backup og meta

နှလုံးထိန်းစက်ထည့်ခြင်း အကြောင်း သိထားသင့်သမျှ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးထိန်းစက်ထည့်ခြင်း အကြောင်း သိထားသင့်သမျှ

    နှလုံးခုန်စည်းချက်ထိန်းစက် (pacemaker ) ဆိုတာ နှလုံးခုန်မူမမှန်ခြင်းကိုထိန်းချုပ်ဖို့ ရင်ဘတ်ထဲမှာထည့်သွင်းထားရတဲ့ အသေးစားစက်ကိရိယာလေးဖြစ်ပါတယ်။ ဒီစက်လေးက လျှပ်စစ်လှိုင်းအပျော့စားလေးတွေသုံးပြီးနှလုံးခုန်သံကိုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ နှလုံးခုန်နှေးတာလိုမျိုး နှလုံးခုန်သံမူမမှန်တဲ့ပြဿနာတွေမှာနှလုံးစည်းချက်ထိန်းစက်တွေကို ကုသမှုအဖြစ် ဆရာဝန်တွေက အသုံးပြုလေ့ရှိကြပါတယ်။

    အသက်အရွယ်ကြောင့်၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း (heart attack) ဖြစ်ရာကနေ နှလုံးထိခိုက်တာကြောင့်၊ အာရုံကြောနဲ့ကြွက်သားရောဂါပြဿနာတွေကြောင့် ဒါမှမဟုတ် နှလုံးမှာလျှပ်စစ်လှိုင်းပြဿနာပေါ်စေတဲ့တခြားအခြေအနေတွေကြောင့် နှလုံးခုန်နှေးစေနိုင်ပါတယ်။

    ဘယ်လိုအခြေအနေတွေမှာ နှလုံးထိန်းစက်ထည့်ဖို့လိုတာလဲ

    နှလုံးထိန်းစက် ကို ဒီအခြေအနေတွေမှာ သုံးဖို့လိုအပ်လာတတ်ပါတယ် –

  • Bradycardia ကတော့ နှလုံးစက်ထည့်ဖို့လိုအပ်တဲ့အဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက သိပ်နှေးနေတာ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခန္ဓါကိုယ်ရဲ့လိုအပ်ချက်တွေမပြည့်နိုင်တော့တာဖြစ်ပါတယ်။ Bradycardia ရဲ့လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ နွမ်းလျမောပန်းလွန်းခြင်း၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။
  • အသက်ကြီးလာတဲ့အခါ သို့မဟုတ် နှလုံးရောဂါရှိတဲ့အခါ sinus node လို့ခေါ်တဲ့ နှလုံးကိုသဘာဝအလျောက်စည်းချက်ထိန်းပေးတဲ့ ဆဲလ်အုပ်စုရဲ့လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်လာတဲ့အခါ နှလုံးခုန်သံတွေနှေးစေတာ သို့မဟုတ် နှလုံးခုန်သံတစ်ချက်နဲ့တစ်ချက်ကြားမှာ ခပ်ကြာကြာကွာဟလာတာတွေဖြစ်လာတယ်။ အဲဒီကနေ နှလုံးခုန်အရမ်းနှေးလိုက်၊ အရမ်းမြန်လိုက်နဲ့ စည်းချက်လုံးဝမထိန်းနိုင်တော့တဲ့ sick sinus syndrome ဆိုတာဖြစ်လာနိုင်ပါတယ်။
  • နှလုံးအပေါ်ခန်းတွေ က နှလုံးစည်းချက်ပုံမှန်မဟုတ်ဘဲ မြန်မြန် ရမ်းခါတဲ့ နှလုံးစည်းချက်မမှန်ခြင်း (atrial fibrillation) အခြေအနေမျိုးမှာ pacemaker ထည့်သွင်းဖို့လိုအပ်လာနိုင်ပါတယ်။
  • မွေးရာပါနှလုံးရောဂါဝေဒနာရှင်တွေနဲ့ နှလုံးအစားထိုးကုသမှုခံယူထားသူတွေအတွက်လည်း နှလုံးစက်ထည့်ဖို့ ဆရာဝန်တွေကညွှန်ကြားလာနိုင်ပါတယ်။

    Pacemaker ရဲ့လုပ်ဆောင်ချက်

    ရင်ဘတ်မှာထည့်သွင်းထားတဲ့ နှလုံးထိန်းစက် ဟာ နှလုံးရဲ့ပုံမှန်လုပ်ဆောင်ချက်အတိုင်းဖြစ်စေဖို့ ပုံစံတူလုပ်ဆောင်ကူညီပေးတာဖြစ်ပါတယ်။ စက်မှာ ဘက်ထရီတစ်လုံးပါရှိပြီး လျှပ်စစ်လှိုင်းတွေနှလုံးကိုပို့လွှတ်မှုနှုန်းကို ထိန်းညှိပေးမယ့် လျှပ်စစ်စီးကြောင်းတစ်ခုပါရှိပါတယ်။

    Pacemaker က နှလုံးခုန်နှုန်းကိုထိန်းညှိပေးပြီး သိပ်နှေးနေတယ်ဆိုရင် နှလုံးကိုလျှပ်စစ်လှိုင်းလေးတွေထုတ်လွှတ်ပေးပြီး နှလုံးခုန်မြန်အောင်လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့အသက်ရှူနှုန်းကို သိရှိနိုင်တဲ့ အာရုံခံစနစ်က Pacemaker အများစုမှာပါရှိတတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်ရဲ့သွေးနဲ့အောက်ဆီဂျင်လိုအပ်မှုကိုဖြည့်ဆည်းနိုင်ဖို့ လှုပ်ရှားနေစဉ်အတွင်းနှလုံးခုန်မြန်အောင်Pacemaker ကို နှိုးဆွပေးပါတယ်။

    နှလုံးစက်ထည့်ပြီးတဲ့အခါ

    ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာ ဆရာဝန်ရဲ့ညွှန်ကြားချက်တွေအတိုင်း ဂရုစိုက်နေထိုင်ဖို့လိုပါတယ်။

    • နည်းနည်းလှုပ်ရှားပါ။ လမ်းခဏလျှောက်တာ၊ ခြေနဲ့လက်ကိုလှုပ်ရှားပေးရုံနဲ့လည်း သွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။ အရမ်းတော့ အားမစိုက်ပါနဲ့။ ပင်ပန်းလာပြီဆိုတာနဲ့ နားပါ။တော်သင့်ရုံလှုပ်ရှားစေချင်တာပါ။
    • ရေချိုးရတာလည်းမကြောက်ပါနဲ့။ နှလုံးထိန်းစက်ဟာရေနဲ့ထိလို့ ဘာမှမဖြစ်အောင် အပြည့်အဝကာကွယ်မှုပါရှိပြီးသားပါ။
    • ကား၊ ရထား၊လေယာဉ်စတဲ့ ခရီးတွေက အန္တရာယ်မရှိနိုင်ပါ။
    • သတိထားရမှာက သံလိုက်နဲ့ လျှပ်စစ်လှိုင်းပြင်းထန်တဲ့နေရာတွေကိုရှောင်ဖို့ပါ။လက်ကိုင်ဖုန်းတွေ၊ mp3 playerတွေ၊ရေဒီယိုတွေစတဲ့အသုံးအဆောင်တွေကို သတိထားပါ။
    • ဆေးရုံဆေးခန်းသွားတဲ့အခါကိုယ့်မှာ နှလုံးစက်ထည့်ကြောင်း ဆရာဝန်နဲ့ဆေးဝန်ထမ်းတွေကိုပြောပြပါ။
    • လေဆိပ်မှာလုံခြုံရေးစစ်ဆေးတဲ့အခါ ကိုယ့်မှာနှလုံးစက်ထည့်ထားကြောင်းပြောပြပါ။ လုံခြုံရေးစစ်ဆေးတဲ့စက်တွေကြောင့် နှလုံးစက်ကိုမပျက်စီးနိုင်ပေမယ့် ခန္ဓါကိုယ်ထဲမှာ သတ္တုရှိနေကြောင်း အလန့်တကြားအချက်ပြမှာမို့ပါ။ လက်ကိုင်စစ်ဆေးရေးစက်လိုမျိုး တခြားနည်းနဲ့အဆင်ပြေနိုင်ပါတယ်။

    Pacemakerတွေက ပုံမှန်အားဖြင့်ဘေးကင်းစိတ်ချရပါတယ်။ တကယ်လို့ ဒီအချက်တွေဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြပါ ။

    • စက်ထည့်ထားတဲ့နေရာကရောင်ရမ်း၊သွေးယို၊ ဒဏ်ရာဖြစ်၊ ပိုးဝင်လာတာ
    • သွေးကြော သို့မဟုတ် အာရုံကြောထိခိုက်တာ
    • အဆုတ်လုပ်ဆောင်ချက်မကောင်းတာ
    • ကုသမှုအတွင်းအသုံးပြုတဲ့ဆေးဝါးအပေါ် တုံ့ပြန်မှုမကောင်းတာ။

    ဘက်ထရီက ဘယ်လောက်ကြာကြာခံလဲ

    နှလုံးစက်တွေရဲ့ဘက်ထရီက ၅ နှစ်ကနေ ၁၅ နှစ်လောက်အထိ သက်တမ်းခံတတ်ပါတယ်။ စက်ရဲ့ဘက်ထရီက အားမကုန်ခင်မှာ ဆရာဝန်တွေက စက်အသစ်လဲထည့်ပေးပါလိမ့်မယ်။

    ဆရာဝန်ရက်ချိန်းတွေမှန်အောင်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့အခါ နှလုံးစက်က လုပ်ဆောင်ချက်မှန်ရဲ့လား၊ အသစ်လဲဖို့လိုပြီလားဆိုတာ ဆရာဝန်က အကဲခတ်ဆုံးဖြတ်ပေးပါလိမ့်မယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement