backup og meta

စိတ်ညစ်တဲ့အချိန်တွေမှာ အစားပိုစားတာကို ဘယ်လိုဖြေရှင်းရမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ညစ်တဲ့အချိန်တွေမှာ အစားပိုစားတာကို ဘယ်လိုဖြေရှင်းရမလဲ

    သင်စိတ်ညစ်နေတဲ့အချိန်မျိုးတွေမှာဆိုရင် ထမင်းစားလို့ဗိုက်ဝသွားတာတောင် အချိုပွဲလေးတော့ ဆက်ကြိတ်လိုက်ဦးမဟဲ့ဆိုပြီး ဖိုးစားချင်၊ မယ်စားချင် ဖြစ်နေရင် ဒီလိုအခြေအနေမျိုးကို စိတ်ခံစားချက်ကြောင့် အစာစားခြင်းလို့ခေါ်ပါတယ်။ စိတ်ညစ်လို့ ပိုစားတယ်ပဲဆိုပါတော့။ ဒီလိုစားတာဟာ တကယ်ဗိုက်ဆာလို့မဟုတ်ဘဲ စိတ်သက်သာရာရအောင်၊ စိတ်ဖိအားတွေလျော့နည်းသွားအောင် ဒါမှမဟုတ် စိတ်အပြောင်းအလဲဖြစ်အောင် အစာစားတာမျိုးကို ဆိုလိုပါသတဲ့။ ဒီအခြေအနေနဲ့ရင်ဆိုင်နေရသူတွေဟာ အစာစားချင်စိတ်ပေါ်လာပြီဆိုရင် ဘယ်လိုမှစိတ်ထိန်းလို့မရပါဘူး။ စားပစ်လိုက်ရမှကို နေသာသွားတာပါ။ အဲဒီလိုအချိန်မှာ သူတို့အတွေးထဲမယ် တစ်ခုပဲရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ အစားအသောက်ပါ။

    အစာလေးဝင်သွားရင် ခဏတဖြုတ်လောက်တော့ နေသာထိုင်သာရှိကောင်းရှိမှာပါ။ ဒါပေမယ့် စိတ်ကြောင့်ဆာတာကို အစားအသောက်နဲ့ ဖြည့်လို့မရနိုင်ပါဘူး။ ကယ်လိုရီတွေ တက်လာတဲ့အတွက် မစားခင်ကထက်တောင် နေရတာပိုဆိုးကောင်းဆိုးသွားနိုင်ပါသေးတယ်။ အကျိုးဆက်အနေနဲ့ သင်ဟာ စိတ်ဖိစီးမှုတွေကိုရင်ဆိုင်ဖို့တခြားသောအကျိုးရှိပြီး ပိုကောင်းတဲ့နည်းလမ်းတွေကို မလေ့လာတော့ဘဲ အစားပဲလှိမ့်စားနေတဲ့အတွက် ပိုပိုလည်းဝလာမှာဖြစ်ကာ နောက်ဆုံးတော့စိတ်ညစ်တာလည်းမပျောက်တဲ့အပြင် ဝလာတာပဲအဖတ်တင်လာမှာ ဖြစ်ပါတယ်။ ဝလာတော့ ပိုပြီးစိတ်ညစ်ပြန်ရော။ ဒီလိုနဲ့ပဲ သံသရာလည်သွားပါလိမ့်မယ်။

    ဒီလိုအခြေအနေတွေကနေ ရှောင်ရှားနိုင်ဖို့အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

    ၁။ စိတ်ညစ်စရာတွေကနေ ထွက်မပြေးပါနဲ့။

    စိတ်ညစ်တဲ့အချိန်၊ စိတ်ဖိစီးတဲ့အချိန်မှာ အစာစားလိုက်မယ်ဆိုရင် တဒင်္ဂတော့နေသာထိုင်သာရှိသွားပြီး စိတ်ကျေနပ်သွားပါလိမ့်မယ်။ ပြီးရင် စိတ်ဖိစီးမှုက တခါပြန်ဖြစ်လာ၊ ထပ်စားနဲ့ ပြီးမှာမဟုတ်တော့ပါဖူး။ ဒါကိုအဆုံးသတ်ဖို့အတွက် လုပ်ရမယ့်အချက်က စိတ်ညစ်စရာတွေရှိလာတဲ့အခါ ထွက်မပြေးပါနဲ့၊ မရှောင်ပုန်းပါနဲ့။ ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။ ခံစားလိုက်ပါ။ ဘယ်အရာကိုမဆို ထွက်ပြေးနေတာထက် ရင်ဆိုင်တွေ့လိုက်တာက ပိုပြီးအကျိုးရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို အမြဲသတိပေးပါ။ အချိန်ကြာလာတာနဲ့အမျှ သင့်ခန္ဓါကိုယ်ကလည်း ဒီအနေအထားကို သဘောပေါက်လာမှာဖြစ်ပြီး စိတ်ညစ်စရာတွေကို အစားအစာတွေနဲ့ခဏတဖြုတ်ဖုံးကွယ်ပေးဖို့ ကြိုးစားတော့မှာ မဟုတ်ပါဖူး။ ဒါ့အပြင် သင်တကယ်တမ်းလိုအပ်နေတာဘာလဲဆိုတာကို အသေအချာဆန်းစစ်ပါ။ စိတ်ထွက်ပေါက်ပေးဖို့အပန်းဖြေစရာ၊ ဝါသနာပါတာလေးတွေကို ပြုလုပ်ပေးပါ။

    ၂။ သင့်ခန္ဓါကိုယ်ကို ပျော်စရာလေးတွေ မပြတ်ဖန်တီးပေးထားပါ။

    စိတ်ညစ်လို့ အစာစားခြင်းဆိုတာ သင့်ခန္ဓါကိုယ်ကို တနည်းတဖုံဖျော်ဖြေပေးနေတာ ဖြစ်တဲ့အတွက် ဒီလိုမဖြစ်ရစေဖို့ တခြားသောပျော်စရာလေးတွေ သင့်ခန္ဓါကိုယ်အတွက် ဖန်တီးပေးထားပါ (စားတာက လွဲလို့ပေါ့)။ ဥပမာ-သက်တောင့်သက်သာရှိတဲ့ အဝတ်အစားလေးတွေဝတ်ထားတာ၊ စိတ်ဝင်စားစရာလေ့ကျင့်ခန်းလေးတွေလုပ်တာ စသဖြင့်ပေါ့။

    ၃။ တကယ် ဗိုက်ဆာမှစားပါ။

    စိတ်ညစ်လို့ အစာစားလေ့ရှိသူတချို့ဟာ တကယ်ဗိုက်ဆာတဲ့အချိန်မှာ ကောင်းကောင်းစားလေ့မရှိပါဘူး။ ဒီတော့ နောက်ပိုင်းမှာ ပိုဆာလာရော။ ဒါကြောင့် သင်တကယ်ဗိုက်ဆာပြီဆိုတဲ့အချိန်မှာ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပြည့်ပြည့်ဝဝ စားပေးရပါမယ်။

    ၄။ ကြိုတင်ပြင်ဆင်ပါ။

    ဥပမာသင့်အနေနဲ့ အထီးကျန်နေတဲ့အချိန်တွေမှာ အစာစားချင်လာတော့မယ်ဆိုတာ ကြိုသိထားရင် ဒီလိုမဖြစ်ခင်ကြိုပြီး သူငယ်ချင်းတစ်ယောက်ယောက်ဆီကို ဖုန်းဆက်တာမျိုး ဒါမှမဟုတ် ဝါသနာပါရာတခုခု လုပ်တာမျိုးနဲ့အာရုံလွှဲဖို့ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ခံစားမှုတခုခုကြောင့် အစာစားချင်စိတ်ပေါ်လာတာဟာ သင့်ခန္ဓါကိုယ်အနေနဲ့တခုခုကိုလိုချင်တောင့်တနေတာကို ပြန်လည်တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်စိတ်ကို အပြောင်းအလဲဖြစ်ပြီး လန်းဆန်းစေဖို့ လုပ်စရာအသစ်အဆန်းတွေကို ဖန်တီးပါ။ အသစ်အဆန်းတွေ ပြုလုပ်ဖို့ ပြက္ခဒိန်မှာ ကြိုတင်မှတ်သားထားပါ။ ကိုယ်လက်ဖြေလျှော့တဲ့အချိန် သေသေချာချာပေးဖို့လည်း မမေ့ပါနဲ့။

    ၅။ ဘယ်သူတွေဘာပြောပြော သင်ဟာအလှဆုံးပါပဲ။

    သင်ဘယ်လောက်လှတယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိတယ်မလား။ ဒါဆိုရင် အစားတစ်လုတ်က ဒီအလှတရားကိုဖျက်ဆီးခွင့်မပေးပါနဲ့။ စိတ်ဖိစီးမှုတွေဟာလည်း အစာစားလိုက်တာနဲ့ပျောက်သွားမှာမဟုတ်တဲ့အတွက် ဘယ်လောက်ပဲစိတ်ညစ်စရာရှိရှိ အစာတွေနင်းကန်မစားဖို့လည်း ကိုယ့်ကိုယ်ကိုဆုံးမပါ။

    အပေါ်မှာဖတ်ခဲ့ရတဲ့အချက်တွေဟာ ပြောတော့လွယ်ပေမယ့် လက်တွေ့ကျင့်သုံးဖို့တော့ အနည်းငယ်ခက်ခဲမှာဖြစ်ပြီး စိတ်ဓါတ်အင်အားနဲ့အလေ့အကျင့်လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အောင်မြင်စွာလိုက်နာကျင့်သုံးနိုင်ခဲ့မယ်ဆိုရင်တော့ စိတ်ဆောင်လို့အစာလိုက်စားရတာကို ရပ်တန့်နိုင်ရုံသာမက ကျန်းမာပျော်ရွှင်တဲ့နေထိုင်မှုဘဝကိုလည်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement