
အငန်တွေသိပ်မစားနဲ့သွေးတိုးမယ်နော်၊ အချိုမှုန့်တွေမစားနဲ့ တက်မယ် ဆိုတဲ့စကားတွေကို တချို့တွေ ဘယ်လိုတုံ့ပြန်လဲသိလား။ ရတယ် စားပြီးရင် ဟိုဆေးလေးသောက်လိုက်မယ်၊ ဒီအသီးလေးစားလိုက်မယ်၊ ဒီအရွက်လေးကြိတ်သောက်လိုက်၊သွေးပေါင်ကျသွားလိမ့်မယ် ဆိုပဲ။ ဒါပေမယ့် သင်သိပါသလား.. သွေးပေါင်အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ ကစားကွင်းမှာ seesaw စီးသလောက် မရိုးရှင်းဘူးဆိုတာ။
သွေးပေါင်တက်လို့ဆေးသောက်လိုက်ရင်သွေးပေါင်ပြန်ကျပြီး ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာ အလွယ်လေးတွေးလိုက်ကြတာပါ။သွေးဖိအားမြင့်တက်လာတဲ့အချိန် ခန္ဓါကိုယ်မှာ ဘယ်လိုတွေထိခိုက်သလဲ၊ ခဏခဏသွေးပေါင်တက်တာ ကြာလာရင် ဘယ်လိုဆိုးကျိုးတွေဖြစ်ကျန်နေခဲ့လဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါမှသွေးတိုးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲတွေနဲ့ရောဂါပေါင်းစုံကို ပိုက်မထားရမှာပေါ့။
သွေးကြောတွေဆိုတာ အဆုတ်နဲ့နှလုံးကသွေးတွေ လွယ်လွယ်စီးဆင်းလည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ပို့လွှတ်နိုင်ဖို့ အပြစ်အနာအဆာကင်းတဲ့ ကျန်းမာခြင်းရှိနေရပါမယ်။သွေးတိုးတက်တဲ့အခါသွေးကြောနံရံတွေအရမ်းမာသွားစေပြီး အတွင်းမှာ ပျက်စီးစေတယ်၊ အဆီချေးတွေဖြစ်နေစေတယ်။ အဲဒီအဆီချေးတွေကြောင့်သွေးကြောတွေကိုမာစေ၊ကျဉ်းစေနိုင်ပါတယ်။
နှလုံးနဲ့နီးတဲ့သွေးကြောတွေမှာ အဆီချေးတွေစုလာတဲ့အခါCoronary Artery Disease (CAD) ဆိုတာဖြစ်လာပါတယ်။ဖြစ်လာရင်သွေးလည်ပတ်မှုကိုနှေးစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်တယ်။သွေးကြောပိတ်ရင်တော့ နှလုံးရုတ်တရက်ရပ်ခြင်း(heart attack)ဖြစ်စေနိုင်ပါတယ်။
သွေးလည်ပတ်မှုအတွက် ပိုပြီးရုန်းကန်လုပ်ဆောင်နေရတဲ့အခါ နှလုံးကြွက်သားတွေထူလာပါတယ်(လေ့ကျင့်ခန်းလုပ်ထားတဲ့ ကြွက်သားတွေလို)။နောက်ဆုံးကျ နှလုံးကြီးလာပါတယ်။ နှလုံးကြီးလာလေ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကပိုနည်းလာလေဖြစ်ပါတယ်။ နှလုံးတစ်ရှူးတွေမှာအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေ လိုသလောက်မရနိုင်တော့ပါဘူး။
သွေးတိုးတာဟာလေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။လေဖြတ်တာနှစ်မျိုးရှိပါတယ်။ အားနည်းနေတဲ့သွေးကြောက ဦးနှောက်ထဲမှာပေါက်သွားတဲ့အခါHemorrhagic၊သွေးကြောနံရံကနေကွာထွက်လာတဲ့ သွေးခဲလေးတွေက သွေးလည်ပတ်မှုကို ပိတ်ဆို့ပြီး ဦးနှောက်ဆဲလ်တွေဆီသွေးမရောက်အောင်တားဆီးတဲ့အခါIschemicဖြစ်ပါတယ်။သွေးအလုံအလောက်မရတဲ့အခါ ဦးနှောက်ဆဲလ်တွေသေဆုံးပါတယ်။ FAST လို့အတိုကောက်မှတ်လို့ရတဲ့ လေဖြတ်အရေးပေါ်အချက်လေးခုကို သတိရပါ။