှေးစေ့နဲ့ လိင်တံတွေ မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်။
  
    အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့
  အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့ ဆိုတော့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်နော်။ 
  - ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
  
   အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်း များနေတဲ့အခါ နေ့စဉ် စားသောက်မှုမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတာတွေကို ပါဝင်အောင် စားသုံးဖို့ လိုသလို အဆီနည်းတဲ့ ပရိုတင်း၊ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေနဲ့ ပဲအမျိုးမျိုးတို့ကိုလည်း ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ 
  - လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
  
 ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်ပေးတာက အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်း လျော့ကျစေဖို့ ထောက်ကူပေးပါတယ်။ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကိုယ်အလေးချိန်ကို ကျစေတဲ့အတွက် အဝလွန်တာကြောင့် အီစထရိုဂျင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုလေး ပုံမှန် လုပ်ဖြစ်အောင် ဂရုစိုက်ပါ။
 
  - စိတ်ဖိစီးမှုကို ဖြေလျော့ပါ
  
 စိတ်ဖိစီးမှုကို ဖြေလျော့တာက အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ စိတ်ဖိဖစီးမှု များလေလေ ကော်တီစော ထွက်ရှိမှု များလေလေပါ။ ဒီအခြေအနေက ဟော်မုန်းတွေကို ပုံမှန် ထိန်းညှိဖို့ မလွယ်ဘဲ အီစထရိုဂျင် များလာပါတော့တယ်။ ဒါကြောင့် အီစထရိုဂျင်ကို လျှော့ချချင်တယ်ဆိုရင် စိတ်ဖိစီးမှုကို ဖြေလျော့ပါ။
 
  ကိုယ်အလေးချိန် ထိန်းညှိတာက အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်းကို ထိန်းညှိပြီးသား ဖြစ်ပါတယ်။ ကိုယ်တွင်းမှာ အဆီများလာလေလေ အီစထရိုဂျင် ဟော်မုန်းကလည်း များလာလေလေပါ။ ဒါကြောင့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီး ကိုယ်အလေးချိန်ကိုရော အီစထရိုဂျင် ဟော်မုန်း ပမာဏကိုပါ ထိန်းညှိလိုက်ပါ။
   
  - ဓာတုပစ္စည်းတွေကို ရှောင်ပါ
  
 ဟော်မုန်းစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ထိတွေ့တာကလည်း အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း မြင့်တက်တာကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို အရာတွေလဲဆိုတာကို ရှောင်လို့ရအောင်ဆိုရင်တော့ ပလပ်စတစ်တွေ၊ ပိုးသတ်ဆေးတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေပါ။
 
  - ဆဲလ်ရောင်ရမ်းမှုကျစေနိုင်တဲ့ အစားအစာတွေကို စားပေးပါ
  
 အမျိုးသားတွေမှာ အီစထရိုဂျင်ဟော်မုန်း ကျဆင်းစေဖို့ဆိုရင်တော့ ဆဲလ်ရောင်ရမ်းမှုကျစေနိုင်တဲ့ အစားအစာတွေ ဖြစ်တဲ့ ဘယ်ရီသီးတွေ၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ နနွင်းတို့လိုမျိုး အရောင်ကျစေနိုင်တဲ့ အစားအစာတွေပါ။ omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။
 
 # သတင်းစကား
  အချုပ်အားဖြင့် ဆိုရမယ်ဆိုရင်တော့ အမျိုးသားတွေအနေနဲ့ ကိုယ်တွင်းအီစထရိုဂျင်ပမာဏကို ထိန်းညှိဖို့ဆိုရင် နေ့စဉ်စားသုံးမှုကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ။ ကိုယ်အလေးချိန်ကို ထိန်းပါ။ အယ်လ်ကိုဟော သောက်သုံးမှုကို လျှော့ချပါ။
 ဒါထက်ပိုအရေးကြီးတာကတော့ ကိုယ်တွင်းအီစထရိုဂျင်များတာက အသည်းရောဂါ၊ ဟော်မုန်းေရာဂါတွေ၊ အကျိတ်တွေနဲ့ ဆက်စပ်နေတာကြောင့် တတ်ကျွမ်းသူနဲ့ ပြသစစ်ဆေးဖို့လည်း လိုအပ်ပါတယ်။
   [embed-health-tool-bmi]