backup og meta

Makoplasty ကုထုံးရဲ့ အကျိုးကျေးဇူးအကြောင်း


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Makoplasty ကုထုံးရဲ့ အကျိုးကျေးဇူးအကြောင်း

    Makoplasty ကုထုံးနဲ့ ဒူးနာဒဏ်ရာပျောက်ကင်းစေခြင်း

    နေ့စဉ်ခန္ဓါကိုယ် လှုပ်ရှားမှုအတွက် ဒူးခေါင်းကတော်တော်လေးကိုအရေးပါပါတယ်။ ခန္ဓါကိုယ်ဟန်ချက်ကိုထိန်းညှိပေးပြီး လှုပ်ရှားသွားလာနိုင်ဖို့က ဒူးခေါင်းပေါ်မှာတော်တော်လေး အားပြုရတယ်ဆိုတာကို ဒူးနာဖူးတဲ့သူတွေတိုင်းသိမှာပါ။ စိတ်သွားတိုင်းကိုယ်ပါဖို့ဆိုတာက ကျန်းမာရေးကောင်းဖို့လိုသလို အရိုးအဆစ်တွေသန်မာဖို့ကလည်းလိုပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ရိုးတွင်းခြင်ဆီတွေ ဆုံးရှုံးတာကြောင့် ဒူးအဆစ်တွေနာကျင်နိုင်သလို အရိုးကျီးပေါင်းဖြစ်တာကြောင့်လည်းနာကျင်နိုင်ပါတယ်။ တစ်ခါတလေမှာဆေးလူးဆေးသောက်လုပ်ရုံနဲ့ပျောက်သွားတတ်ပေမယ့် အချို့ဒူးနာတာတွေကတော့ဆေးလူးဆေးသောက်နေပေမယ့်ပျောက်မသွားတာမျိုးရှိပါတယ်။

    ကုသပျောက်ကင်းနိုင်မယ့်နေရာကိုရှာဖွေခြင်း

    ခြေထောက်ထောက်လို့မရအောင် ဒူးကနာတဲ့အခါ စိတ်ပင်ပန်းတာ၊ တစ်ခုခုလုပ်ချင်တိုင်း တစ်ယောက်ယောက်ကို အကူအညီတောင်းရတာတွေကို စိတ်ညစ်လာတဲ့အခါ ဒူးနာတာကို သက်သာစေတယ်ဆိုတဲ့ ကောင်းနိုးရာရာတွေ လိုက်လုပ်မိကြမယ်ထင်ပါတယ်။ဝေဒနာကိုမွေးထားချင်သူရယ်လို့မရှိပါဘူး။ဝေဒနာခံစားနေရသူတိုင်းကဖြစ်နိုင်ရင် ခံစားနေရတဲ့ဝေဒနာကို အမြန်ဆုံး ပျောက်ကင်းချင်ကြမှာပါ။ နှစ်ရှည်လများ ဒူးနာတာကို ခံစားနေရတဲ့ ဦးသူရကျော် တစ်ယောက်ကတော့ ဒူးနာဝေဒနာကို အမြစ်ဖြတ်ဖို့ ကုသနည်းတွေကို နည်းမျိုးစုံသုံးစုံစမ်းမှုစလုပ်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မှာတင်မကဘဲ အင်တာနက်မှာပါ ရှာဖွေကြည့်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ သူ့ဆန္ဒပြည့်ခဲ့ပါပြီ။

    အခြားတော့မဟုတ်ပါဘူးMount Elizabeth ဆေးရုံမှာ ဒူးနာမှုဝေဒနာတွေကို Makoplasty အဆင့်မြင့်နည်းပညာသုံးပြီး ကုသပေးနေတယ်ဆိုတာကိုတွေ့ရှိခဲ့တာပါပဲ။ ဒူးနာပျောက်ချင်တဲ့ ဦးသူရကျော် ကတော့စင်ကာပူကိုသွားပြီး သူ့ရဲ့ ဒူးနာဝေဒနာကို ကုသဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုဒူးခေါင်းဒါဏ်ဖြစ်ခြင်း သို့မဟုတ် ဒူးနာခြင်းကို ပြင်းထန်မှုအနေအထားအဆင့်အရ သင့်လျော်သလို ကုသပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေကို Mount Elizabeth ဆေးရုံမှ အရိုးအထူးကုခွဲစိတ်ဆရာဝန် Dr Jeffrey Chew နဲ့ ဆက်သွယ်ပြီးသေချာစုံစမ်းခဲ့ပါတယ်။

    ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဒေါက်တာ Jeffrey Chew က ဒူးမှာ အတွင်းဖက်ပိုင်း၊အပြင်ဖက်ပိုင်း နဲ့ ဒူးခေါင်းရိုးတဝိုက် အပိုင်းတွေ ဆိုပြီးအပိုင်း ၃ ပိုင်းပါဝင်ပါတယ်။ တကယ်လို့ အပိုင်းသုံးပိုင်းထဲက နှစ်ပိုင်းပျက်စီးပြီဆိုရင်တော့ ဒူးအစားထိုးလဲလှယ်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ တကယ်လို့ တစ်ပိုင်းပဲ ထိသေးတယ်ဆိုရင် partial knee replacement လို့ခေါ်တဲ့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ခံယူနိုင်ပါတယ်၊ လို့ရှင်းပြပါတယ်။

    MAKOplasty ဆိုတာ ဘာလဲ

    စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ minimally invasive surgery တစ်မျိုး(ခွဲစိတ်ဒဏ်ရာ အသေးဆုံးဖြစ်အောင် ခွဲစိတ်နည်းတစ်မျိုး)ပါ။ စက်ရုပ်လက်တံမှာ တပ်ဆင်ထားတဲ့ ခွဲစိတ်ကိရိယာတွေကို အထူးပြုလုပ်ထားတဲ့ ကွန်ပျူတာတွေကတဆင့် ခွဲစိတ်ဆရာဝန်က ထိန်းချုပ်ပါတယ်။ ဒီနည်းပညာဟာ ပျက်စီးနေတာ သို့မဟုတ် ဒဏ်ဖြစ်နေတဲ့ ဒူးမျက်နှာပြင်တွေကို ပြင်ပအစားထိုးပစ္စည်းတွေနဲ့ လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။ osteoarthritis အဆစ်အမြစ်ရောင်ရောဂါကြောင့် ပျက်စီးသွားတဲ့ ဒူးအရိုးနုတွေကို အစားထိုးလဲလှယ်ပေးတာမို့ နာကျင်ခြင်းဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    လူနာရဲ့ ဒူးခေါင်းကို ရိုက်ယူထားတဲ့ ကွန်ပျူတာဓါတ်မှန် (CT scan)ကို ကွန်ပျူတာစနစ်ထဲ ဦးစွာ ထည့်သွင်းရပါတယ်။ အစားထိုးလဲလှယ်မယ့်နေရာ အတိအကျကို သတ်မှတ်ပုံဖော်ပြီးပြီဆိုတာနဲ့ ကွန်ပျူတာစက်ရုပ်စနစ်က ခွဲစိတ်ဆရာဝန်ကို အမြင်အာရုံ၊အကြားအာရုံ နှစ်မျိုးလုံးကို အသုံးပြုလို့ လမ်းညွှန်ပေးပါတယ်။ ဒါမှသာ ဒူးမျက်နှာပြင်ကို ပြန်လည်ပုံသွင်းခြင်းနဲ့ ဒူးရိုးအစားထိုးပစ္စည်းတွေ လဲလှယ်တပ်ဆင်ခြင်းကို အတိကျဆုံး မှန်ကန်စွာ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

    ခွဲစိတ်ကုသမှုခံယူရန်ဆုံးဖြတ်ခြင်း

    လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာတော့ ဦးသူရကျော် ကိုMount Elizabeth ဆေးရုံက အရိုးအထူးကုခွဲစိတ်ဆရာဝန်Dr Jeffrey Chew က ဒူးခေါင်း အပြင်ဘက်ပိုင်းနဲ့ အရိုးတဝိုက်မှာထိခိုက်မှုတွေရှိနေတာကြောင့် ဒူးအစားထိုးကုသမှုခံယူလိုက်တာက အကောင်းဆုံးပါပဲလို့ အကြံပြုခဲ့ပါတယ်။ ဒူးအစားထိုးကုသမှုခံယူဖို့အတွက် ဒူးကို အရင်ဆုံး CT scan ရယူလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ makoplasty ကုထုံးခံယူဖို့အတွက် လိုအပ်တာတွေကိုပြင်ဆင်ပါတယ်။

    ဦးသူရကျော် တစ်ယောက်ဒေါက်တာJeffrey Chew ဦးဆောင်တဲ့အဖွဲ့ရဲ့ ခွဲစိတ်ကုသပေးမှုကို စတင်ခံယူခဲ့ပါတယ်။ နာရီအတော်ကြာကုသမှုခဲ့ပြီး ခွဲစိတ်ကုသမှုလည်းအောင်အောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ပါတယ်။ ခွဲစိတ်တယ်ဆိုပေမယ့် အရမ်းအကြီးစားကြီးခွဲစိတ်တာမျိုးမဟုတ်ပါဘူး။ ဒူးနားမှာ ၄လက်မကနေ ၆လက်မလောက်သာရှိတဲ့ ခွဲစိတ်တာမျိုးကိုပဲလုပ်ဆောင်တာဖြစ်တာကြောင့် ခွဲစိတ်မှုဒဏ်ရာကြီးကြီးမားမားတော့မကျန်ခဲ့ပါဘူး။ လိုအပ်တဲ့ ထိခိုက်မိတဲ့နေရာကိုသာ ခွဲစိတ်ကုသတာဖြစ်တာကြောင့်ပြန်လည်နလန်ထလာဖို့အတွက် အချိန်ပေးရတာလည်းသက်သာခဲ့ပါတယ်။

    ခွဲစိတ်ပြီးချိန်မှာတော့ထောက်မရဖြစ်နေတဲ့ ဒူးက ချိုင်းထောက်ကို အားပြုပြီး မတ်တတ်ရပ်လို့ရခဲ့ပါပြီ။ ခွဲစိတ်ပြီး နှစ်ပတ်လောက်အထိတော့ ချိုင်းထောက်ကိုပဲသုံးပြီးလျှောက်ဖို့ဒေါက်တာ Chew ကပြောပါတယ်။ ခွဲစိတ်မှုပြီးတဲ့အချိန်မှာလည်း ဆရာဝန်တွေက အနီးကပ်ကြည့်ရှု့စောင့်ရှောက်ပေးတာကြောင့် ခွဲစိတ်ပြီး သိပ်မကြာခင်မှာပဲ ဒူးနာတာက သက်သာလာပြီး အကူအညီမပါဘဲ ကိုယ်တိုင်လှုပ်ရှားနိုင်တဲ့အနေအထားကိုရောက်ရှိလာခဲ့ပါတယ်။

    ခွဲစိတ်ထားတဲ့ ချုပ်ရိုးဒဏ်ရာတွေသက်သာလာတဲ့အချိန်အထိသေချာဂရုစိုက်စောင့်ရှောက်ပေးပြီး နလန်ထလာအောင်သေချာစောင့်ရှောက်ပေးခဲ့ပါတယ်။

    MAKOplasty ရဲ့ ကောင်းကျိုးတွေ

    ဒီနေရာမှာ Makoplasty ရဲ့ကောင်းကျိုးလေးတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ Makoplasty ကုထုံးခံယူတဲ့အခါ –

    မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း —- ဒီခွဲစိတ်မှုဟာ ဒူးရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကိုပဲ ဦးတည်ချက်ထားပြီး ကုသပေးတာမို့ မကောင်းတော့တဲ့ ဒူးအစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ချိန်မှာပဲ ဘေးနားပတ်လည်မှာ မပျက်မစီးရှိနေသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ခွဲစိတ်မှုကြောင့် ဒဏ်ဖြစ်ခြင်းကို အနည်းဆုံး ဖြစ်စေမယ့်အပြင် လျင်မြန်စွာ နလန်ထလာနိုင်မှာပါ။

    အမာရွတ်အနည်းဆုံးဖြစ်ခြင်း —- MAKOplasty ခွဲစိတ်မှုကို ပြုလုပ်တဲ့အခါ သင့်ဒူးနားတဝိုက်မှာ ၄-၆ လက်မလောက်ပဲရှိတဲ့ ခွဲစိတ်ရာအသေးလေးတွေသာ ရှိမှာဖြစ်တဲ့အတွက် အမာရွတ်လည်း နည်းနည်းပဲ ကျန်မှာပါ။

    ခွဲစိတ်ပြီးတဲ့အခါ သဘာဝနဲ့ ပိုမိုတူညီတဲ့ ဒူးကို ရရှိခြင်း —- မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့အပြင် ပြင်ပပစ္စည်းကို အစားထိုးထည့်သွင်းရာမှာလည်း နေရာပိုမိုတိကျတာကြောင့် ပိုပြီးသဘာဝဆန်ဆန်ဖြစ်စေမှာပါ။

    အစားထိုးထည့်သွင်းထားတဲ့ ပစ္စည်းကြာကြာခံခြင်း —- အဆိုပါ အစားထိုးပစ္စည်းလေးဟာ ဆယ့်ငါးနှစ်ကနေ အနှစ်နှစ်ဆယ်လောက်အထိ သက်တမ်းရှိတာမို့ ဒူးတစ်ခုလုံးအစားထိုးလဲလှယ်ပစ်လိုက်တာနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။

    လျင်မြန်စွာ နလန်ထနိုင်ခြင်း —- လိုအပ်တဲ့ နေရာကိုပဲ ခွဲစိတ်ကုသတာဖြစ်တဲ့အတွက် နာလန်ထချိန်ဟာ တော်တော်လေးမြန်ပါလိမ့်မယ်၊စောပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အနည်းကနေ ရက်သတ္တပတ်နှစ်ပတ်လောက်အထိပဲ ချိုင်းထောက်ကို သုံးဖို့ လိုအပ်မှာလို့ Dr Chew က ဆိုပါတယ်။ ရက်သတ္တပတ် ခြောက်ပတ်ကြာပြီးချိန်မှာတော့ လူနာအနေနဲ့ ပြေးခြင်း၊ရေကူးခြင်း နဲ့ ဘောလုံးကန်ခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါပြီ။ ဒူးအကွေးအဆန့်လုပ်ရတာလည်း မူလသဘာဝအတိုင်းလို့ကို ခံစားရမှာပါ။

    ဘယ်သူတွေမှာ MAKOplasty ပြုလုပ်သင့်သလဲ

    ရောဂါအတော်လေးရင့်နေတဲ့ ဒူးနာဝေဒနာရှင်တွေထက်စာရင် ကနဦးအဆင့်ကနေ သာမန်အဆင့်ဒူးနာခြင်းဝေဒနာကို ခံစားနေရတဲ့ လူနာတွေမှာ ဒီကုသမှုကို ပြုလုပ်သင့်ပါတယ်။ သူတို့ ပုံမှန်ပြုလုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ လူတွေက ကုသမှုခံယူကြတာ များပါတယ်။ တကယ်လို့ ဒူးနာခြင်းဝေဒနာဟာ သင့်ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ခက်ခဲအောင် အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ MAKOplasty ခွဲစိတ်ကုသမှု ခံယူဖို့ သင့်တော်မှုရှိမရှိ သိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဒီခွဲစိတ်မှုဟာ သင်နဲ့ ကိုက်ညီခြင်းရှိမရှိကို သိနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ သင့်ရဲ့ ဒူးကို အသေအချာ လေ့လာစမ်းသပ်စစ်ဆေးရမှာပါ။

    Makoplasty ကုသမှုခံယူပြီးတဲ့ ဦးသူရကျော် တစ်ယောက်ကတော့ အခုလက်ရှိမှာ ကိုယ့်ခြေထောက်တွေပေါ်မတ်မတ်ရပ်ရင်း စိတ်သွားတိုင်းကိုယ်ပါလှုပ်ရှားနိုင်နေပြီပဲဖြစ်ပါတယ်။ ဆရာဝန်တွေရဲ့သေချာတဲ့ဂရုစိုက်မှုကြောင့် လုံးဝလှုပ်မရလောက်တဲ့အထိဖြစ်နေတဲ့ခြေထောက်ပြန်ကောင်းလာခဲ့ပြီပဲဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement