backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

လက်ကို ဘယ်အချိန်မှာ ဘယ်လိုဆေးကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်ကို ဘယ်အချိန်မှာ ဘယ်လိုဆေးကြမလဲ

လက်ဆေးခြင်း

လက်ဆေးခြင်းဟာ အအေးမိခြင်း၊ တုပ်တွေးနဲ့ အစာအဆိပ်သင့်တာတွေကို ကာကွယ်ဖို့ ရိုးစင်ပြီး ထိရောက်တဲ့နည်းလမ်း တစ်ခုဖြစ်ပါတယ်။

လက်ကိုဘယ်အချိန်မှာဆေးမလဲ။

ရောဂါပိုးတွေ ဘက်တီးရီးယားတွေနဲ့ မထိတွေ့ခင်နဲ့ ထိတွေ့ပြီးတဲ့နောက်မှာ လက်ဆေးတာကို နေ့စဉ်ပုံမှန် လုပ်ဆောင်နေကျ အရာတစ်ခုအဖြစ် လုပ်ဆောင်သင့်ပါတယ်။ ခြုံပြောရရင် အောက်ပါအချက်တွေကြောင့် လက်ဆေးသင့်ပါတယ်။

• တုပ်ကွေးနဲ့ အအေးမိခြင်းတွေ ဖြစ်ပွားလေ့ရှိတဲ့ အချိန်မှာ လက်ဆေးခြင်းဟာ သင့်ကို အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။

• အစာမပြင်ဆင်မီ၊ ပြင်ဆင်နေစဉ်နဲ့ ပြင်ဆင်ပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကိုအစာအဆိပ်သင့်ရောဂါ ပြန့်ပွားစေတဲ့ ဘက်တီးရီးယားကူးစက်နိုင်ခြေကနေ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥတွေနဲ့ ပင်လယ်စာ အစိမ်းတွေကို မကိုင်တွယ်စဉ်နဲ့ ကိုင်ကွယ်ပြီးချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။

• အိမ်သာဝင်ပြီးချိန် (သို့) ကလေးအနှီး လဲပြီးချိန်တွေမှာ လက်ဆေးခြင်းဟာ သင့်ကို ကူးစက်ရောဂါတွေ ဖြစ်တဲ့ salmonella ရောဂါနဲ့ အသဲရောင် အသားဝါ စီပိုးကူးစက်နိုင်ခြင်းကို လျှော့ချပေးပါတယ်။

• ဖျားနေတဲ့သူကို မပြုစုခင်နဲ့ ပြုစုပြီးချိန်တို့မှာလည်း လက်ဆေးသင့်ပါတယ်။ အထူးသဖြင့် ထိခိုက်ရှရာတွေကို ကုသမပေးခင်နဲ့ ပေးပြီးမှာ လက်ဆေးဖို့ အရေးကြီးပါတယ်။

• အစာမစားမီ လက်ဆေးခြင်းကိုလည်း ပြုလုပ်သင့်ပါတယ်။

အောက်ဖေါ်ပြပါ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပြီးရင်လည်း လက်ဆေးသင့်ပါတယ်။

• ခန္ဓါကိုယ်ရဲ့ မသန့်ရှင်းတဲ့ အစိတ်အပိုင်းတွေကို ထိတွေ့ခြင်း

• ရေချိုးခန်း အိမ်သာအသုံးပြုခြင်း

• ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လက်ကိုင်ပုဝါ အသုံးပြုခြင်းနဲ့ တစ်ခါသုံး ပစ္စည်း အသုံးပြုခြင်း

• အစားအစာတွေကို ကိုင်တွယ်ပြင်ဆင်ခြင်း (အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း၊ ဥ၊ ငါး၊ အခွံမာတဲ့ ရေသတ္တဝါများ)

• တိရိစ္ဆာန်နဲ့ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေ၊ အစားအစာတွေနဲ့ ထိတွေ့ခြင်း

• ကလေးအနှီးလဲပေးခြင်း၊ အမှိုက်ကိုင်တွယ်ခြင်း၊ ဖုန်းသုံးခြင်းနဲ့ လက်ဆွဲ နှုတ်ဆက်ခြင်း

စင်ကြယ်စွာ လက်ဆေးနည်း

ကျန်းမာရေးဌာနက လက်ကိုသေချာစွာ ဆေးကြောရန်အတွက် အောက်ဖေါ်ပြပါ အချက်တွေကို တိုက်တွန်းထားပါတယ်။

• လက်ကို ရေဘုံဘိုင်အောက်မှာ ဆပ်ပြာသုံးစွဲပြီး ရေဆွတ်ပါ။

• လက်နှစ်ဘက်ကို ဆပ်ပြာမြှုပ်ဖြစ်ပေါ်လာအောင် မိနစ်နှစ်ဆယ်ခန့် သေချာစွာ ပွတ်တိုက်ဆေးကြောပါ။

• သင့်လက်ကောက်ဝတ်၊ လက်အနောက်ဘက်တွေ၊ လက်ချောင်းတွေကြားနဲ့ လက်သည်းတို့အထိပါ သေချာစွာ အာရုံစိုက်ပါ။

• ရေဘုံဘိုင်အောက်မှာပဲ ရေစင်အောင် ဆေးကြောပါ။

• လက်အခြောက်ခံဖို့ သန့်ရှင်းတဲ့ လက်သုတ်ပုဝါတစ်ထည်ကို အသုံးပြုပါ (သို့) လေမှုတ်စက် အသုံးပြုပါ။

• သင် စက္ကူလက်သုတ်ပုဝါနဲ့ လက်သုတ်နေချိန်မှာ ရေဘုံဘိုင်ကို ဖွင့်ထားနိုင်ပါတယ်။ ပြီးတော့မှ ရေဘုံဘိုင်ခေါင်း ပိတ်တဲ့အချိန်မှာ စက္ကူလက်သုတ်ပုဝါကို သင့် လက်နဲ့ ဘုံဘိုင်ခေါင်းကြား အခုအခံအဖြစ် အသုံးပြုနိုင်ပါတယ်။

ဆပ်ပြာနဲ့ ရေကို အလွယ်တကူ မရနိုင်ခဲ့ရင် လက်သန့်စင်ဆေးရည် (သို့) အရက်ပြန်ကို အခြေခံတဲ့ အနည်းဆုံး ၆၀% ethyl alcohol (သို့) isopropanol ပါဝင်တဲ့ လက်သုတ်ဝတ်တို့ကို အသုံးပြုပါ။ သင်ခရီးသွားတဲ့အခါ တစ်နှစ်နှစ်ခုလောက် ယူဆောင်သွားပြီး သင့်ကားထဲ (သို့) ပိုက်ဆံအိတ်ထဲ ထည့်ထားပါ။ ဒီပစ္စည်းတွေဟာ သင့်လက်ပေါ်က ရောဂါပိုး အရေအတွက်ကို လျော့နည်းစေပေမယ့် ရောဂါပိုးအကုန်ကိုတော့ လျင်မြန်စွာ သေစေနိုင်ခြင်း မရှိပါဘူး။

လက်သန့်စင်ဆေးရည် ကိုအသုံးပြုရင် သင့်လက်နှစ်ဘက်နဲ့ လက်ချောင်းလေးတွေကို ထိုဆေးရည် မခြောက်မချင်း ပွတ်သပ်ဆေးကြောပါ။ ရေသုံးစရာ မလိုအပ်ပါဘူး။ ပါဝင်တဲ့ အရက်ပြန်က သင့်လက်ပေါ်မှာ ရှိတဲ့ ရောဂါပိုး အတော်များများကို လျင်မြန်စွာ သေစေနိုင်ပါတယ်။

လက်ဆေးသင့်သော အကြောင်းရင်းများ

လက်ကို မကြာခဏဆေးကြောခြင်းဟာ သင့်အတွက် ကောင်းကျိုးမြောက်မြားစွာ ရှိပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ သင်ဘာလို့ လက်ဆေးသင့်လဲဆိုတာရဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

ဘက်တီးရီးယားပိုးတွေဟာ လက်ကတစ်ဆင့်ကူးစက်နိုင်ပြီးတော့ လူတွေကို ဖျားနာစေပါတယ်။

Salmonella၊ Ecoli နဲ့ ဝမ်းလျှောဝမ်းပျက်ဖြစ်စေတဲ့ norovirus ပိုးတွေဟာ မစင်မှ တစ်ဆင့်ကူးစက် ပြန့်ပွားနိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူတွေထိထားတဲ့ တံခါးလက်ကိုင် (သို့) အိမ်သာသုံး စက္ကူတို့ကို ကိုင်တွယ်မိမယ်ဆိုရငိ ဒီရောဂါပိုးတွေဟာ သင့်လက်ကို ရောက်ရှိလာပြီးတော့ ရောဂါပိုးကူးစက်နိုင်ပါတယ်။

လက်ဆေးခြင်းဟာ ဖျားနာခြင်းက ကာကွယ်နိုင်ပြီးတော့ ရောဂါပိုး အခြားသူထံကို ပြန့်ပွားခြင်းကို တားမြစ်ပေးပါတယ်။

• လူတွေဟာ သတိမထားမိပဲ သူတို့ရဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို မကြာခဏ ထိတွေ့မိတတ်ပါတယ်။ ရောဂါပိုးတွေဟာ မျက်လုံး၊ နား၊ နှာခေါင်းတို့မှတစ်ဆင့် ခန္ဓါကိုယ်တွင်း ဝင်ရောက်နိုင်ပြီး ဖျားနာမှုကို ဖြစ်ပေါ်စေပါတယ်။

• ဆေးကြောခြင်းမရှိတဲ့လက်က ရောဂါပိုးတွေဟာ အစားအသောက် ပြင်ဆင်စဉ် (သို့) စားသောက်စဉ်မှာ အစားအသောက်တွေထဲကို ရောက်ရှိလာတတ်ပါတယ်။ ရောဂါပိုးတွေဟာ အချို့သောအခြေအနေတွေအောက် အစားအသောက်တွေမှာ ပွားများနိုင်ပြီးတော့ လူတွေကို ဖျားနာစေနိုင်ပါတယ်။

• ဆေးကြောခြင်းမရှိတဲ့လက်က ရောဂါပိုးတွေဟာ အခြားအရာတွေဆီ ပြန့်ပွားနိုင်ပါတယ် (ဥပမာ လက်ရန်း၊ စားပွဲ မျက်နှာပြင်၊ အရုပ်)။ ဒါတွေမှတစ်ဆင့် အခြားသူတစ်ယောက်ရဲ့ လက်ဆီ ပြန့်ပွားနိုင်ပါတယ်။

• လက်ဆေးခြင်းဖြင့် ရောဂါပိုးဖယ်ရှားခြင်းဟာ ဝမ်းလျှောဝမ်းပျက်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးရုံသာမက အရေပြားနဲ့ မျက်စိရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

လက်ဆေးခြင်းဟာ ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်ကို တိုးတက်စေပါတယ်။

လူတွေကို လက်ဆေးနည်း သင်ကြားခြင်းဟာ သူတို့ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို ကျန်းမာစေပါတယ်။ လက်ဆေးမှု ပညာပေးခြင်းဟာ

• ဝမ်းပျက်ရောဂါ ရရှိမှု လူအရေအတွက်ကို ၃၁% လျှော့ချပေးနိုင်ပါတယ်။

• ခုခံအားစနစ် မကောင်းတဲ့သူတွေမှာ ဝမ်းပျက်ဝမ်းလျှေုာ ရောဂါဖြစ်ပွားမှုကို ၅၈ ရာခိုင်နှ်ုန်း လျှော့ချနိုင်ပါတယ်။

• ပြည်သူလူထုကြားမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (အအေးမိ) ကို ၁၆% ကနေ ၂၁ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။

လက်ဆေးခြင်းဟာ ပိုးသတ်ဆေးယဉ်ပါးမှု မြင့်တက်လာခြင်းကို ရင်ဆိုင်နိုင်ပါတယ်။

ဖျားနာတာကို ကာကွယ်ခြင်းအားဖြင့် လူတွေအသုံးပြုနေတဲ့ ပိုးသတ်ဆေး ပမာဏကို လျော့ကျစေနိုင်တာကြောင့် ပိုးသတ်ဆေး ယဉ်ပါးမှုကို လျော့ကျစေပါတယ်။ လက်ဆေးခြင်းဟာ ၃၀ရာခိုင်နှုန်း သော ဝမ်းပျက်ဝမ်းလျှော ရောဂါတွေနဲ့ ၂၀ရာခိုင်နှုန်း သော အသက်ရှူလမ်းကြောင်း ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ ပိုးသတ်ဆေးတွေကို တစ်ခါတစ်လေမှာ မလိုအပ်ပဲ ကျန်းမာရေး ပြဿနာတွေ ကုသဖို့ အသုံးပြုကြပါတယ်။ လက်ဆေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို လျှော့ချခြင်းဟာ ကမ္ဘာပေါ်မှာ ပိုးသတ်ဆေး ယဉ်ပါးမှုကိုဖြစ်စေတဲ့ အရေးအကြီးဆုံး အချက်ဖြစ်တဲ့ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုကို ကူညီပေးပါတယ်။

ထိတွေ့မှုကြောင့် ကူးစက်တတ်သော ရောဂါများ

လက်ချင်း ထိတွေ့မှု (သို့) ရောဂါကူးစက်ခံနေရတဲ့ အရာ (သို့) တိရိစ္ဆာန်နဲ့ထိတွေ့မှုတွေကြောင့် အချို့အဖြစ်များတဲ့ ရောဂါတွေဟာ လူအချင်းချင်းကြားမှာ ကူးစက်နေကြပါတယ်။

Novovirus

Novovirus ဗိုင်းရပ်စ်ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ပါတယ်။ Novovirus ရဲ့ ရောဂါ လက္ခဏာတွေကတော့ ပျို့အန်ခြင်း ဝမ်းလျှောခြင်းနဲ့ ဗိုက်နာခြင်းတို့ပဲ ဖြစ်ပါတယ်။ Novovirus ကို မစင်မှ တစ်ဆင့် ကူးစက်ပြီးတော့ လူအမြောက်အများစုဝေးနေတဲ့ နေရာများ (သင်္ဘော၊ စစ်အုပ်စု နဲ့ နေ့ကလေးထိန်းကျောင်း) တွေမှာ အလျင်အမြန် ပြန့်ပွားနိုင်ပါတယ်။ Novovirus ကူးစက်မှုကို ရောဂါပိုး ကူးစက်ခံရသူရဲ့ အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီးချိန်တွေမှာ သေချာစွာ လက်ဆေးကြောခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ သင့်နှာခေါင်းတွေ ပါးစပ်တွေကို ထိတွေ့မှုမရှိပဲ လူတွေနဲ့ ထိတွေ့ဆက်ဆံပြီးတိုင်း လက်မကြာခဏဆေးကြောခြင်းဟာ ရောဂါကူးစက်ခံရမှုကို လျော့ကျစေပါတယ်။ Novovirus ဟာ ရောဂါပိုးရှိနေတဲ့ သူတွေက အစာပြင်ဆင်ကိုင်တွယ်ခြင်းနဲ့ အိမ်သာအသုံးပြုပြီး လက်မဆေးခြင်းအားဖြင့် ပျံ့နှံ့နိုင်ပါတယ်။ အစားအစာရဲ့ အနံ့အရသာဟာ သိသာမှုမရှိတဲ့အတွက် ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိကို မသိနိုင်ပါဘူး။

ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်သော ရောဂါများ

ရောဂါပိုးအတော်များများဟာ ညံ့ဖျင်းတဲ့ လက်ဆေးမှုနည်းပညာတွေကြောင့် ဆေးရုံတွေမှာ လူနာအချင်းချင်း (သို့) ဝန်ထမ်များမှတစ်ဆင့် ကူးစက်နေကြပါတယ်။ တကယ်လို့ ဆေးရုံဝန်ထမ်းတစ်ယောက်ဟာ လူနာတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ လက်မဆေးဘူးဆိုရင် သူဟာ ရောဂါပိုးနဲ့ ဘက်တီးရီးယားတွေကို အခြားလူနာတစ်ယောက်ကို သယ်ဆောင်ပေးလိုက်ပါပြီ။ အမြစ်ဖြတ်ရန်ခက်ခဲတဲ့ ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်တဲ့ ရောဂါတွေဖြစ်တဲ့ methcillin-resistant staphylococcus aureus (MRSA)၊ clostridium difficile (c diff) ၊ Vancomycin resistant enterocci (VRE)၊ Escherichia coli (E. coli) ၊ pseudomonas တို့ဟာ မကြာခဏတွေ့ရတတ်တဲ့ ဆေးရုံမှတစ်ဆင့် ပြန့်ပွားနိုင်သော ရောဂါများ ဖြစ်ပါတယ်။ အဏုဇီ၀ ဌာနက Stephen Abedon က ၁၀ရာခိုင်နှုန်း လောက်သော ဆေးရုံတတ်နေတဲ့ လူနာတွေဟာ ဆေးရုံတတ်နေစဉ်အတွင်းမှာ ရောဂါပိုးကူးစက်ခံရပြီး အမေရိကမှာ တစ်နှစ်တစ်နှစ်ကို လူပေါင်း ၂၀၀၀၀ လောက် သေဆုံးနေကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အသည်းရောင် အသားဝါ အေပိုး

အသည်းရောင် အသားဝါ အေပိုး ဟာ အသားဝါခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်းနဲ့ မောပန်းခြင်းတို့ကိုဖြစ်စေတဲ့ အသည်းရောဂါ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ အသည်းရောင် အသားဝါ အေပိုးဟာ အိမ်သာတက်ပြီး လက်သေချာမဆေးတဲ့ ရောဂါကူးစက်ခံရသူ ပြင်ဆင်ပေးတဲ့ အစားအသောက်တွေကို စားသုံးခြင်းအားဖြင့် အဓိက ပြန့်ပွားနိုင်ပါတယ်။ ရောဂါပိုးကူးစက်နေတဲ့ အင်မတန်သေးငယ်တဲ့ မစင်အစိတ်အပိုင်းလေးကတောင် ရောဂါပြန့်ပွားမှုကို ဖြစ်စေနိုင်ပါတယ်။ သင်ထိတွေ့မိသူရဲ့လက် (သို့) အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အသည်းရောင် အသားဝါ အေပိုး ရှိမယ်ဆိုရင် နီးကပ်စွာ ထိတွေ့ခြင်းကလဲ ကူးစက်နိုင်ပါတယ်။ သင့်ပါးစပ် (သို့) နှာခေါင်းကို ထိတွေ့မှု မပြုခင် လက်ဆေးမယ်ဆိုရင်တော့ ရောဂါကူးစက်မှုကို လျှော့ချနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement