backup og meta

မျက်နှာအဆီပြန်တဲ့အမျိုးသားတွေအတွက် နည်းလမ်းကောင်း ၉ ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာအဆီပြန်တဲ့အမျိုးသားတွေအတွက် နည်းလမ်းကောင်း ၉ ခု

    မျက်နှာမှာ အဆီတွေပြန်နေတယ်၊ ခဏခဏမျက်နှာသစ်ပစ်တာလည်းမရဘူး၊ ဘာလုပ်ရမလဲလို့ယောကျာ်းလေးတွေတော်တော်များများ အဖြေရှာမိကြမှာပါ။

    မိန်းကလေးတွေတင် မဟုတ်ပါဘူး။ယောကျာ်းလေးတွေမှာလည်း အသားအရေထိန်းသိမ်းမှုလိုအပ်ပါတယ်။ အသားအရေထိန်းပစ္စည်းတွေကိုလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီမယ့်အမျိုးအစားတွေကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ မကိုက်ညီတာ၊ မတည့်တာသုံးမိရင်ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တာကိုး။ ဒီတော့ အရင်ဆုံး ကိုယ်က ဘယ်အသားအရေအမျိုးအစားထဲမှာ ပါနေသလဲ အရင်ဆန်းစစ်ကြည့်မှဖြစ်မှာပေါ့။ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်နော် –

    ပုံမှန်အသားအရေပိုင်ရှင်ဆိုရင်

    • အသားလည်းသိပ်မခြောက်ဘူး၊အဆီလည်းသိပ်မပြန်ဘူး။
    • မျက်နှာမှာ အပြစ်အနာအဆာလည်း နည်းတယ်
    • ပြင်းထန်တဲ့ ဓါတ်မတည့်မှု လည်းမဖြစ်တတ်ဘူး
    • အသားအရောင် ဝင်းတယ်

    ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုရင်

    ပေါင်းစပ်အသားအရေဆိုတာ မျက်နှာပေါ်ကT-zone ( နှာခေါင်း၊နဖူး၊မေးစေ့) လို ဧရိယာတွေမှာခြောက်သွေ့တဲ့နေရာခြောက်၊ အဆီပြန်တဲ့နေရာကပြန် ၊တချို့မှာ ပုံမှန်အနေအထားဖြစ်နေတာမျိုးကိုခေါ်ပါတယ်။ ပုံမှန်အားဖြင့်

    • ချွေးပေါက်တွေပွင့်နေတတ်တာကြောင့် ပုံမှန်ထက် ချွေးပေါက်တွေပိုကျယ်သလိုတွေ့ရတတ်ပါတယ်။
    • ဆားဝက်ခြံတွေရှိတယ်
    • အဆီနည်းနည်းပြန်တယ်

    ခြောက်သွေ့တဲ့အသားအရေရှိရင်

    • သိသိသာသာ မမြင်ရနိုင်လောက်အောင်ချွေးပေါက်ကျဉ်းတယ်။
    • အသားအရေ ကြမ်းတယ်၊မွဲခြောက်တယ်။
    • အနီကွက်တွေဖြစ်တတ်တယ်။
    • အသားအရေ ကျုံ့ဆန့်နိုင်အားနည်းတယ်။
    • အရေးအကြောင်းပိုထင်ရှားတယ်
    • အသားပတ်သလို အဖတ်တွေကွာမယ်

    တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်

    သင့်အသားအရေက ဟို skin care နဲ့မတည့်၊ ဒီ skin care နဲ့အဆင်မပြေ၊ မျက်နှာမှာပြဿနာမျိုးစုံပေါ်လာတတ်တယ်ဆိုရင် ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့sensitive skinဖြစ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်လာရင် အသားအရေမှာ နီရဲလာမယ်၊ ယားယံလာမယ်၊လောင်တာ၊ခြောက်သွေ့လာမယ့် လက္ခဏာတွေပြလာနိုင်ပါတယ်။

    အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင်

    • ချွေးပေါက်ကျယ်တယ်
    • အသားအရောင်မွဲမယ် သို့မဟုတ် အဆီပြန်မယ်၊
    • အသားအရေကြမ်းမယ်
    • ဆားဝက်ခြံ၊ ဝက်ခြံနဲ့တခြားအမည်းစက် အပြစ်အနာအဆာတွေရှိတတ်တယ်

    အဆီပြန်တတ်တဲ့အသားအရေရှိရင် မျက်နှာသစ်တာတစ်နေ့နှစ်ကြိမ်ထက်မကျော်ပါစေနဲ့။ ခဏခဏမျက်နှာသစ်ရင်ချွေးပေါက်ပိုကျယ်စေလို့ပါ။ မျက်နှာသစ်ဆေး အရည်အသွေးကောင်းကောင်းကိုရွေးသုံးပါ။ ဝက်ခြံတွေကို မဆိတ်၊မဆွ၊ မညှစ်ပါနဲ့။ အနာကျက်ဖို့ ပိုကြာစေနိုင်ပါတယ်။

    ယောကျာ်းလေးတွေမှာ မျက်နှာအဆီပြန်ရတဲ့အကြောင်းရင်းတွေကဘာလဲ

    အရေပြားအောက်မှာsebaceous glands လို့ခေါ်တဲ့ ဂလင်းတွေရှိပါတယ်။ ဒီဂလင်းတွေကsebum လို့ခေါ်တဲ့ သဘာဝအဆီနဲ့ အသားအရေကိုထိန်းသိမ်းပေးပါတယ်။ယောကျာ်းလေးတွေမှာ ယောကျာ်းသွင်ပြင် ခန္ဓါကိုယ်အချိုးအစားဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ဟော်မုန်းတစ်မျိုးလည်းရှိပါတယ်။ ဒါပေမယ့်DHT ပမာဏများလာရင်sebum ထုတ်လုပ်မှုလွန်ကဲပြီး အသားအရေမှာ အဆီပြန်တဲ့အသွင်ဖြစ်စေတာပါ။

    ဒါဆိုရင် အဆီပြန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    အသားအရေမှာခြောက်သွေ့တာလည်းမကောင်းသလို အဆီပြန်တာလည်းမကောင်းဘူးဆိုတော့ အသားအရေစိုပြေပြီးပြစ်ချက်ကင်းတဲ့ မျက်နှာသွင်ပြင်ကိုရရှိနိုင်ဖို့ အဆီပြန်ခြင်းကိုလျော့ပါးအောင်လုပ်ကြည့်ဖို့လိုပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်တာကြောင့် အသားအရေထိန်းသိမ်းချင်တဲ့ အဆီပြန်သူ အမျိုးသားတွေအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကိုအောက်မှာဖော်ပြထားတယ်နော်။

    ၁။ မျက်နှာသစ်ပါ

    အရည်အသွေးကောင်းပြီး oily skin အတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။ မနက်တစ်ကြိမ်၊ အိပ်ကာနီးတစ်ကြိမ် မျက်နှာသစ်ပါ။နေ့လယ်ဘက်မှာ အရမ်းအဆီပြန်နေတယ်ဆိုရင်တော့ ခပ်မြန်မြန်လေး မျက်နှာသစ်နိုင်ပါတယ်။

    ဒါပေမယ့် မျက်နှာခဏခဏ သစ်လွန်းရင်တော့ အသားအရေမှာရှိတဲ့အဆီတွေကိုခြောက်ခန်းသွားစေနိုင်တဲ့အပြင် အခြေအနေပိုဆိုးစေမယ်၊ မျက်နှာအဆီပိုဖြစ်ပေါ်နိုင်စေမှာဖြစ်လို့ အကြိမ်ရေကို မလွန်ကဲဖို့ သတိထားပါ။

    ၂။ ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာမသစ်ပါနဲ့

    မျက်နှာအတွက်ထုတ်လုပ်ထားတာမဟုတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေနဲ့ မျက်နှာမသစ်ပါနဲ့။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေပါ ပါသွားစေနိုင်လို့ပါ။ အဲ့လိုဖြစ်ပြီး အသားမှာခြောက်သွေ့လာတဲ့အခါ အရေပြားထဲမှာ အဆီဓါတ်ထုတ်လုပ်မှု ပိုများလာစေပြီး အရေပြားပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးကိုရွေးသုံးပါ။

    ၃။ Scrub လုပ်ပါ (ဆဲလ်သေဖယ်ရှားခြင်း)

    အရေပြားပေါ်က ဆဲလ်သေတွေရယ်၊ အဆီဂလင်းလုပ်ဆောင်ချက်လွန်ကဲမှုကြောင့်ဖြစ်လာတဲ့ တခြားကပ်ငြိမှုတွေကို ဖယ်ရှားနိုင်ဖို့face scrub ကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် လုပ်သင့်ပါတယ်။ scrub လုပ်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းကျ အပေါ်မှာပြောခဲ့သလိုပဲခြောက်သွေ့စေပြီးချွေးပေါက်ကျယ်စေ၊ အဆီပိုပြန်စေနိုင်တာကြောင့် scrub မလွန်စေဖို့ သတိထားပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုးသားတွေဟာ တုံ့ပြန်လွယ်အသားအရေရှိသူတွေလိုပဲ အသားအရေကို မထိခိုက်အောင် ဂရုစိုက်ဖို့ လိုပါတယ်။

    ၄။ Toner သုံးပါ

    အဆီပြန်တတ်တဲ့သူတွေဟာtonerကောင်းကောင်းသုံးဖို့လည်းလိုပါတယ်။toner သုံးမှ အဆီပိုတွေကို ပယ်ဖျက်နိုင်ဖို့နဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ ချက်ချင်းအေးမြခြင်းကိုပေးစွမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးချိန်တိုင်းtoner သုံးပေးရင်သိသာတဲ့ရလဒ်ကို သတိထားမိမှာပါ။

    ၅။ အစိုဓါတ်ထိန်းပေးပါ

    အဆီပြန်တဲ့အသားအရေမှာတောင် မျက်နှာကိုmoisturize လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အရေပြားဆိုတာ အစိုဓါတ်ကိုလိုအပ်ပါတယ်။ အစိုဓါတ်မရှိရင် အကာအကွယ်အလွှာအတွက် အဆီဓါတ်ကို အလိုလိုဖန်တီးလိုက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို အစိုဓါတ်ထိန်းပေးမယ့် serum တစ်ခုခုသုံးပေးပါ။

    ၆။ Clay Mask နဲ့လည်း သန့်စင်နိုင်တယ်

    Clay masksတွေကချွေးပေါက်တွေကို သန့်စင်စေ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး မျက်နှာပေါ်ကအဆီပိုတွေကို ရှင်းလင်းပေးနိုင်တဲ့နည်းလမ်းကောင်းဖြစ်လို့ အပတ်စဉ် လုပ်ပေးသင့်ပါတယ်။Clay maskတွေဖယ်လိုက်တာနဲ့ အဆီပြန်ခြင်းကင်းစင်ပြီး သန့်စင်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ပြီးရင်တော့ toner နဲ့ serum သုံးပေးပါ။

    ၇။ မုတ်ဆိတ်ရိတ်တဲ့အခါ

    အမျိုးသားတွေ မုတ်ဆိတ်ရိတ်တဲ့အခါshaving creamsတွေနဲ့aftershaveတွေမှာalcohol ပါဝင်တာတွေ မသုံးဖို့သတိထားပါ။ alcohol က အရေပြားကိုပြဿနာများစေနိုင်တယ်လို့သိကြတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို ပိုခြောက်သွေ့စေပါတယ်။

    ၈။ လက်ကို သန့်အောင်ထားပါ

    မျက်နှာအဆီပြန်တတ်သူတွေမှာ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတစ်ခုက ဘက်တီးရီးယားကြောင့်ပါ။ အဆီပြန်နေတဲ့ အသားအရေမှာ ဘက်တီးရီးယားတွေ ကပ်ငြိဖို့က တခြားသူတွေထက် ပိုလွယ်ကူပါတယ်။ ယောကျာ်းလေးတော်တော်များများက မျက်နှာသစ်ဖို့နဲ့ moisturizer သုံးဖို့ကို သတိရတတ်ကြပေမယ့် ဖုန်းပွတ်နေတတ်တဲ့သူတို့ရဲ့လက်တွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာ မျက်နှာကိုထိမိ ကိုင်မိနေတာကိုမေ့နေတတ်ကြပါတယ်။

    ကိုယ့်ရဲ့စမတ်ဖုန်းကို တစ်နေ့တစ်ကြိမ်လောက်တော့ သေချာသုတ်ပေး၊သန့်ပေးပါ။ ညစ်ပေတာတွေ၊ ဖုန်မှုန့်တွေရှိတဲ့နေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ဆေးပါ။ လက်သန့်ဆေးရည်ကလည်း အသုံးဝင်ပါတယ်။ မျက်နှာကို မကြာခဏ ထိနေ၊ ကိုင်နေတာတော့ မလုပ်တာ အကောင်းဆုံးပါပဲ။

    ၉။ အဆီစုပ်စက္ကူလေးတွေ သုံးပါ

    အဆီစုပ်စက္ကူလေးတွေက အဆီပြန်ခြင်းကို မတားဆီးနိင်ပေမယ့် မျက်နှာ T Zone (နှာခေါင်း၊နဖူး၊မေးစေ့) မှာ အဆီပြန်နေတာတွေကို အသာအယာဖိကပ်လိုက်ရုံနဲ့ စုပ်ယူဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသုံးဝင်ပါတယ်။ သွားရင်းလာရင်း မျက်နှာမှာ သိသိသာသာ အဆီပြန်လာတဲ့အခါ လိုအပ်သလို အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement