backup og meta

ခြင်ဆေးခွေများ နဲ့ ကျန်းမာရေးပြဿနာများ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြင်ဆေးခွေများ နဲ့ ကျန်းမာရေးပြဿနာများ

    ခြင်ဆေးခွေဆိုတာ မြန်မာနိုင်ငံက အိမ်တော်တော်များများမှာ ရှိတတ်တဲ့အရာပါ။ ခြင်တွေ သောင်းကျန်းတဲ့ မိုးတွင်းလိုအချိန်တွေ၊ ကလေးရှိလို့ ခြင်ဒဏ်ကြောက်ရတဲ့ အိမ်တွေမှာဆို ခြင်ဆေးခွေက မရှိမဖြစ်ပါ။ ခြင်ကြောက်လို့ ခြင်ဆေးတွေ ထွန်းရပေမဲ့ ခြင်ဆေးခွေတွေက အန္တရာယ်ကင်းရဲ့လား။ ခြင်ဆေးခွေများ  က ဘယ်လိုကျန်းမာရေးပြဿနာတွေကို ဖြစ်စေမှာလဲ။

    ခြင်ဆေးခွေထဲမှာ ဘာတွေ ပါသလဲ

    ဟိုးအရင် အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ နနွင်းမှိုင်းတွေတိုက်၊ လိမ္မော်ခွံခြောက်ကို မှိုင်းတိုက်တာတွေ လုပ်ပြီး ခြင်ပြေးအောင် လုပ်တတ်ကြပါတယ်။ ခုခေတ်မှာတော့ လွယ်လွယ်ကူကူ ခြင်ဆေးခွေ ထွန်းကြတာပေါ့။ မှိုင်းတိုက်တာလောက်လည်း မီးခိုးတွေ အများကြီး မထွက်တာကြောင့် လူသုံးလည်း များပါတယ်။

    ခြင်ဆေးတွေမှာ အဓိကအားဖြင့်တော့ ပိုးသတ်ဆေးဖြစ်တဲ့ pyrethroid အမျိုးအစားနွယ် ဓာတုပစ္စည်းတွေ၊ ဟိုက်ဒရို ကာဘွန်၊ ‌ဖော်မယ်ဒီဟိုက်၊ ကီတုန်း စတာတွေ ပါဝင်ပါတယ်။ ဒါ့ပြင် ကိုယ်မသိနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း အများကြီး ပါနိုင်ပါတယ်။

    တချို့ခြင်ဆေးခွေဆိုရင်လည်း အပင်ကရတဲ့ citronella ဆိုတာကို ထည့်သွင်းအသုံးပြုတတ်ပါတယ်။

    ဒါတွေအပြင်  ခြင်ဆေးခွေကို အခွေလိုက်လေး ခိုင်ခံ့အောင်၊ အငွေ့ဖြည်းဖြည်းချင်းထွက်အောင်  သုံးရတဲ့ ဓာတုပစ္စည်းတွေလည်း ပါနိုင်ပါတယ်။

    ခြင်ဆေးခွေတွေမှာ ခြင်တွေကို သေစေ ဒါမှမဟုတ် မူးပြီး ပြုတ်ကျစေနိုင်တဲ့ အမျိုးအစားတွေ ရှိသလို အနံ့ဆိုးတွေ ထုတ်လွှတ်ပြီး ကိုယ့်အနားမလာအောင် မောင်းထုတ်ပေးတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ ဘယ်နည်းကိုပဲ အသုံးပြုပါစေ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လူတွေ ခြင်ကိုက်မခံရအောင် ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။

    ခြင်ဆေးတွေများ နဲ့ ကျန်းမာရေးပြဿနာများ

    ဓာတုပစ္စည်းတွေ အများကြီး ပါတဲ့အတွက် ခြင်ဆေးတွေများက ကျန်းမာရေးကို ထိခိုက်နိုင်သလားဆိုတာကတော့ မေးသင့်တဲ့ မေးခွန်းပါပဲ။

    အကြမ်းအားဖြင့်တော့ ခြင်ဆေးခွေမှာပါတဲ့ ဓာတုပစ္စည်းတွေက စိတ်ချရပါတယ်။ ဒါပေမဲ့ ဒါကို မီးရှို့လိုက်တဲ့အခါ ထွက်လာမဲ့ အမှုန်အမွှားတွေ၊ အငွေ့တွေကတော့ ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။

    လေ့လာချက်တွေအရ ခြင်ဆေးခွေ တစ်ခွေ ထွန်းလိုက်လို့ ထွက်လာတဲ့ အမှုန်အမွှားတွေ၊ အငွေ့တွေက ဆေးလိပ် ၇၅လိပ်ကနေ ၁၃၇လိပ်ကို ရှို့လိုက်တာနဲ့ အလားတူပါတယ်တဲ့။

    ခြင်ဆေးခွေတွေက ကျန်းမာရေး ထိခိုက်နိုင်တယ်လို့ ပြောကြပေမယ့် ဘယ်လောက်ကြာကြာ ရှူရင် ထိခိုက်မှာလဲ။ ဘယ်လောက်များများ ရှူမှလဲ။ ရေရှည်မှာ ဆေးလိပ်လိုမျိုး အဆုတ်ကင်ဆာ ဖြစ်နိုင်မှာလားဆိုတာကိုတော့ မသိရသေးပါဘူး။

    ဒါ့ပြင်  လူတချို့ကလည်း ခြင်ဆေးငွေ့ကို ကြာကြာရှူမိတဲ့အခါ ခေါင်းကိုက်တာ၊ အသက်ရှူမဝသလို ခံစားရတာ၊ ပန်းနာရင်ကျပ်ထတာ၊ အရေပြားယားယံတာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါက ခြင်ဆေးခွေကြောင့်လား၊ ကိုယ့်ရဲ့ ရောဂါ အခံကြောင့်လားဆိုတာ ပြောဖို့ ခက်ပါသေးတယ်။

    ခြင်ဆေးခွေများ ကို ဘယ်လိုစနစ်တကျ သုံးမလဲ

    ခြင်ဆေးခွေက ကျန်းမာရေးကို ထိခိုက်စေသလားဆိုတာ ပြတ်ပြတ်သားသား ပြောနိုင်တာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့လည်း သတိထားသုံးတာ အကောင်းဆုံးပါ။

    ခြင်ဆေးခွေ အဓိက သုံးရတဲ့ အကြောင်းရင်းက ခြင်အန္တရာယ်ကို ကြောက်လို့ပါ။ ဒါဆို ခြင်ဆေးခွေ မသုံးဘဲ ခြင်အန္တရာယ်ကို ကာကွယ်မယ်ဆိုရင်ရော။

    • ခြင်ဆေးခွေအစား ခြင်ပြေးလိမ်းဆေး၊ ခြင်ရိုက်ဘက်တံ၊ ခြင်ဖမ်းစက် စတာတွေကို အစားထိုးပြီး သုံးကြည့်ပါ။
    • အိမ်နားမှာ ခြင်မပေါက်နိုင်အောင် ရေဝပ်နိုင်တဲ့နေရာတွေကို ရှင်းလင်းပါ။
    • အိမ်ထဲ ခြင်မဝင်အောင် ခြင်လုံဇကာတပ်တာ၊ ညနေစောင်းတာနဲ့ အိမ်တံခါး ပိတ်တာတွေ လုပ်ပါ။
    • ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ။ ခြင်ထောင်နဲ့ သိပ်ပါ။

    ခြင်ဆေးခွေက အနံ့ရှူမိတာကြောင့် ကျန်းမာရေးထိခိုက်တာတင် မဟုတ်ပါဘူး။ တခြားပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

    ဥပမာ ကလေးတွေက သတိမထားမိဘဲ ကောက်စားလိုက်တာ၊ ခြင်ဆေးခွေကနေ မီးလောင်တာမျိုးပေါ့။ ဒါကြောင့် အန္တရာယ်ကင်းကင်းနဲ့ ခြင်ဆေးခွေ သုံးမယ်ဆိုရင်

  • ခြင်ဆေးခွေကို ဆက်တိုက် မထွန်းပါနဲ့။
  • အလုံပိတ်နေရာမှာ မထွန်းပါနဲ့။
  • လူတွေနဲ့ ခပ်လှမ်းလှမ်းမှာ ထွန်းပါ။
  • ကလေးတွေနဲ့ ဝေးဝေးမှာ ထားပါ။
  • မီးလောင်နိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာ ထွန်းပါ။
  • ခြင်ဆေးခွေက ကျန်းမာရေးထိခိုက်စေသလားဆိုတာ တိတိကျကျ မပြောနိုင်သေးပေမဲ့ ဓာတုပစ္စည်း ပါဝင်မှုများတာကြောင့် သုံးတာကို လျှော့ပါ။ မဖြစ်မနေ သုံးမယ်ဆိုရင်လည်း အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို လိုက်နာဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement