brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ်မျိုးဗီဇသစ် Arcturus ထွက်ပေါ်လာ

ကိုဗစ်လူနာတွေ၊ ကိုဗစ်ကြောင့် သေဆုံးမှုတွေ မကြားရတာ နှစ်ပေါက်တော့မယ့်အချိန်မှာ ကိုဗစ်က မျိုးဗီဇသစ် Arcturus နာမည်နဲ့ ပြန်ပြီး ရောက်လာပါပြီ။ ဒီတစ်ခေါက် ဗီဇသစ်ကရော အရင်အဟောင်းတွေနဲ့ ဘာကွာမလဲ၊ ဘာတွေသတိထားရမလဲ၊ ကာကွယ်ဆေးတွေ ပြန်ထိုးရမှာလားဆိုတာကို လေ့လာလိုက်ရအောင်။

ကိုဗစ်မျိုးဗီဇသစ် Arcturus ထွက်ပေါ်လာ

ကိုဗစ်မျိုးဗီဇသစ် Arcturus ဆိုတာ

Arcturusက အိုမီခရွန်မျိုးစိတ်တစ်ခုပဲ ဖြစ်ပြီး သူ့ကို XBB.1.16 အနေနဲ့ ဖော်ပြပါတယ်။ သူ့ရှေ့မှာ XBB.1.5 ရှိပြီး သူက ကူးစက်မှုတော်တော်များများကို ဖြစ်စေတာပါ။ အခုလက်ရှိ သူ့နေရာကို Arcturusက အစားဝင်လာပါပြီ။

၂၀၂၃ မတ်လကုန်ပိုင်းလောက်မှာ စပြီးသတိထားမိတာဖြစ်ပြီး ခုဆို နိုင်ငံပေါင်း ၂၉နိုင်ငံလောက်ကို ပျံ့နှံ့ပြီး ဖြစ်နေပါပြီ။ အိန္ဒိယမှာဆိုရင် သူ့ကြောင့် တစ်နေ့ထက် တစ်နေ့ လူနာတွေ များနေပါပြီ။ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ရောက်နေပါပြီ။ လက်ရှိမှာတော့ WHOက သူ့ကို စောင့်ကြည့်ရမယ့် စာရင်း (Variant Under Monitoring: VUM) ထဲကို ထည့်ထားပါတယ်။

ကိုဗစ်မျိုးဗီဇသစ် Arcturusမှာ ထူးခြားတဲ့ လက္ခဏာတွေ ရှိသလား

ပေါ်တာ သိပ်မကြာသေးတဲ့အတွက် တိတိကျကျပြောဖို့တော့ ခက်ပါတယ်။ သူ့မှာလည်း တခြားကိုဗစ်မျိုးဗီဇကွဲတွေလိုပဲ ဖျားနာ၊ နေထိုင်မကောင်းတာ ဖြစ်တတ်ပါတယ်။

ထူးခြားတဲ့ လက္ခဏာအနေနဲ့ ပြောကြတာကတော့ ‘မျက်စိနာ’ တာပါ။ Arcturus ကူးခံရတဲ့သူတွေမှာ မျက်စိနာတတ်တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံမှာသာ ဖြစ်လာခဲ့ရင် အတော်ခွဲရခက်မှာပါ။ နွေရာသီလိုအချိန်မျိုးမှာ မျက်စိနာတာ၊ အပြင်သွားလို့ ဖုန်တွေဝင်ပြီး မျက်စိယားယံတာက ဖြစ်တတ်ပါတယ်။ နွေရာသီမှာလည်း ဖျားကြနာကြတာတွေ ရှိတော့ တကယ်တမ်းဖြစ်လာရင် ကိုဗစ်လား၊ ရိုးရိုးဖျားတာလားဆိုတာ ခွဲရခက်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို မသင်္ကာရင် Test kitနဲ့ဖြစ်ဖြစ် စစ်ကြည့်လိုက်ပါ။

နောက်ထပ် ထူးခြားတဲ့ လက္ခဏာအနေနဲ့ အဖျားကြီးတာ၊ ခံတွင်းခြောက်တာ၊ နားကိုက်တာတွေ ခံစားရတယ်လို့ ဆိုပါတယ်။ ခံတွင်းခြောက်တာကြောင့် အာကပ်ပြီး ခံတွင်းအနံ့ဆိုးတွေ ထွက်တာလည်း ရှိပါတယ်။ နားကိုက်ပြီး နားအူတာကြောင့် မူးတာတွေလည်း ဖြစ်ကြပါတယ်။

Arcturus က ပိုပြင်းထန်သလား။

လက်ရှိလေ့လာချက်တွေအရတော့ သူ့ကြောင့် သေဆုံးမှုများတာ၊ ဆေးရုံတက်ပြီး အသည်းအသန်ကုသရတာတွေက စိုးရိမ်ရလောက်အောင် များနေတာမျိုး မရှိပါဘူး။

လက်ရှိမှာတော့ Arcturusက ရှေ့မျိုးဗီဇတွေနဲ့ယှဉ်ရင် ကူးစက်မှုမြန်တယ်။ ခုခံအားကို ကျော်နိုင်တယ်ဆိုတာလောက်ပဲ တွေ့ရပါသေးတယ်။ ပညာရှင်တွေက ဗီဇသစ်ထွက်ထွက်လာချင်းမှာ ကူးစက်မှု မြန်တတ်လို့ စောင့်ကြည့်သင့်တယ်လို့ဆိုပါတယ်။

အရင်က ထိုးထားတဲ့ ကာကွယ်ဆေးတွေက ကာကွယ်နိုင်မှာလား။

Arcturus အတွက် သီးသန့်ကာကွယ်ဆေးရယ်လို့ မထွက်သေးပါဘူး။ ခုခံအားကို ကျော်နိုင်တယ်ဆိုပေမယ့် လက်ရှိကာကွယ်ဆေးတွေက အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်ဦးမှာပါ။

ကိုဗစ်မျိုးဗီဇသစ်အတွက် ဘာတွေပြင်ဆင်ထားရမလဲ။

အရင်လိုပဲ ကိုယ့်ကိုယ်ကို ကာကွယ်မှုတွေ ပြန်လုပ်ရမှာပါ။

  • နှာခေါင်းစည်းတွေ ပြန်တပ်ဖို့ လိုပါတယ်။
  • မကြာခဏ လက်ဆေးဖို့လည်း လိုပါတယ်။
  • တတ်နိုင်ရင် လူထူတဲ့နေရာကို မသွားပါနဲ့။
  • ဖျားနာနေသူနဲ့ ဝေးဝေးနေပါ။
  • ကာကွယ်ဆေးတွေက ပုံမှန်၂ကြိမ်အပြင် အနည်းဆုံး booster တစ်ကြိမ် ထိုးထားသင့်ပါတယ်။ တော်တော်များများလည်း ထိုးပြီးလောက်ပါပြီ။ နောက်ထပ် boosterထပ်ထိုးဖို့ လိုမလိုကိုတော့ ဆရာဝန်ကို မေးမြန်းပါ။
  • ကိုယ့်မှာ ကိုဗစ်သံသယလက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးစစ်ကြည့်ပြီး ဆေးကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/04/2023 ဖြစ်ပါသည်။