backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ )

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကဘာလဲ။

SARS သည် နမိုးနီယား ပုံစံတစ်မျိုးဖြစ်သော ပြင်းထန်သောအဆုတ်ရောင်ရောဂါလက္ခဏာစု ဖြစ်သည်။ ထိုရောဂါသည် ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခဲ့သည်။ လအနည်းငယ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားနိုင်ငံများသို့ သွားရောက်သော တရုတ်လူမျိုးများကြောင့် တစ်ကမ္ဘာလုံးတွင် ၂၉ နိုင်ငံအထိ ထိုရောဂါပျံ့နှံ့သွားခဲ့သည်။

ရောဂါဖြစ်သူ ၁၀ ယောက်တွင် ၉ ယောက် သည် ပြန်လည်ကောင်းလာနိုင်သော်လည်း မကုသပါက အသက်သေဆုံးနိုင်ပါသည်။ ထို့ကြောင့် အာဏာပိုင်များမှ ရောဂါပျံ့ပွားခြင်းကို ကာကွယ်ရန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ရောဂါလက္ခဏာများခွဲခြားခြင်း၊ ရောဂါကို အမည်တပ်နိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ လူနာများအား သီးသန့်ထားခြင်း တို့ကို လျင်မြန်စွာပြုလုပ်ရသည်။

၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ရောဂါပျံ့နှံ့ ကူးစက်ခြင်းရပ်တန့်သွားပြီး ၂၀၀၄ ခုနှစ်ကတည်းက နောက်ထပ်ရောဂါဖြစ်ပွားမှု မရှိတော့ပါ။

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

လူနာအများစုသည် အသက် ၆၅ နှစ်အထက်ဖြစ်သည်။ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ရှိပြီး ကိုယ်ခံအားနည်းသူများသည် SARS ရောဂါဖြစ်ပါက နောက်ဆက်တွဲပြသနာများဖြစ်နိုင်ပြီး သေဆုံးနှုန်းပိုများနိုင်သည်။

လက္ခဏာများ

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

SARS တွင် တုပ်ကွေး၏ အစောပိုင်းလက္ခဏာများဖြစ်သော အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် နွမ်းနယ်ခြင်း များကို တွေ့ရသည်။

ပိုမိုပြင်းထန်သောအခြေအနေတွင် ပြင်းထန်သော အဆုတ်ရောင်ရောဂါလက္ခဏာများဖြစ်နိုင်ပြီး သွေးထဲရှိ အောက်ဆီဂျင် ပမာဏကျဆင်းနိုင်သည်။

အထက်တွင် ဖော်ပြထားသည့်အထဲတွင် မပါဝင်သော အခြားသောရောဂါလက္ခဏာများလည်းရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆေးရုံသို့ချက်ချင်းတက်ရန်လိုအပ်ပါသည်။

သင့်တွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ သို့မဟုတ် ဆီးချိုရောဂါများ နှင့် SARS ရောဂါ လက္ခဏာများရှိလျင် နောက်ဆက်တွဲပြသနာများ မဖြစ်စေရန် အရေးပေါ်ကုသမှုလိုအပ်ပါသည်။

အထက်ဖော်ပြပါ ရောဂါလက္ခဏာများ နှင့်ပတ်သတ်ပြီး မေးမြန်းစရာရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။

အကြောင်းရင်းများ

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

SARS ဖြစ်စေသော အကြောင်းရင်းမှာ အအေးမိရောဂါကို ဖြစ်စေသော ကိုရိုနာ (Corona) ဗိုင်းရပ်စ် အမျိုးအစားကြောင့် ဖြစ်သည်။ ဗိုင်းရပ်စ်ကို အဓိက ပျံ့နှံ့စေသည်မှာ လင်းနို့များနှင့် ကြောင်ကတိုးကောင်များဖြစ်သည်။ သင်သည် ဗိုင်းရပ်စ်ပိုးပါသော လေကို ရှူရှိုက်မိပါက ရောဂါကူးစက်ခံရနိုင်ပါသည်။

ရောဂါဖြစ်နေသူ၏ တံတွေး၊ မျက်ရည်၊ ဆီး နှင့် မစင်များကို ထိတွေ့မိလျှင်လည်း ရောဂါကူးစက်ခံရနိုင်သည်။ ရောဂါရှိသူနှင့် ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ အစားအတူစားခြင်း၊ ရောဂါပိုးရှိသော တံခါးလက်ကိုင်၊ တယ်လီဖုန်း၊ ဓါတ်လှေကားခလုတ်များကို ကိုင်မိခြင်းများမှ တဆင့်လည်း ရောဂါကူးစက်နိုင်သည်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

ဤရောဂါကို ပို၍ဖြစ်စေနိုင်သော အကြောင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

• ဗိုင်းရပ်စ်သယ်ဆောင်လာသော လူများ၊ တိရိစ္ဆာန်များကို ထိတွေ့ခြင်း။

• ရောဂါဖြစ်ပွားနေသော နိုင်ငံ သို့မဟုတ် နေရာ သို့သွားခြင်း။

• အစာမစားမီနှင့် စားပြီးလက်မဆေးခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တို့ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များသည် ရောဂါအမည်တပ်ရန် သင့်ကို ရောဂါပျံ့နှံ့စေသော အကြောင်းရင်းများရှိ၊ မရှိ (ဥပမာ၊ သင်ဘယ်ကို သွားခဲ့သည်၊ ဘယ်သူ၊ ဘယ်အရာနှင့် ထိတွေ့ခဲ့သည်တို့ကို) မေးမြန်းပါလိမ့်မည်။

ကိုရိုနာ ဗိုင်းရပ်စ် ရှိ၊မရှိကို သိနိုင်ရန် သွေးနှင့် ဝမ်းကို စစ်ဆေးခြင်းများလည်းလိုအပ်ပါသည်။

ဓါတ်မှန်ရိုက်ခြင်းနှင့် tomography (CT) ရိုက်ခြင်းများကိုလည်း ဆရာဝန်မှ နောက်ဆက်တွဲပြသနာများ ရှိသည်ဟုထင်လျှင် လိုအပ်သလို ပြုလုပ်ပါလိမ့်မည်။

Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

လက်ရှိအချိန်တွင် SARS ကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသေးပါ။ သင်ရောဂါကူးစက်ခံရလျင် ဆရာဝန်မျာမှ ရောဂါလက္ခဏာများကို သက်သာစေသော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ ဥပမာအားဖြင့် ဗိုင်းရပ်စ်ကို ခုခံအားကောင်းစေရန် နည်းလမ်းများကို လုပ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ရူပကုထုံး (ရောဂါများကို ကာယလေ့ကျင့်ခန်းဖြင့်ကုသခြင်း)၊ ပိုးသတ်ဆေးများပေးခြင်း၊ ဗိုင်းရပ်စ်သတ်ဆေးများပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ဗိုင်းရပ်စ် သတ်သောဆေးများကို ပေးသော်လည်း ထိုဆေးများသည် SARS အတွက် ပျောက်ကင်းအောင် ကုသနိုင်သောဆေးများမဟုတ်ပါ။ အခြားဗိုင်းရပ်စ်များ ထပ်မဝင်အောင်သာ တားပေးနိုင်သည်။ သင့်တွင် အခြားသော အဆုတ်ရောင် လက္ခဏာများရှိပါက ဆရာဝန်မှ အရောင်ကျစေသော စတီးရွိုက်ဆေးများပေးပါလိမ့်မည်။

ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများ

SARS ရောဂါကို ကုသရန် မည်ကဲ့သို့ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုသခြင်းနည်းလမ်းများကို သုံးနိုင်ပါသနည်း။

အောက်ပါတို့သည် ဤရောဂါကို သက်သာအောင် ပြုလုပ်နိုင်သော နည်းလမ်းများ ဖြစ်ပါသည်။

• ဆရာဝန်မှ ညွှန်ကြားထားသည့် အတိုင်းလိုက်နာပါ။

• လက်ကို ရေနှင့်ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ သို့မဟုတ် အရက်ပြန်ပါဝင်သော လက်ဆေးရည်နှင့် ဆေးပါ။ မကြာခဏထိတွေ့တတ်သော နေရာမျက်နှာပြင်များကို ပိုးသတ်ဆေးနှင့် သုတ်ပြီး သန့်ရှင်းပါ။

• ပါးစပ်နှင့် နှာခေါင်းကို နှာချေလျှင် သို့မဟုတ် ချောင်ဆိုးလျှင် အုပ်ထားပါ။

• ရောဂါရှိသူကို ပြုစုစောင့်ရှောက်နေပါက ရောဂါကူးစက်မှုကို ကာကွယ်ရန် မျက်နှာဖုံး၊ မျက်မှန်၊ လက်အိတ်များကို ဝတ်ဆင်ပါ။

• လက္ခဏာများပျောက်ပြီး ဆယ်ရက်အထိ ကာကွယ်ခြင်းအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပါ။

• အခြားသူများနှင့် အတူစားခြင်း၊ သောက်ခြင်း၊ အသုံးအဆောင်များအတူသုံးခြင်း၊ မျက်နှာသုတ်ပဝါများ၊ အိပ်ရာပစ္စည်းများအတူသုံးခြင်းများကို မပြုလုပ်ပါနှင့်။

သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement