backup og meta

အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှုလိုအပ်သလား


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေအတွက်ရော အရေပြားထိန်းသိမ်းမှုလိုအပ်သလား

    လူမှုစံနှုန်းတွေအရ အမျိုးသားတွေကို ခပ်ကြမ်းကြမ်းခပ်ပေပေနေတတ်ကြတဲ့သူတွေအဖြစ် ရှုမြင်တတ်ကြပါတယ်။ယောက်ျားတွေဟာ အသားရေထိန်းသိမ်းဖို့မလိုအပ်ဘူး ဒီအတိုင်းပဲနေလို့ရတယ်ဆိုတဲ့အမြင်ကနေ တဖြည်းဖြည်းပြောင်းလဲလာတာက သိပ်မကြာသေးဘူး။ ဒါဆိုရင်မေးစရာရှိတာက အမျိုးသားတွေရော အသားရေထိန်းသိမ်းမှုလိုအပ်သလားဆိုတဲ့မေးခွန်းပါ။ အဖြေကတော့ အင်မတန် သိသာထင်ရှားပါတယ်။ လိုအပ်ပါတယ်။

    တော်တော်များများ နားလည်ထားတာက အမျိုးသားတွေက အသားအရေကိုထွေထွေးထူးထူးထိန်းသိမ်းတာမျိုးမလိုဘူးလို့ပေါ့။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း အသားအရေကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကို ကြည့်ကောင်းစေတဲ့ အချက်တွေထဲမှာ အသားအရေကောင်းမွန်ခြင်းကလည်း တစ်ခုအပါအဝင်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီး လှုပ်လှုပ်ရှားရှားလုပ်ကိုင်နေထိုင်တတ်တဲ့အလေ့အထရှိသလို အသားအရေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ရတာ၊ အရက်သေစာသောက်စားတာတွေ နဲ့ဆေးလိပ်သောက်သုံးတာတွေကိုလည်း လုပ်လေ့ရှိကြပါတယ်။

    အားကစားလုပ်တဲ့အမျိုးသားများမှာလည်း အားကစားလုပ်တဲ့အခါ မျက်နှာပြင်မှာ အဆီနဲ့ချွေးတွေထွက်လာတတ်ပြီးသေချာသန့်ရှင်းမှုမလုပ်ဘူးဆိုရင် အသားအရေကို ထိခိုက်ပျက်စီးတာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။နေရောင် နဲ့ ဆေးလိပ်သောက်သုံးမှုက အသားအရေအတွက် အဓိကရန်သူတွေပါ။ ဒီနှစ်ချက်က မျက်နှာမှာ အရေအကြောင်းတွေဖြစ်စေပြီး မျက်နှာအရေပြားကို ထိခိုက်စေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ အသားအရေထိန်းသိမ်းဖို့ဆိုရင် စွန့်လွှတ်သင့်တဲ့ အကျင့်တစ်ခုကဆေးလိပ်သောက်တဲ့အကျင့်ပါ။ ဒါ့အပြင် မျက်နှာအသားအရေ ကို အိုမင်းရင့်ရော်မှုကနေ ကာကွယ်ဖို့လုပ်ဆောင်နိုင်တဲ့နောက်တစ်နည်းက အစိုဓါတ်ထိန်းအလှကုန်တွေအသုံးပြုပေးတာပါ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ အသားအရေဖွဲ့စည်းပုံချင်းကမတူဘဲ အမျိုးသားတွေရဲ့ အရေပြားက ပိုမိုထူထဲပြီး အဆီပြန်တတ်တဲ့ သဘာဝရှိတာကြောင့် အသုံးပြုရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေက လည်းကွဲပြားပါတယ်။

    ကြည့်ကောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်စေဖို့ဆိုရင် အဝတ်အစားတွေကို သပ်ရပ်လိုက်ဖက်အောင် ဝတ်စားတတ်ရုံသာမက အရေပြားကိုလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီအောင် ထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ကောင်းမွန်တဲ့ အသားအရေပိုင်ဆိုင်နိုင်ဖို့အတွက် လုပ်ဆောင်ရာမှာ အသုံးတည့်စေမယ့် အချက်တချို့ကိုဖော်ပြပေးလိုပါတယ်။

    မျက်နှာသစ်ဆပ်ပြာသုံးပေးပါ။

    မနက်တစ်ကြိမ် ညအိပ်ရာဝင်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ကတော့ မနက်တိုင်းမျက်နှာကိုရေအေးအေးလေးသုံးပြီး သန့်စင်ပေးပါ။ အပြင်းစားဆပ်ပြာမျိုးတွေကို မသုံးမိဖို့လည်း သတိထားပါ။ ကိုယ်တိုက်ဆပ်ပြာအပြင်းစားတွေကို အသုံးပြုပြီးမျက်နှာကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာက အသားအရေအတွက်ကောင်းကျိုးမဖြစ်တဲ့ အပြင် အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဝက်ခြံရှိတဲ့အသားအရေမျိုးဖြစ်နေမယ် ဆိုရင် ဝက်ခြံတွေကိုတောင်ပိုဆိုးလာစေပါလိမ့်မယ်။

    အရေပြားပေါ်ကဆဲလ်သေတွေကို scrub လုပ်ပြီး ဖယ်ရှားပေးပါ။

    တစ်ပတ်ကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခန့်လုပ်ပေးလို့ရပါတယ်။ အရေပြားမှာ ကျိန်းစပ်တာမျိုးတွေ ခံစားလာရရင်တော့ အရေပြားက ခံနိုင်ရည်ရှိသလောက်ပဲလုပ်ပေးပါ။ အမျိုးသားအများစုက အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာမျိုးလုပ်ဆောင်ပေးသင့်ပါတယ်။ အရေပြားခြောက်သွေ့သူတွေအနေနဲ့ကတော့ တစ်ပတ်ကို တစ်ကြိမ်လောက်လုပ်ပေးရင်ကိုလုံလောက်ပါပြီ။အရေပြားပေါ်ကဆဲလ်သေတွေကွာကျအောင်လုပ်ဆောင်လိုက်တဲ့အခါ အရေပြားဆဲလ်တွေကို ပုံမှန်အတိုင်းပြန်ဖြစ်ပေါ်လာစေတာကြောင့် အသားအရေခြောက်သွေ့မှုကို သက်သာစေမှာဖြစ်ပါတယ်။ မျက်နှာပေါ်ကချွေးပေါက်တွေကို ပွင့်စေပြီး မုတ်ဆိတ်ရိတ်ရတာလည်း ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

    ဝက်ခြံတွေကို ညှစ်ထုတ်တာကတော့ နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။ ဝက်ခြံတွေကို ညှစ်ထုတ်လိုက်တဲ့ အခါ မျက်နှာပေါ်က ဆံချည်မျှင်သွေးကြောလေးတွေပေါက်ထွက်သွားပြီး မျက်နှာမှာ ညိုတိုတို အမာရွတ်တွေထင်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓါတုပစ္စည်းတွေပါဝင်မှုများတဲ့ မျက်နှာတိုက် Scrubတွေကမျက်နှာအရေပြားမှာ အရေးအကြောင်းတွေဖြစ်ပေါ်စေနိုင်သလို အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ မျက်နှာကို scrub လုပ်တဲ့အခါမှာ အဝတ်စကြမ်းကြမ်းတွေမသုံးမိဖို့လည်းလိုပါတယ်။ Scrubတွေမှာပါတတ်တဲ့ ဓါတုပစ္စည်းတစ်မျိုးဖြစ်တဲ့salicylic acid ကတော့ချွေးပေါက်တွေထဲမှာပိတ်ဆို့နေတဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကိုပါဖယ်ရှားပေးနိုင်ပြီး ဝက်ခြံတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးပါ။

    မျက်နှာသစ်ပြီးတိုင်းလူးပေးနိုင်ပါတယ်။ရေချိုးပြီးတဲ့အခါတိုင်းလည်းလိမ်းပေးနိုင်ပါတယ်။ မျက်နှာအသားအရေခြောက်သွေ့ညိုမဲတာမျိုးမဖြစ်အောင် အစိုဓါတ်ထိန်းခရမ်တစ်မျိုးမျိုးလူးပေးသင့်ပါတယ်။ မျက်နှာသစ်လိုက်တဲ့အခါတိုင်း မျက်နှာအရေပြားပေါ်မှာရှိနေတဲ့ အဆီတွေရာ အစိုဓါတ်ထိန်းပေးတဲ့အရာတွေကိုပါ သစ်ချလိုက်သလိုဖြစ်တာကြောင့် မျက်နှာသစ်ပြီးတဲ့အခါတိုင်း အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့လိုပါတယ်။ အစိုဓါတ်ထိန်းပေးတဲ့ အလှကုန်တွေက အသားအရေအတွက် လိုအပ်တဲ့ရေဓါတ်ကိုဖြည့်ပေးပြီး အရေပြားခြောက်သွေ့တာ၊ရေဓါတ်ခမ်းခြောက်တာနဲ့ အရေပြားညိုမွဲတာတွေကိုသက်သာစေနိုင်ပါတယ်။

    နေလောင်ကာခရင်မ်လူးပေးပါ။

    နေလောင်ကာခရင်မ်လူးပေးပါ။ ဘယ်အချိန်ချိန်ဖြစ်ဖြစ်လူးပေးလို့ရပါတယ်။ ရာသီသုံးပါးစလုံးလူးပေးလို့ရပါတယ်။ မျက်နှာ လည်ပင်းတွေနဲ့နေရောင်ထိနိုင်တဲ့နေရာတွေကို လူးပေးလို့ရပါတယ်။ အနည်းဆုံး SPF 15 ပါတဲ့ နေလောင်ကာခရင်မ်မျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အရေပြားခြောက်သွေ့တာ၊ အရေးအကြောင်းဖြစ်တာ၊ အသားအရေအရောင်မညီတာမျိုးတွေကို ကာကွယ်ချင်ရင်တော့နေလောင်ကာခရင်မ်လိမ်းကိုလိမ်းရပါလိမ့်မယ်။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မိတဲ့အခါမျိုးမှသာနေလောင်ကာခရင်မ်ကိုလူးဖို့လိုတာမဟုတ်ပါဘူး။နေရောင်ဝင်ရောက်နိုင်တဲ့နေရာတွေဖြစ်တဲ့အလုပ်စားပွဲမှာထိုင်နေရင်းပဲဖြစ်ဖြစ် ကားမောင်းနေချိန်မှာပဲဖြစ်ဖြစ်နေလောင်ကာခရင်မ်လူးဖို့လိုအပ်ပါတယ်။နေလောင်ကာခရင်မ်ကရေစိုဒဏ်မခံနိုင်တာကြောင့်ချွေးထွက်သွားတဲ့အခါပျက်သွားတတ်တဲ့အတွက် ထပ်လူးပေးဖို့လိုပါလိမ့်မယ်။

    တိုနာသုံးပေးလို့ရပါတယ်။

    အမျိုးသားတော်တော် သူတို့မျက်နှာ အသားအရေအတွက် တိုနာသုံးဖို့ လို၊မလိုနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်တတ်ပါတယ်။ အမှန်ကတော့ လိုပါတယ်။ မျက်နှာပေါ်က မျက်စိနဲ့မမြင်ရတဲ့ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေဖို့အတွက်ဆိုရင် မျက်နှာသစ်ပြီးတဲ့အခါ တိုနာသုံးပေးဖို့လိုပါတယ်။ အရည်ပုံစံ အလှကုန်ဖြစ်တာကြောင့် သုံးရတာလည်းအဆင်ပြေပါတယ်။ တိုနာကို အရေပြားအစိုဓါတ်ထိန်းပေးနိုင်စေဖို့ glycerin နဲ့ hyaluronic acid ၊ အရေပြားအပေါ်ယံလွှာမှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့အတွက်AHA နဲ့ BHA တို့ကို အသုံးပြုထုတ်လုပ်ထားလေ့ရှိပါတယ်။ BHA ကချွေးပေါက်တွေထဲမှာပိတ်ဆို့နေနိုင်တဲ့ အဆီတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

    အမျိုးသားတွေရဲ့ အသားအရေဖွဲ့စည်းမှုက အမျိုးသမီးတွေနဲ့ မတူတာကြောင့် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေဝယ်ယူတဲ့အခါမှာလည်း အမျိုးသားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ ယနေ့ခေတ်မှာ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အမျိုးသမီးတွေအတွက် သာမက အမျိုးသားတွေအတွက်ပါ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေထုတ်လုပ်လာတာကြောင့်ရွေးချယ်စရာတွေကများပြားလှပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တာကိုဝယ်ယူမိဖို့ကလည်း အမျိုးသားတိုင်း သတိထားသင့်တဲ့အချက်တွေထဲကတစ်ခုပါ။ မသေချာပါက အရေပြားဆရာဝန်နဲ့တိုင်ပင်တာမျိုးတွေလည်း လုပ်ဆောင်လို့ရပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement