backup og meta

အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

    အကြောအခြင်တွေပြေဖို့ဆိုပြီး Spaတွေ၊ အကြောပြေစင်တာတွေသွားကြတယ်မဟုတ်လား။ အဲဒီမှာ တစ်နာရီလောက် အနားယူဖြေလျှော့လိုက်တာက နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကိုလည်းလျော့ပါးစေနိုင်တာလည်းပါတာပေါ့လေ။ ဒါပေမယ့် အမြဲသွားလို့တော့ အဆင်မပြေနိုင်ဘူးလေ။

    ဒါ့ကြောင့် ကိုယ့်ကိုယ်ကို နှိပ်နယ်လို့ရတဲ့ အလွယ်နည်းလေးတွေသိထားရင် အချိန်မရွေးသက်သောင့်သက်သာဖြစ်စေနိုင်တာပေါ့။ နှိပ်နယ်နည်းတွေ အများကြီးရှိတဲ့အထဲကမှ အလွယ်ကူဆုံးလေးတွေကို ရွေးပေးထားတာနော်။ ဒီလိုအကျိုးကျေးဇူးရှိမှန်းမသိဘဲ ကိုယ်လုပ်နေကျအမူအကျင့်လေးတွေတောင်ဖြစ်နေနိုင်ပါသေးတယ်။

    အချိန်မရွေးအသုံးဝင်မယ့် ကိုယ့်ကိုယ်ကို နှိပ်နယ်နည်း (၇) နည်း

    (၁) မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လက်သီးဆုပ်နဲ့ ဖွဖွနှိပ်ပါ

    လက်သီးဆုပ်ကို သုံးပြီး ခန္ဓာကိုယ်နောက်ခြမ်းတစ်ခုလုံးကို လက်မောင်းကစပြီး အထက်ကနေအောက်ကို ခပ်ဖွဖွထုပါ။ ခပ်ဆတ်ဆတ်လေးပါပဲ၊ အားသိပ်မသုံးနဲ့နော်။ ဒီလိုလုပ်ခြင်းအားဖြင့် ကြွက်သားနဲ့အရိုးကို သန်မာစေပြီးသွေးလည်ပတ်မှုကောင်းစေတယ်၊ အာရုံကြောအစွန်တွေကို ပြေလျော့စေတယ်။ ဒါပေမယ့် ကိုယ်က သွေးကျဲဆေးသောက်နေရတဲ့သူတွေဆိုရင်တော့ အားနဲ့ ထုတာမျိုး မလုပ်သင့်ပါဘူး။

    (၂) အစာစားပြီး ဗိုက်ကိုပွတ်ပါ

    ဒါကတော့ ကလေးလေးတည်းကတောင် လူတိုင်းလိုလို လုပ်မိတတ်ကြတဲ့ အကျင့်လေးတစ်ခုပါ။ စားချင်ရာစားပြီးလို့ ဗိုက်ကားနေပြီဆို ပူထွက်လာတဲ့ဗိုက်လေးကို ပွတ်နေတတ်တာမျိုး။ တကယ်အသုံးဝင်ပါတယ်တဲ့။ ဗိုက်ပေါ်မှာ လက်တစ်ဖက်တင်ထားပြီး လက်ဝဲရစ် ပွတ်ပေးပါ။ ဒါဟာ အူတွင်းမှာ အစာတွေရွေ့လျားတဲ့လမ်းကြောင်းအတိုင်းပဲမို့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးတာက အစာချေဖျက်မှုကို ပိုကောင်းစေဖို့ အထောက်အကူပေးပါတယ်။

    (၃) ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့ ပွတ်ချပါ

    ဘာလေ့ကျင့်ခန်း၊ ဘာလှုပ်ရှားမှုပဲဖြစ်ဖြစ် မလုပ်ခင်မှာ ခန္ဓာကိုယ်ကို အနည်းငယ်နှိပ်နယ်တာက ကြွက်သားတွေဆီကို သွေးလည်ပတ်မှုပိုကောင်းစေနိုင်ပါတယ်။ အားကစားလုပ်ပြီးချိန် ကြွက်သားတွေကိုနှိပ်နယ်တာက ကိုယ်တွင်းက အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ဖို့ အထောက်အကူပေးနိုင်တယ်။ ကြွက်သားပြန်လည်ပြေလျော့တာ မြန်ဆန်စေနိုင်တယ်။ မကစားခင်မှာ လက်သီးဆုပ်လေးနဲ့ ဖွဖွထုပေးတာကလည်း လက်နဲ့ခြေထောက်ကြွက်သားတွေကို သွေးလည်ပတ်မှုကောင်းစေပါလိမ့်မယ်။ လေ့ကျင့်ခန်းပြီးတဲ့အခါ ကြွက်သားတွေကို လက်ဖဝါး သို့မဟုတ် လက်သီးဆုပ်နဲ့ ပွတ်သပ်ချပါ။

    (၄) လက်ကို နှိပ်နယ်ပါ

    သနပ်ခါးလိမ်းတာဖြစ်ဖြစ်၊ လိုးရှင်းလိမ်းတဲ့အခါပဲဖြစ်ဖြစ် လက်ကိုတခါတည်းနှိပ်နယ်ပေးပါ။ ဒီလောက်လေးနဲ့ပဲ နေ့တိုင်းနှိပ်ပေးတာတော့ လုပ်သင့်ပါတယ်။ လက်ကို အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးတဲ့အခါ ဘယ်ဘက်လက်ရဲ့လက်ဖနောင့်ကို ညာဘက်လက်မထိပ်နဲ့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပြီး နှိပ်နယ်ပါ။ နှိပ်နယ်ရင်း လက်ဖဝါးတစ်ခုလုံးကို ဖြည်းဖြည်းချင်း ရွှေ့သွားပါ။ ညာလက်ကို တလှည့်ပြောင်းနှိပ်ပါ။ ပြီးရင် လက်ဖမိုးကို လိမ်းတဲ့အခါလည်း အနည်းငယ်နှိပ်လိမ်းပါ။ လက်ချောင်းလေးတွေကို တစ်ချောင်းချင်း အတွင်းဘက်ကနေ နှိပ်နယ်ပွတ်လိမ်းပါ (လက်မထိပ်နဲ့သာနှိပ်ပါ)။ လက်တစ်ချောင်းချင်းကို ညင်သာစွာ ဆွဲပါ။

    (၅) အကြောတောင့်တင်းတဲ့အခါ တင်းနစ်ဘောလုံးကို နင်းပါ

    လုံးဝတက်နင်းဖို့ မဟုတ်ပါဘူး။ ခြေဖဝါးတစ်ဖက်နဲ့ပဲ နင်းရင်း လှိမ့်ပေးပါ။ နံရံ သို့မဟုတ် စားပွဲ၊ ခုံ တစ်ခုခုကို ကိုင်ပြီးခြေတစ်ဖက်ကို တင်းနစ်ဘောလုံးပေါ်နင်းထားပါ။ ခန္ဓာကိုယ်အလေးချိန်ကို ခြေဖဝါးမှာ တဖြည်းဖြည်းဖိပြီး ဘောလုံးကို ခြေဖဝါးအခုံးအောက်မှာ ဖိမိအောင်လုပ်ပါ။ ခြေထောက်ကို ဖြည်းဖြည်းချင်းလှုပ်ရှားပြီး ဘောလုံးကို ခြေဖနောင့်၊ ခြေဖဝါးအရှေ့ပိုင်း၊ ခြေချောင်းအောက်တွေအထိရောက်အောင် ဖိလှိမ့်ပါ။ နှိပ်နယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဘောလုံးကကြီးနေရင်တော့ ဂေါက်သီးလောက်ဆိုလည်း ရပါတယ်။

    (၆) ကိုယ့်ကိုယ်ကို ပွေ့ဖက်ပါ

    ပခုံးကြောတွေ တောင့်တင်းနေတာ သက်သာစေဖို့ ကိုယ့်ရဲ့လက်နှစ်ဖက်ကို သိုင်းယှက်ပြီး ပခုံးနှစ်ဖက်ကို ကိုင်ဖက်ပါ။ ပခုံးကို ကျုံ့ပြီး ခပ်တင်းတင်း ၃ ကြိမ်ဖက်ညှစ်ပါ။ ပြီးရင် လက်ကို ဖြေလျှော့ပြီး ဘေးနှစ်ဖက် ပြန်ချပါ။

    (၇) ခေါင်းကိုက်နေရင် ဦးရေပြားကိုနှိပ်ပါ

    ကျောမှီပါတဲ့ ထိုင်ခုံတစ်ခုနောက်မှာရပ်ပါ။ ထိုင်ခုံနောက်မှီနဲ့ နဖူးထိတဲ့အထိ  ရှေ့ကိုငိုက်ချပါ။ ဒီအတိုင်း ဖိကပ်လျက်နဲ့ စက္ကန့် ၃၀လောက် ခန္ဓာကိုယ်ကို ဖြေလျှော့ထားပါ။ ပြီးရင် ထိုင်ခုံမှာ ထိုင်ပြီး ဆံပင်ကို နည်းနည်းချင်းအသာလေးစုကိုင်ပြီး တင်းတင်းဆွဲပါ။ ၂ စက္ကန့်လောက်နေရင် ဖြည်းဖြည်းချင်းပြန်လွှတ်ပါ။ခေါင်းရဲ့နေရာအနှံ့က ဆံပင်ကို အရှေ့ခြမ်းကနေ အနောက်ခြမ်းထိ တစ်စုချင်းစီ ဒီလိုဆွဲပေးပါ။ ဖိအားတွေပြေလျော့ပြီး ခေါင်းကိုက်သက်သာသွားပါလိမ့်မယ်။

    လုပ်လို့ရတာတွေ ပြောပြပြီးပြီဆိုတော့ လိုအပ်သလို အသုံးချနိုင်ကြပါတယ်နော်။ ခက်ခဲတဲ့နည်းလမ်းတွေမဟုတ်သလို ဘေးဖြစ်စရာလည်းမရှိပါဘူး။ သို့သော် အစွမ်းတော့ ထက်ပါတယ်လို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement