backup og meta

ရင်သားပြည်တည်နာဖြစ်ခြင်း


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားပြည်တည်နာဖြစ်ခြင်း

    ရင်သားမှာ ပြည်တည်တာဟာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်ပြီး နာကျင်မှုကို ခံစားရစေပါတယ်။ အများဆုံး ဒုက္ခပေးလေ့ရှိတဲ့ ဘက်တီးရီးယားကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ သင့်ရင်သား ဒါမှမဟုတ် နို့သီးခေါင်းမှာရှိတဲ့ အရေပြားပွန်းရှကွဲရာ လေးတွေကနေ ဒီဘက်တီးရီးယားတွေက သင့်ခန္ဓါကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရင်သားမှာရှိတဲ့ အဆီတစ်ရှူးတွေကိုပါ ဆက်လက်တိုက်ခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် နို့ရည်ပို့ပြွန်တွေကိုပါ ဖိလာစေပါတယ်။ ဒီလိုရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအခေါ်အဝေါ်အရ mastitis လို့ခေါ်ဆိုပါတယ်။ ခုနက ရောင်ရမ်းပြီး ဖိထားခြင်းခံရတဲ့ နို့ရည်ပို့ပြွန်တွေကနေ ထွက်လာတဲ့ ပြည်တွေ နေရာလွတ်တခုမှာ စုပုံလာတာကို ပြည်တည်နာ ဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ရင်သားရောင်ရမ်းတာ (mastitis) ဆိုးရွားလာတဲ့အခါ ပြည်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရင်သားပိုးဝင်ပြီး ရောင်ရမ်းပြည်တည်တာဟာ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် နို့တိုက်မိခင်တွေမှာသာ အများဆုံးဖြစ်ပွားလေ့ရှိတာကို တွေ့ရှိရပါတယ်။

    ၁။ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    ရင်သားရောင်ပြီးတင်းနေတာ၊နာကျင့်တာ၊အဖျားတက်တာနဲ့ နို့သီးခေါင်းက ပြည်တွေ၊အရည်တွေ ထွက်လာတာဟာ ရင်သားပြည်တည်နာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေရဲ့ ပြင်းထန်မှုကတော့ အခြေအနေပေါ်လိုက်ပြီး ကွာခြားမှု ရှိနိုင်ပေမယ့် အရှေ့မှာ ပြောခဲ့တဲ့ လက္ခဏာတွေကတော့ အတွေ့ရ အများဆုံး ဖြစ်ပါတယ်။ ကလေးနို့တိုက်နေတာမျိုးမရှိတဲ့ အမျိုးသမီးမှာ ဒီရောဂါဖြစ်တယ်ဆိုရင်တော့ ဒါဟာ ဆီးချို စ,ဖြစ်ချင်တာ ဒါမှမဟုတ် inflammatory cancer လို့ခေါ်တဲ့ ရောင်ရမ်းမှုနဲ့ တွဲတဲ့ ကင်ဆာအမျိုးအစားရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါးဆိုသလို ဘက်တီးရီးယားပိုးဟာ သွေးထဲထိ ပျံ့နှံ့သွားရင်တော့ ရင်သားပြည်တည်ခြင်းကနေ (အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့) တကိုယ်လုံး ဘက်တီးရီးယားပိုးကူးစက်တဲ့ အခြေအနေထိ ဦးတည်သွားနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေမှာဆိုရင်လည်း ရင်သားပြည်တည်တာဟာ အရမ်းနာတဲ့အတွက် ကလေးနို့မတိုက်နိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

    ၂။ ရင်သားပြည်တည်တာ ဘာလို့ဖြစ်တာလဲ။

    ရင်သားမှာ ပြည်တည်တာဟာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်ပြီး အများဆုံး ဒုက္ခပေးလေ့ရှိတဲ့ ဘက်တီးရီးယားကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ သင့်ရင်သား ဒါမှမဟုတ် နို့သီးခေါင်းမှာရှိတဲ့ အရေပြားပွန်းရှကွဲရာ လေးတွေကနေ ဒီဘက်တီးရီးယားတွေက သင့်ခန္ဓါကိုယ်ထဲကို ဝင်လာနိုင်ပါတယ်ပြီး နောက်ဆက်တွဲအနေနဲ့ ရင်သားမှာရှိတဲ့ အဆီတစ်ရှူးတွေကိုပါ ဆက်လက်တိုက်ခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် နို့ရည်ပို့ပြွန်တွေကိုပါ ဖိလာစေပါတယ်။ ရင်သားရောင်ရမ်းတာ (mastitis) ဆိုးရွားလာတဲ့အခါ ပြည်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပြီး နာကျင်မှုဝေဒနာကို ခံစားရစေပါတယ်။

    ၃။ ဘယ်လိုကုသမလဲ။

    သင့်အနေနဲ့ အရင်ဆုံး ဆရာဝန်နဲ့ ပြသရပါမယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ ရောဂါလက္ခဏာတွေရယ်၊ဆရာဝန်ရဲ့ စမ်းသပ်ချက်တွေရယ်အပေါ် အခြေခံပြီး ရင်သားပြည်တည်နာကို ရောဂါအမည်တပ် သိရှိနိုင်ပါတယ်။ ဆရာဝန် အနေနဲ့ သင်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ် အနေအထားကို သိနိုင်ဖို့အတွက် သွေးဖြူဥပမာဏကို စစ်ဆေးတဲ့ ဓါတ်ခွဲစမ်းသပ်မှု အပါအဝင် တခြား ဓါတ်ခွဲခန်းစစ်ဆေးမှုတွေကို လိုအပ်သလို ပြုလုပ်ပါလိမ့်မယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရောဂါရဲ့ လက်သည် ဘက်တီးရီးယားကို သိရှိနိုင်ဖို့အတွက် (နို့တိုက်မိခင်တွေမှာဆိုရင်) ရောင်ရမ်းနေတဲ့ ရင်သားက ညှစ်ထုတ်လို့ရတဲ့ နို့ရည်နမူနာကို ယူပြီး စစ်ဆေးမှုတွေလည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘက်တီးရီးယားပိုးမွှားတွေ ဆေးမတိုးတော့တဲ့ အဖြစ်အပျက်၊အခြေအနေတွေ တဖြည်းဖြည်း များပြားလာနေတာမို့ ဒီလိုမျိုးစစ်ဆေးပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို အတိအကျသိမှသာ အကောင်းဆုံးအသင့်တော်ဆုံးဖြစ်တဲ့ ပဋိဇီဝ ပိုးသတ်ဆေးကို မှန်ကန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

    ပြည်တည်တာ ခဏခဏပြန်ဖြစ်တာမျိုး ဒါမှမဟုတ် အပေါ်ယံအရေပြားမှာ ထိခိုက်ဒါဏ်ရာ ရထားတာမျိုး မရှိဖူးဆိုရင် Ultrasound ရဲ့ အကူအညီကိုယူပြီး ပိုးသတ်သန့်စင်ထားတဲ့ အပ်ကို အသုံးပြုကာ ပြည်တွေကို စုတ်ထုတ်တာဟာ အကောင်းဆုံးသော ကုသမှု ဖြစ်ပါတယ်။Ultrasound ဟာ ပြည်တွေရှိနေတဲ့ နေရာအတိအကျနဲ့ ဘယ်လောက်နက်နက် ရှိနေလဲဆိုတာကို ပြောပြပေးနိုင်တာမို့ အဆိုပါနေရာကို အပ်နဲ့ ထိုးပြီး ပြည်တွေကို စုတ်ယူ ဒါမှမဟုတ် ဖောက်ထုတ်လိုက်နိုင်ပါတယ်။ ပြီးတော့ ဒီလိုမျိုး အပ်နဲ့စုတ်ထုတ်၊ဖောက်ထုတ်တာဟာ ခွဲစိတ်ပြီး ပြည်ဖောက်ထုတ်တာလောက် လက်မဝင်၊အတွင်းဖက် မရောက်ပါဖူး။

    ခွဲစိတ်ပြီး ဖောက်ထုတ်မယ်ဆိုရင်တော့ ပြည်ဖုကြီးကို ဓါးနဲ့ အနည်းငယ် လှီးလိုက်ပါမယ်။ ပြီးတော့မှ အထဲမှာ ရှိနေတဲ့ ပြည်တွေကို ဖယ်ထုတ်ပြီး အသေအချာ ဆေးပစ်ရတာ ဖြစ်ပါတယ်။ အားလုံးပြီးသွားတဲ့အခါ အထဲမှာ ကျန်ကောင်းကျန်နေဦးမယ့် ပြည်တွေထပ်ထွက်လာနိုင်စေဖို့အတွက် ခွဲထားတဲ့ နေရာလေးမှာ ဆရာဝန်က ပိုက်ကလေးထည့်ခဲ့ပါလိမ့်ဦးမယ်။ ပြီးရင် ခွဲထားတဲ့နေရာကို သန့်စင်ပြီး ခြောက်သွေ့နေစေဖို့ အပေါ်ကနေ ပတ်တီးတထပ် စည်းပေးထားပါလိမ့်မယ်။ အတွင်းဖက် ကနေ အပြင်ဖက်ထိ တဖြည်းဖြည်း အနာကျက်လာဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် ခုနကခွဲထားတဲ့ အရာလေးကို ပြန်ချုပ်မှာ မဟုတ်ပါဖူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement