backup og meta

နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူထဲ မှာ ရေစိုအဝတ်ဝတ်တာက သင့်ကို ဖျားနာစေမှာလား။

    ငယ်ငယ်တုန်းက ပူလွန်းလို့ နေပူထဲ ကို အဝတ်လေး ရေစွတ်သွားတဲ့အခါ ဒါမှမဟုတ် ရေချိုးပြီး ရေခြောက်အောင် မဟုတ်ဘဲ အင်္ကျီကောက်စွပ်လိုက်တဲ့အခါ လူကြီးတွေက အအေးပတ်တော့မယ်၊ ဖျားတော့မယ်၊ အပူလျှပ်မယ် စသဖြင့် ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သင်္ကြန်ထွက်လည်တဲ့ သူတွေကရော။ သူတို့လည်း မိုးလင်းက မိုးချုပ် ၄ရက်ဆက်တိုက် ရေပတ်ခံထွက်နေကြတာပဲနော်။ သူတို့ကျ ဘာလို့ ဘာမှမဖြစ်တာပါလိမ့်။

    နေပူထဲ မှာ ရေစိုအဝတ်တွေ ဝတ်တာက ဖျားနာစေမှာလား။

    တကယ်က မဟုတ်ပါဘူး။ ရေစိုအဝတ်တွေနဲ့ နေနေတာက သင့်ကို အအေးမိဖျားနာတာမျိုး မဖြစ်စေပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေလည်း မရှိပါဘူး။

    အပူလျှပ်တာရော ဖြစ်နိုင်လား။

    အပူလျှပ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံး ပူခြစ်ပြီး ချွေးလုံးဝမထွက်တဲ့ အခြေအနေပါ။ အပူချိန်များလွန်းလို့ ဖြစ်တာပါ။ ဒါ့ပြင် အပူလျှပ်တဲ့ လူနာကို အရေးပေါ် ပြုစုတဲ့အခါ ရေလောင်းတာ၊ ရေစိုဝတ်နဲ့ အုပ်ထားတာ စတာတွေ လုပ်ရပါတယ်။ ဒါကြောင့် ရေစိုအဝတ် ဝတ်တာက အပူလျှပ်စေမှာ မဟုတ်ပါဘူး။

    ဒါဆို ဘာကြောင့် ဖျားကြတာလဲ။

    ဟုတ်ပါတယ်။ ရေစိုအဝတ်နဲ့ နေတာက လူတိုင်းမှာ မဖျားပေမယ့် တချို့လူတွေမှာ ဖျားတာ၊ နေထိုင်မကောင်း ဖြစ်ကြတာ တွေ့ရပါတယ်။ ဒါက ဗိုင်းရပ်စ်ပိုး ကူးစက်တာကြောင့်ပါ။ နွေရာသီမှာ စိုထိုင်းဆများတာကြောင့် ဗိုင်းရပ်စ်ပိုးတွေက နေရာအနှံ့မှာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် နဂိုခုခံအား မကောင်းတဲ့သူတွေမှာ ဖျားနာတာ ဖြစ်တတ်ပါတယ်။

    ဒါက ရေစိုအဝတ်ကြောင့် ဖျားတာမဟုတ်ဘဲ ဗိုင်းရပ်စ်ကြောင့် ဖျားတာပဲ ဖြစ်ပါတယ်။ တချို့တွေဆိုရင် ရေစိုအဝတ်လည်း မဝတ်ဘဲ နေပူထဲက ပြန်လာပြီး ဖျားကြတယ်ဆိုတာ ဒါကြောင့်ပဲ ဖြစ်ပါတယ်။

    ဒါဆို နေပူထဲ ရေစိုအဝတ်နဲ့ နေလို့လည်း ဖြစ်တယ်ပေါ့။

    နေပူထဲမှာ ရေစိုအဝတ်နဲ့ နေတာက မဖျားနာစေဘူးဆိုပေမယ့် အောက်ပါအချက်တွေတော့ ဖြစ်နိုင်ပါတယ်။

    • အနံ့ဆိုးထွက်တာ

    ရေစိုအဝတ်တွေက ကြာလာရင် အနံ့ထွက်ပါတယ်။ ချွေးနဲ့ ပေါင်းလိုက်ရင် ဘေးလူကို အားနာစရာ ဖြစ်စေပါတယ်။

    ချွေးနဲ့ ရေနဲ့ စိုနေတဲ့ အဝတ်ကို အကြာကြီး ဝတ်ထားတဲ့အခါ ယားနာဖြစ်တာ၊ အရေပြားမှိုစွဲတာတွေ ဖြစ်တတ်ပါတယ်။

    • ခုခံအား မကောင်းတဲ့အချိန်ဆို ဖျားနာတတ်ပါတယ်။

    ရေစိုအဝတ်တွေက ခန္ဓာကိုယ်အပူချိန်ကို ကျစေတယ်ဆိုပေမယ့် အေးလွန်းတဲ့ အဝတ်တွေကို အကြာကြီး ဝတ်ထားတဲ့အခါ ကိုယ်တွင်းက ဇီဝဖြစ်စဉ်တွေ ထိခိုက်ပြီး ခုခံအားပါ ကျလာပါတယ်။ ဒီအချိန်မှာ ပြင်ပက ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မိမယ်ဆိုရင် ဖျားနာတာမျိုး ဖြစ်တတ်ပါတယ်။

    လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခန္ဓာကိုယ်တုံ့ပြန်ချက်က မတူပါဘူး။ သူများတွေက ရေစိုအဝတ်နဲ့ တစ်နေကုန်နေလို့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ကိုယ်ကဖျားတယ်ဆိုရင် မဝတ်ပါနဲ့။ ဘာမှမဖြစ်ဘူးဆိုရင်တော့ ဝတ်ချင်ဝတ်ပါ။ ဒါပေမယ့် အထက်ပါ ပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။

    နေပူထဲမှာ ရေစိုအဝတ်နဲ့ နေသင့် မနေသင့်

    ရေစိုအဝတ်တွေက အများထင်သလို အအေးပတ်တာ၊ အပူလျှပ်တာမျိုး မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် အရေပြားပြဿနာနဲ့ အခန့်မသင့်ရင် ဖျားနာတာတွေ ဖြစ်စေနိုင်လို့ ကောင်းကျိုးဆိုးကျိုး ချိန်ဆသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement