backup og meta

COVID-19 ကပ်ဘေးကာလမှာ ဘာတွေစားသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ကပ်ဘေးကာလမှာ ဘာတွေစားသောက်ပြီး ကိုယ်ခံအားကို မြှင့်တင်မလဲ

    ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (Immune System) ကောင်းမွန်နေမယ်ဆိုရင် ရောဂါအတော်များများကို ကာကွယ်နိုင် တိုက်ထုတ်နိုင်ပါတယ်။ ခုလို COVID-19 ကူးစက်မြန်ရောဂါဆိုးကြီး ပျံ့နှံ့နေချိန်မျိုးတွေမှာ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ ပိုပြီးအရေးကြီးပါတယ်။

    ကိုယ်ခံအားစနစ်ကောင်းမွန်နေရင် COVID-19 ရောဂါပိုးကို ကာကွယ်တိုက်ထုတ်နိုင်တယ်လို့ ဆေးသိပ္ပံနယ်ပယ်က အတည်ပြုထားပြီးဖြစ်တာမို့ ကိုယ့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာဖွေလေ့လာထားဖို့ လိုအပ်ပါတယ်။

    နေ့စဉ် မိနစ် ၃၀ ဝန်းကျင်လောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာနဲ့ အာဟာရ ပြည့်ဝအောင်စားသောက်တာကတော့ အသင့်လျော်ဆုံးနည်းလမ်းတွေပါပဲ။

    အာဟာရပြည့်ဝအောင် စားသောက်တယ်ဆိုရာမှာလည်း တွေ့ကရာအစားအစာတွေကို အတင်းကာရောစားသောက်တာမျိုးမဟုတ်ပဲ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့အစားအစာတွေကို သေချာရွေးချယ်စားသောက်တာက ပိုမိုကောင်းမွန်တဲ့ အမူအကျင့်ဖြစ်ပါတယ်။

    ဒါဆိုရင်တော့ ဘယ်လိုအစားအစာမျိုးတွေက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသလဲဆိုတာကို သင်သိနားလည်ထားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါတယ်။

    ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာများ –

    Citrus အုပ်စုဝင်သစ်သီးများ – ချဉ်တဲ့အရသာရှိတဲ့ သံပုရာ၊ သံပုရို၊ ရှောက်သီး၊ လိမ္မော်၊ ကမ္ဗလာ၊ ရှောက်ချို၊ ကျွဲကောတို့ဟာ ဗီတာမင် C ကြွယ်ဝသော သစ်သီးတွေဖြစ်ပြီးတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့ အစားပေးသင့်ဆုံး အစားအစာမျိုးတွေဖြစ်ပါတယ်။ သူတို့တွေဟာ ရောဂါပိုးကူးစက်မှုတွေကို ပြန်လည်တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။

    အနီရောင်အဆင်းရှိသော ငရုပ်သီးများ – ငရုပ်သီးတွေဟာလည်း ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ တကယ်တမ်းအားဖြင့်ဆိုရင် ငရုပ်သီးဟာ Citrus အုပ်စုဝင်သစ်သီးတွေထက် ဗီတာမင် C နှစ်ဆ ပိုမိုကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့်လည်း အစပ်ဆိုတော့ အလွန်အကျွံမစားဖြစ်ဖို့တော့ သတိထားပေါ့နော်။

    ဘရိုကိုလီ – ဂေါ်ဖီစိမ်းစိမ်း သေးသေးလေးတွေကို အထင်မသေးပါနဲ့။ ဘရိုကိုလီမှာ ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် A၊ C၊ E တို့အပြင် အမျှင်ဓာတ်နဲ့ antioxidants တွေလည်း ပါရှိပါတယ်။

    ကြက်သွန်ဖြူ – ကြက်သွန်ဖြူဟာ ခံတွင်းနံ့ပြင်းထန်စေပေမယ့် ကျန်းမာရေးကောင်းမွန်အောင် အလွန် အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ရောဂါပိုးမွှားကူးစက်မှုကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးမဖြစ်အောင်ကာကွယ်ပေးပြီး သွေးလွှတ်ကြောတွေကိုလည်း တည်ငြိမ်စေတာမို့ COVID-19 ကြောင့် စိုးရိမ်ပူပန်နေကြတဲ့ သွေးတိုးဝေဒနာရှင်တွေအနေနဲ့ ကြက်သွန်ဖြူကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။

    ချင်း – ရှေးကတည်းက ချင်းဟာ အဖျားပျောက်တယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ဖျားတဲ့နာတဲ့အခါမျိုးမှာ ချင်းပြုတ်ရည်တိုက်တဲ့ဓလေ့ဟာ လူမျိုးအတော်များများမှာ ရှိတဲ့ ဓလေ့တစ်မျိုးပါ။ ချင်းဟာ လည်ချောင်းနာတာနဲ့ အဖျားကြောင့် ကိုယ်ပူချိန်တက်တာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အော့အန်တာမဖြစ်အောင်လည်း ကူညီပေးပါသေးတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးတွင်း ကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။

    ကညွတ်ကြီး – Spinach လို့ခေါ်တဲ့ ကညွတ်ကြီးမျိုးမှာ ဗီတာမင် C ကြွယ်ဝစွာပါရှိပါတယ်။ antioxidants အများအပြား နဲ့ beta carotene တို့လည်းပါရှိပါသေးတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို ဗီတာမင် A ပါရှိတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ oxalic acid ကိုလည်း ရရှိစေမှာပါ။

    ဒိန်ချဉ် – နွေလည်းဖြစ် ပူကလည်းပူတာမို့ ဒိန်ချဉ်အေးအေးလေးကို အစာစားပြီးချိန်တိုင်း မှီဝဲပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒိန်ချဉ်ဟာ ရောဂါအများအပြားကို တိုက်ထုတ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်လည်းကောင်းမွန်စေပါတယ်။ ဗီတာမင် D လည်း အများအပြားပါဝင်ပါတယ်။ တစ်ခုသတိထားရမှာက သကြားတွေ အလွန်အကျွံထည့်မစားမိဖို့ပါပဲ။

    ဗာဒံစေ့ – Almonds ၊ ဗာဒံ၊ ဗန်ဒါစသဖြင့် အမျိုးမျိုး လူသိများတဲ့ ဒီအစေ့အဆံလေးဟာ ဗီတာမင် C နဲ့ E တို့ ပမာဏအများအပြား ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါကြောင့် အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်သလို တိုက်ထုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။ ကိုယ်ခံအားစနစ်လည်း မြင့်မားလာစေနိုင်ပါတယ်။

    ဗာဒံစေ့ ပန်းကန်တစ်ဝက်စာလောက် နေ့စဉ်မှီဝဲပေးမယ်ဆိုရင် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် E ပမာဏကို အလုံအလောက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။

    နနွင်း – နနွင်းကိုတော့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတစ်မျိုးအဖြစ် တောင်အာရှဒေသက တိုင်းရင်ဆေးတချို့မှာ မကြာခဏထည့်သွင်း အသုံးပြုကြလေ့ရှိပါတယ်။ အဝါရောင်အဆင်းရှိပြီး စဉ်းငယ်ဖန်တဲ့ ပူတဲ့ အရသာမျိုးရှိတဲ့ နနွင်းကို ဆေးဝါးထည့်သုံးတာ၊ လိမ်းကျံတာ စသဖြင့် အမျိုးမျိုး အသုံးပြုတတ်ကြပါတယ်။

    သိပ္ပံနည်းကျလေ့လာချက်တွေအရ နနွင်းဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကြွက်သားတွေ ပျက်စီးတာ၊ နာကျင်တာတွေ သက်သာအောင်လည်း အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။

    လက်ဖက်စိမ်း– လက်ဖက်စိမ်းလို့ ဆိုထားပေမယ့် လက်ဖက်စိမ်းရော၊ အမည်းရောင်အဆင်းရှိတဲ့ လက်ဖက်မျိုးစိတ်တွေရောဟာ flavonoids နဲ့ EGCG တို့လို စွမ်းအားမြင့် antioxidant တွေပါရှိကြပါတယ်။ EGCG ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ လုပ်ဆောင်ချက်မျိုးကို လုပ်ပေးပါတယ်။

    နောက်ပြီး လက်ဖက်စိမ်းမှာ amino acid L-theanine လည်းပါရှိပါသေးတယ်။ ဒီအက်ဆစ်ဓာတ်က ပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် T-cells တွေကို ထုတ်လုပ်ပေးမှာပါ။ နေ့စဉ်လက်ဖက်စိမ်း ရေနွေးကြမ်းလေးမှီဝဲပြီး ကိုယ်ခံအားစနစ်ကို ပံပိုးတာက ကောင်းမွန်တဲ့ နည်းလမ်းကောင်းတစ်ခုပါနော်။

    သင်္ဘောသီး – သင်္ဘောသီးဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက အမေရိကတိုက်က ဒေသခံ လူသားမျိုးစိတ်တွေရဲ့ အာဟာရ အရင်းအမြစ်ခုဖြစ်ခဲ့ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။ ဘယ်လောက်တောင် ကြွယ်ဝသလဲဆိုရင် ခတ်လတ်လတ် အရွယ် သင်္ဘောသီးတစ်လုံးစားရင် တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့ ၂၂၄% အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

    လိုတာထက်တောင် ပိုနေသေးတဲ့သဘောပါ။ သင်္ဘောသီးဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေရုံသာမက အစာချေစနစ်ကိုလည်း ကောင်းမွန်စေတာမို့ အစာစားချင်စိတ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

    နေကြာစေ့ – နေရာတကာမှာ လက်လှမ်းမှီမှီနဲ့ ဖောဖောသီသီ အလွယ်တကူဝယ်ယူလို့ ရနိုင်တဲ့ နေကြာစေ့တွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ နေကြာစေ့မှာ အာဟာရဓာတ်အမျိုးအမယ်ပေါင်းများစွာပါဝင်နေပြီးတော့ phosphorous ၊ magnesium ၊ ဗီတာမင် B-6 နဲ့ E တို့ပါရှိပါတယ်။ ဗီတာမင် E ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေဖို့ အဓိကကျတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။

    အာဟာရမျှတဖို့ အလေးထားပါ

    လူတစ်ယောက်ဟာ နေ့စဉ် အာဟာရလိုအပ်ချက်ကို သတိထားပြီး မျှတစွာ စားသောက်ပေးဖို့ လိုအပ်ပါတယ်။ အသား၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလောက်မျှတစွာစားသောက်ပေးပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမယ့် အစားအစာတွေကိုလည်း ထည့်သွင်းစားသောက်တာဟာ ကူးစက်နိုင်မယ့် ဘယ်ရောဂါကိုမဆို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    အရေးအကြီးဆုံးက ခုချိန်မျိုးမှာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားသောက်တွေကို မှီဝဲစားသောက်တာတွေ၊ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အစားအသောက်ရှောင်ကြဉ်တာတွေ မပြုလုပ်မိဖို့ပဲဖြစ်ပါတယ်။

    COVID-19 ကပ်ဘေးကာလမှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ပြင်ဆင်ထားတာဟာ ရောဂါကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ အာဟာရပြည့်ဝစွာ စားသောက်ကြပါလို့ တိုက်တွန်းရင်း … ရောဂါကပ်ဘေးကို အမြန်ဆုံး ကျော်လွှားနိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။

    [covid_19]

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement