backup og meta

ယစ်ရွှေရည် ကို ဘယ်လို မှီဝဲကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယစ်ရွှေရည် ကို ဘယ်လို မှီဝဲကြမလဲ

    သောက်တတ်စားတတ် ပျော်တတ်ပါးတတ်သူတွေ ဝိုင်းဖွဲ့ကြလို့ ရေချိန်လေး ကိုက်လာရင် အချင်းချင်း အသင်းအပင်းတွေကြား ပြောနေကြစကားလေးရှိတယ်။ “သားကြီး တော်တော့၊ ဒီနေ့တော့ မင်းသောက်တာ အတော်များနေပြီ” ဆိုတာမျိုးပေါ့။ အဲ့တော့ တစ်ဖက်လူက သောက်တာ ရပ်သွားသလား။ နိုးပါ။ အဲ့လိုနဲ့ မိုးလင်းကြရတာပါပဲ။ ဒါကလည်း ယစ်ရွှေရည် နှစ်ခြိုက်သူတွေရဲ့ အလေ့အထလေး တစ်ခုပေါ့။

    ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ

    အရွယ်ရောက်ပြီးသူ အတော်များများဟာ အရက်ကို အနည်းအကျဉ်းလောက်တော့ သောက်ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ ဘယ်လိုပမာဏကို များနေပြီလို့ ဆိုမလဲ။ ဘယ်လိုပမာဏမျိုး နေ့စဉ် သောက်လို့ရနိုင်မလဲ။ တစ်ပတ်ကို ဘယ်လောက် ပမာဏမျိုးသောက်လို့ရသလဲ။ အရက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သုံးလို့ရနိုင်မလား။

    ဒီမေးခွန်းတွေဟာ ယျေဘုယျဆန်တဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ ယစ်ရွှေရည် ကိုမှ နှစ်သက်ကြတဲ့ ယမကာလုလင်တိုင်း သိချင်မယ်ဆိုတာ သေချာပါတယ်။

    ဘယ်လိုသောက်ကြမလဲ

    ကဲ ပထမဆုံး အရက်ကို ဘယ်လိုသောက်ကြမလဲဆိုတာကို ဖြေကြည့်ရအောင်။ အရေးအကြီးဆုံးအချက်တွေကို ပြောကြည့်မယ်။

    • ကိုယ့်လစ်မစ် ကိုယ်သိရမယ်၊
    • မသောက်ခင်ရော သောက်နေချိန်မှာပါ အစာစားပါ၊
    • ဖြေးဖြေးနဲ့ မှန်မှန်သောက်ပါ၊
    • ရေဆိုဒါအချိုရည်တို့နဲ့ တွဲဖက်သောက်သုံးပါ၊
    • မသောက်ဖူးတဲ့ ယမကာမျိုးတွေကို စမ်းသပ်သောက်သုံးတာမျိုး တတ်နိုင်သမျှ ရှောင်ပါ၊
    • ကိုယ့် ခန္ဓာကိုယ်က အယ်လ်ကိုဟောကို ဘယ်လောက် ခြေဖျက်နိုင်သလဲ သိအောင် လုပ်ပါ၊
    • နေ့စဉ်ရက်ဆက် မသောက်ပါနဲ့၊
    • အရည်အသွေးကောင်းတာတွေကို ရွေးချယ်သောက်ပါ၊
    • Drinking Games တွေကို ရှောင်ပါ၊
    • အပြင်မှာ ထွက်သောက်တာဆိုရင် ပြန်ဖို့အတွက် ကြိုတင်စီစဉ်ထားပါ၊
    • ကိုယ်မသိတဲ့သူတွေနဲ့ သောက်သုံးတာမျိုး မလုပ်ပါနဲ့၊
    • အရက်နဲ့ လိင်ကို မတွဲဆက်မိပါစေနဲ့၊
    • အရက်နဲ့ မူးယစ်ဆေးကိုလဲ မတွဲဖက်မိပါစေနဲ့၊
    • ကိုယ်ဝန်ရှိနေရင် အရက်မသောက်ပါနဲ့။ မတိုက်ပါနဲ့။

    အထက်ပါအချက်တွေကတော့ အရက်ကို ဘေးကင်းကင်းနဲ့ သောက်သုံးဖို့အတွက် အခြေခံစည်းမျဉ်းတွေဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အားလုံးကို လိုက်နာပြီး သောက်သုံးတာက အကောင်းဆုံးပါပဲ။ National Institute on Alcohol Abuse and Alcoholism ရဲ့ အဆိုအရတော့ အဲ့ဒီ စည်းမျဉ်းတွေကို လိုက်နာသူက ၂% ပဲရှိပါတယ်တဲ့။ အဲ့ ၂% နှုန်းထဲ ကိုယ်ပါဖို့ လိုအပ်တယ်နော်။

    ဘယ်လောက်သောက်ကြမလဲ

    သူရာကို ဖြူပြာကျအောင် သောက်နေကြတဲ့ အရက်သမား ၁၀၀ ကို တစ်နေ့ ပျမ်းမျှ အရက် ဘယ်နှစ်ခွက်လောက် သောက်သုံးရမလဲလို့ လိုက်မေးကြည့်ရင် တစ်ယောက် တစ်ပေါက် ဖြေကြပါလိမ့်မယ်။ လူတစ်ယောက်ဟာ ပျမ်းမျှ အရက် ဘယ်နှစ်ခွက်လောက် သောက်သုံးရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မသိကြတာများပါတယ်။

    • အမျိုးသား – သာမန်ကျန်းမာတဲ့ အမျိုးသားတွေဟာ တစ်ရက်တည်းဆိုရင် ၄ ယူနစ်ထက် မပိုတဲ့ ပမာဏမျိုးသောက်သုံးလို့ရနိုင်ပြီးတော့ ရက်သတ္တ တစ်ပတ်လုံးကို ၁၄ ယူနစ်ထက် မပိုတဲ့ ပမာဏမျိုးအထိ သောက်သုံးလို့ရနိုင်တယ်လို့ National Institute on Alcohol Abuse and Alcoholism (NIAAA) ရဲ့ ညွှန်ကြားချက်မှာ ဖော်ပြထားတယ်။ တစ်ခုတော့ရှိတယ်၊ မက်ခွက်နဲ့တော့ မသောက်နဲ့ပေါ့လေ။ ဒါပေမယ့် ဒီပမာဏကို သောက်သုံးတာဟာ ဘေးအန္တရာယ် နည်းပါးတယ်လို့သာ ဆိုလိုတာဖြစ်ပြီးတော့ လုံးဝအန္တရာယ် ကင်းလိမ့်မယ်လို့တော့ ယူဆလို့မရပါဘူး။
    • အမျိုးသမီး – အမျိုးသမီးတွေအနေနဲ့လည်း ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး တစ်ရက်တည်းသောက်သုံးမယ်ဆိုရင် ၃ ယူနစ်ထက်မပိုတဲ့ ပမာဏမျိုးသောက်သုံးလို့ရနိုင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အယ်လ်ကိုဟောကို ခြေဖျက်နိုင်စွမ်းပိုနည်းပါးတာမို့ အများအပြားသောက်သုံးရင် ပိုမိုထိခိုက်နိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ တစ်ပတ်ကို ၇ ယူနစ်ထက် ပိုပြီးသောက်သုံးတာမျိုး မလုပ်သင့်ဘူးလို့လည်း NIAAA က ဆိုထားကြပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်လို့ရသလား

    အရက် ဆိုတာကြီးက များများသောက်ရင် များများ ကျန်းမာရေးထိခိုက်သလို နည်းနည်းသောက်ရင်လည်း နည်းနည်းထိခိုက်မှာဖြစ်ပါတယ်။ သင့်လျော်တဲ့ ပမာဏဆိုတာ ဘေးထွက်ဆိုးကျိုး နည်းပါးတဲ့ အခြေအနေတစ်ခုကိုသာ ညွှန်းဆိုတာဖြစ်ပါတယ်။

    တက်ကီလာတို့ ဝိုင်တို့လို တစ်ချို့သော အရက် အမျိုးအစားတွေဟာ ကျန်းမာရေးကို ထောက်ကူနိုင်တာမှန်ပေမယ့် သောက်သုံးတဲ့ ပမာဏပေါ်တော့မူတည်ပါတယ်။ ဒါတွေဟာလည်း အလွန်အကျွံမှီဝဲရင် နှလုံးနဲ့ အသည်းကိုထိခိုက်စေမှာပါပဲ။

    ဒီတော့ ကြိုက်ကလည်း ကြိုက်တတ်တယ်၊ ကျန်းကျန်းမာမာလည်း နေချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့် အရက် အမျိုးအစားနဲ့ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ပမာဏမျိုးကို ချင့်ချိန်သောက်သုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။ Risk နည်းတာဟာ Risk မရှိတာမဟုတ်ဘူးဆိုတာလေးကိုတော့ အမြဲမှတ်ထားဖို့ လိုအပ်ပါတယ်နော်။

    ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement