brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ

မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။

  • ရာသီတုပ်ကွေး
  • ဝမ်းပျက်ဝမ်းလျှော
  • အရေပြားပြဿနာ
  • ထိခိုက်ရှနာ
  • အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။
  • မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

    မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင်

    • လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ

    သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို စုံစုံလင်လင် ယူသွားပါ။ ကိုယ်နဲ့ မရင်းနှီးတဲ့နေရာမှာ ဆေးဝါးတွေ ရှာရခက်နေရင် ဒုက္ခဖြစ်နိုင်ပါတယ်။

    • အဝတ်အစားတွေ ပိုထည့်သွားပါ

    ခရီးသွားမယ့်ရက်တွေအပြင် မိုးရေစိုမှာကိုပါ ထည့်တွေးပြီး အဝတ်အစားတွေ ပိုထည့်ပါ။ နွေးနွေးထွေးထွေး ဖြစ်စေမယ့် အဝတ်အစားတွေအပြင် မိုးကာ၊ ဦးထုပ်၊ ထီး စတာတွေပါ ထည့်သွားဖို့ လိုပါတယ်။

    • လမ်းဘေးစာနဲ့ အသီးအနှံတွေကို ဂရုစိုက်ပြီး စားပါ

    ခရီးသွားတုန်း ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ တတ်နိုင်သမျှ လမ်းဘေးစာတွေ၊ ကိုယ်စားနေကျ မဟုတ်တဲ့ အစားအစာတွေကို ရှောင်ပါ။ အသီးအနှံတွေ စားမယ်ဆိုရင်လည်း ရေသေချာဆေးပြီး အပြင်ခွံကို ခွာပြီးမှ စားပါ။

    • ခြင်နဲ့ အင်းဆက်တွေ အကိုက်မခံရစေဖို့ သတိပြုပါ

    အထူးသဖြင့် Camping, Trekking သွားတဲ့အခါ အင်းဆက်ဒဏ်တွေ မခံရစေဖို့ လိုအပ်တဲ့ လိမ်းဆေး၊ လူးဆေးတွေ အစုံထည့်သွားသင့်ပါတယ်။

    • တစ်ကိုယ်ရည်သန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ပါ

    မိုးရေတစိုစိုနဲ့ဆို အရေပြားရောဂါတွေ ဖြစ်လွယ်တာကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ခရီးသွားနေတဲ့တလျှောက် နေ့စဉ်ရေချိုးပါ။ မကြာခဏ လက်ဆေးပါ။ ရေမရှိနိုင်တဲ့နေရာတွေ သွားတဲ့အခါ ရေမလိုလက်သန့်‌ဆေးရည် ဆောင်ထားပါ။ အစာမစားခင်နဲ့ အိမ်သာက ထွက်လာတိုင်း လက်ဆေးပါ။ အပြင်က ပြန်လာတိုင်း မိုးရေစိုနေတဲ့ ခြေထောက်တွေကို ဆေးကြောပါ။

    • အဆာပြေစားစရာနဲ့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားပါ

    သွားရင်းလာရင်း စားစရာမရှိတဲ့နေရာရောက်တဲ့အခါ အဆာပြေစားနိုင်ဖို့ ပေါ့ပေါ့ပါးပါး မုန့်တွေနဲ့ ရေသန့်၊ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားပါ။ မိုးရာသီဆိုပေမယ့် Trekking သွားတဲ့အချိန်၊ တောင်တက်တဲ့အချိန်၊ ခြေလျင်လည်ပတ်တဲ့အချိန်မှာဆိုရင် ချွေးထွက်ပြီး ရေနဲ့ ဓာတ်ဆား ဆုံးရှုံးတတ်တော့ ဓာတ်ဆားအားဖြည့်ဖျော်ရည်တွေ ဆောင်ထားတာ ပိုပြီးသင့်တော်ပါတယ်။

    • မိုးရေထဲ အကြာကြီး မနေပါနဲ့

    မိုးရာသီမှာ ခရီးသွားတဲ့အခါ မိုးရေစိုမှာမှန်ပေမယ့် မိုးရေနဲ့ အကြာကြီးထိတွေ့တဲ့အခါ ခန္ဓာကိုယ် အပူချိန်ကျပြီး ကိုယ်ခံအား ထိခိုက်တာကြောင့် ဖျားနာလွယ်ပါတယ်။ ဒါကြောင့် မိုးရေထဲ အကြာကြီး မနေသင့်သလို မိုးမိပြီဆိုရင်လည်း မြန်မြန်ခြောက်အောင် သုတ်ပြီး နွေးနွေးထွေးထွေး နေသင့်ပါတယ်။

    • အိပ်ချိန်စားချိန် မှန်အောင် ဂရုစိုက်ပါ

    ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ ပုံမှန် Scheduleကနေ လွတ်နေနိုင်ပေမယ့် အိပ်ချိန် စားချိန်တော့ မှန်အောင် ဂရုစိုက်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်ပြီး အာာဟာရပြည့်အောင် စားမှ ခရီးစဉ်တလျှောက် ကျန်းကျန်းမာမာနဲ့ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

    မိုးရာသီမှာခရီးသွားရတာက အေး‌အေးလူလူရှိပြီး ရှုခင်းတွေကလည်း လှပပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း မိုးရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာလေးတွေ ရှိတတ်တော့ ဒီအချက်တွေကို ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်မှာပါ။

    Htet Htet Zaw Win
    Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/11/2024 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။