backup og meta

လူတိုင်းအသုံးပြုနေကြသော ပလတ်စတစ်နှင့် လူတိုင်းသတိမထားမိကြသော ကြီးမားသည့် ကျန်းမာရေးအန္တရာယ်များ

လူတိုင်းအသုံးပြုနေကြသော ပလတ်စတစ်နှင့် လူတိုင်းသတိမထားမိကြသော ကြီးမားသည့် ကျန်းမာရေးအန္တရာယ်များ

သင့်အိမ်မှာ လှည့်ပတ်ကြည့်ရှုလိုက်မယ်ဆိုရင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးကို တွေ့ရမှာပါ။ ကိုယ်ပေါပေါလောလော အသုံးပြုနေတဲ့ ဒီပစ္စည်းတွေက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ကျန်းမာရေးကို တစ်စတစ်စ ဝါးမြိုနေတယ်ဆိုတဲ့ အမှန်တရားကိုရော သိထားပြီးပြီလား။

ပလတ်စတစ်ကို အသုံးမပြုခင် ထုတ်လုပ်တဲ့ နေရာမှာတင် သူက ကျန်းမာရေးကို ခြိမ်းခြောက်နေပါပြီ။

ဘယ်လိုများခြိမ်းခြောက်နေတာလဲဆိုရင်…..

ပလတ်စတစ်ထုတ်လုပ်တဲ့အခါမှာ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေဟာ လေထုထဲကို ထွက်သွားကြတယ်။ စဉ်းစားကြည့်ပါ… ဒီလေတွေကိုပဲ ကျွန်မတို့က ပြန်ရှူရှိုက်နေရတာလေ။ ဒီလေတွေကို ရှူမိတဲ့အခါ ဘာရောဂါတွေဖြစ်လာဖို့ အားပေးနေသလဲဆိုရင်…

  • အာရုံကြောနဲ့သက်ဆိုင်တဲ့ ရောဂါတွေ
  • မျိုးပွားခြင်းဆိုင်ရာ ပြဿနာ၊ ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်စေသော ပြဿနာတွေ
  • သွေးကင်ဆာ နှင့် အခြားသော ကင်ဆာရောဂါတွေ
  • ပေါင်မပြည့်တဲ့ ကလေးမွေးဖွားခြင်းကဲ့သို့သော မျိုးရိုးဗီဇနှင့်ဆိုင်သော လက္ခဏာရပ်တွေ

စတာတွေ ကြုံတွေ့လာရဖို့ တိုက်တွန်းအားပေးနေပါတယ်။ အဓိကကတော့ စက်ရုံလုပ်သားတွေနဲ့ အဲ့ဒီစက်ရုံတွေတည်ရှိနေတဲ့ ပတ်ဝန်းကျင်က လူတွေဟာ ဒီသက်ရောက်မှုရဲ့ ဆိုးကျိုးတွေကို ပိုမိုတွေ့ကြုံ ခံစားရနိုင်ပါတယ်။

ကိုယ်တိုင်အသုံးပြုတဲ့အခါဆိုရင်ရော…???

ပလတ်စတစ်အမျိုးအစား ခုနစ်မျိုးရှိပါတယ်။ အဲ့ဒီမှာမှ အရည်အသွေးပေါ်လိုက်ပြီး ပလတ်စတစ်ဟာ လူ့မျက်စိနဲ့မမြင်နိုင်တဲ့ အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေအဖြစ် ပဲ့ထွက်လာနိုင်ပါတယ်။ ဒီအရာတွေကို အသုံးပြုသူတွေက လေကတဆင့် ရှူမိပြီး ခန္ဓာကိုယ်ထဲရောက်သွားတာ၊ ပါးစပ်မှတစ်ဆင့် စားသုံးမိပြီး ဗိုက်ထဲရောက်သွားတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ ရောဂါတွေအပြင်…

  • နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ ရောဂါတွေ
  • အူရောင်ရမ်းတဲ့ ရောဂါ (inflammatory bowel disease)
  • ဆီးချိုရောဂါ
  • အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲတဲ့ ရောဂါ
  • နာတာရှည် ရောင်ရမ်းမှုတွေ
  • အာရုံကြောဆိုင်ရာ ဆေးမတိုးတော့တဲ့ရောဂါတွေ
  • လေဖြတ်ဝေဒနာတွေ

စတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ခါသုံးပလတ်စတစ် အမျိုးအစားကတော့ အဆိုးဆုံးပါပဲ။

ကျွန်မတို့နိုင်ငံမှာဆိုရင် ပလတ်စတစ်အမှိုက်တွေကို စနစ်တကျစီမံခန့်ခွဲမှုကိစ္စရပ်မှာ အရမ်းကို အားနည်းနေသေးတာကြောင့် မိမိခြံထဲနဲ့ အိမ်ပတ်ဝန်းကျင်မှာပဲ အလွယ်တကူ မီးရှို့ဖျက်ဆီးခြင်းကို ဒီနေ့ထိ လုပ်ဆောင်နေကြပါသေးတယ်။ ဒီလုပ်ရပ်ဟာဆိုရင် လူသားတွေရဲ့ ကျန်းမာရေးအတွက် အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ သို့သော် စိတ်မကောင်းစရာကတော့ လူတော်တော်များများဟာဆိုရင်လည်း ဒီကိစ္စဟာ အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ကြောင်း၊ မလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ကြောင်းကို မသိရှိကြတာပါပဲ။

လူတွေအသုံးများပြီး အလွယ်တကူပဲ လွှင့်ပစ်တတ်တဲ့၊ တစ်ခါသုံး ပလတ်စတစ်အမျိုးအစားတွေဖြစ်တဲ့၊ စားသောက်ဆိုင်က ထည့်ပေးလိုက်တဲ့ ဖော့ဘူး၊ အသား ငါးတွေ အသင့်ထုတ်ပိုးတဲ့အခါ သုံးတတ်တဲ့ ဖော့လင်ပန်းအသေးစားလေးတွေ၊ ကြက်ဥ ဝယ်တဲ့အခါ ကြက်ဥထည့်တားတဲ့ ၁၀လုံးဆံ့ ပလတ်စတစ်ပုံစံခွက်၊ ရေခဲမုန့်ခွက် ကဲ့သို့သောခွက်တွေဟာ မီးရှို့ခံရတဲ့အခါမှာ styrene ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးထွက်လာပါတယ်။

ဒီဓာတ်‌ငွေ့ကို အဆုတ်နှင့် အရေပြားမှ အများအပြား စုပ်ယူမိတဲ့အခါ မျက်လုံး နှင့် ချွဲ၊ သလိပ်၊ နှပ်၊ နှာရည် ထွက်သော အမြှေး (Mucous membrane) ကို ပျက်စီးစေနိုင်ပါတယ်။ ကြာလာတဲ့အခါ အာရုံကြောဖွဲ့စည်းမှုစနစ်ကို ထိခိုက်လာနိုင်ပြီး ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ အားနည်းခြင်း နှင့် စိတ်ဓာတ်ကျခြင်း စတာတွေပါ  ဖြစ်လာနိုင်ပါတယ်။

သတိထားရမယ့်အချက်မှာတော့ ကိုယ်ကိုယ်တိုင် ပလတ်စတစ်မီးရှို့မှုကို ပြုလုပ်မှ ဒီရောဂါတွေကို ခံစားရနိုင်တာမျိုးမဟုတ်ဘဲ ထိုမီးရှို့တဲ့ ပတ်ဝန်းကျင်မှာနေထိုင်တဲ့ လူကြီး၊ ကလေး မရွေးကိုပါ သက်ရောက်မှုရှိနိုင်တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါတွေဟာဆိုရင် ဓားရှတဲ့အခါ သွေးထွက်သလို ချက်ချင်းလက်ငင်းခံစားရတဲ့ အကျိုးဆက်တွေ မဟုတ်တာကြောင့် လူတွေဟာ ပလတ်စတစ်အသုံးပြုမှုနဲ့ ပတ်သက်လာရင် အထူးဂရုပြုခြင်းမျိုး အင်မတန်မှ နည်းတာကို တွေ့ရတတ်ပါတယ်။ ပလတ်စတစ်ဟာ ချက်ချင်းလက်ငင်း ဆိုးကျိုးမပေးပေမဲ့ ကျန်းမာရေးကို တစ်စတစ်စ ဝါးမြိုနေတဲ့ အရာဆိုတာကိုတော့ မေ့လျော့ထားလို့မရပါဘူး။

တစ်ဖက်မှာလည်း ပလတ်စတစ်ပစ္စည်းတွေဟာ လွယ်ကူစွာရတယ်၊ ဈေးနှုန်းအရလည်း သင့်တင့်တဲ့အတွက် လုံး၀အသုံးမပြုတော့ဖို့ ဆိုတာဟာလည်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲလှပါတယ်။

ဒါကြောင့်…

ကျန်းမာရေးအတွက် အင်မတန်မှ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချပြီး အခြားသင့်လျော်ရာများနှင့် အစားထိုး သုံးစွဲသင့်ပါတယ်။

ဥပမာ – တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေအစား အထပ်ထပ်အခါခါ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းတွေနဲ့ အစားထိုးတာမျိုး (တစ်ခါသုံး ပလတ်စတစ်အိတ်အစား ချည်အိတ်/ ခြင်းတောင်း တို့နှင့် ဈေးဝယ်ခြင်း၊ ပလတ်စတစ်ပိုက်များအစား စက္ကူ/ ဝါးတို့နှင့် ပြုလုပ်ထားသော ပိုက်များကို အသုံးပြုခြင်း၊ တစ်ခါသုံး သောက်ရေသန့်ပုလင်းများအစား ရေပြန်ဖြည့်၍ အသုံးပြုနိုင်သော ပုလင်းများကို အစားထိုး သုံးစွဲခြင်း၊ မလိုအပ်ဘဲ သုံးစွဲမှု မပြုလုပ်ခြင်း)

ထို့ပြင် ပလတ်စတစ် မီးရှို့မှုကိုလည်း မလုပ်သင့်ကြောင်း ဒီစာလေးမှတစ်ဆင့် ရေးသားတင်ဆက်လိုက်ရပါတယ်။

ကျေးဇူးတင်ပါတယ်။

ရေးသားသူ – May Kham Eain

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Refrences:

  • Dangerous Health Effects of Home Burning of Plastics and Waste (Produced by Women in Europe for a Common Future)
  • Plastic & Health • the hidden costs of a plastic planet (authored by David Azoulay

(CIEL), Priscilla Villa (Earthworks), Yvette Arellano (TEJAS), Miriam Gordon (UPSTREAM), Doun Moon (GAIA), and Kathryn Miller and Kristen Thompson (Exeter University).)

ယခုပုံစံ

16/09/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တာရှည်ခံအစားအစာတွေရဲ့ ကျန်းမာရေးအန္တရာယ်

ပလတ်စတစ်ဟာ ဘာ‌ကြောင့် အန္တရာယ်ရှိတာလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement