backup og meta

အိမ်တွင်းကျန်းမာရေး၊ ဖျားနာမှု ပျံ့နှံ့တာကို ကာကွယ်ဖို့ အချက်အလက်၊ အကြံဉာဏ်၊ အကောင်းဆုံး အလေ့အကျင့်များ


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းကျန်းမာရေး၊ ဖျားနာမှု ပျံ့နှံ့တာကို ကာကွယ်ဖို့ အချက်အလက်၊ အကြံဉာဏ်၊ အကောင်းဆုံး အလေ့အကျင့်များ

    ရောဂါပိုးမွှား၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ကျွန်တော်တို့ ပတ်ပတ်လည်မှာ ရှိနေကြတာပါ။ ဒီ အဏုဇီဝသက်ရှိတွေရဲ့ အဝေးမှာ နေဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သင့်အနေနဲ့ ဒါကို စိတ်ပူ၊ ထိတ်လန့်တာ မဖြစ်သင့်ပါဘူး။

    ဘာလို့လဲဆိုတော့ တချို့က အန္တရာယ်မရှိပါဘူး၊ တချို့ဆိုရင် ဥပမာအနေနဲ့ အစာချေစနစ်မှာ ကောင်းကျိုးတောင် ပေးနိုင်ပါတယ်။ ဒီမှာ ပိုအရေးကြီးတာက ဖျားနာခြင်း၊ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါများ၊ ရောဂါပိုးမွှားတွေကြောင့် ဖြစ်တဲ့ တခြားကူးစက်မှုတွေရဲ့ ဖြစ်နိုင်ချေကို ဖယ်ရှားဖို့၊ လျှော့ချဖို့ပါ။

    ဒါ့ကြောင့် အိမ်တွင်းကျန်းမာရေးက ပစ်ပယ်မထားသင့်ဘဲ စဉ်းစားဆင်ခြင်ရမယ့် အရာတစ်ခုပါ။

    ရောဂါပိုးမွှွှားတွေ ဘယ်လို ပျံ့နှံ့လဲ။

    မကောင်းတဲ့ ဘက်တီးရီးယားတွေနဲ့ တခြားရောဂါပိုးမွှားတွေဟာ အပြင်ကနေ သင့်အိမ်ထဲသို့ လူ၊ အိမ်မွေးတိရစ္ဆာန်မှတဆင့် သို့မဟုတ် စွန့်ပစ်ရမယ့် အစာရေစာတွေကနေ ရောက်ရှိနေတတ်ပါတယ်။

    တခြားနေရာတွေကို ပျံ့နှံ့ဖို့က သင့်ကြောင့်သာ ဖြစ်နိုင်ပါတယ်။ ဥပမာ-

    – ညစ်ပေနေတဲ့ မျက်နှာပြင်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် မသန့်ရှင်းခြင်း။ တစ်ခုချင်းပြောရရင် သင့်အဝတ်အစားတွေ၊ ခြုံစောင်တွေကို ပုံမှန်သန့်ရှင်းရေးမလုပ်ခြင်း။

    – လက်ဆေးဖို့မေ့ခြင်း၊ လက်ဆေးလေ့ မရှိခြင်း။ တစ်နေ့လုံး သွားလာလှုပ်ရှားသမျှ သင့်လက်မှာ ရောဂါပိုးမွှားတွေ ကပ်ပါနိုင်ပြီး သင်ထိမိတဲ့ အရာမှန်သမျှဆီ မတော်တq ပျံ့နှံ့တတ်ပါတယ်။

    – သင့်မှာ တုပ်ကွေးလို ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဖျားနာမှု ရှိမယ်ဆိုရင် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှုခြင်း ကတဆင့်၊ သင့်ပါးစပ်က ထွက်လာတဲ့ အမှုန်အမွှားလေးတွေကတဆင့် လေထုထဲကနေ ဘက်တီးရီးယားတွေ ပျံ့နှံ့ဖို့ဆိုတာ အတော်လွယ်တဲ့ ကိစ္စပါ။ တခြားလူတွေက အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အသက်ရှုမိတာ သို့မဟုတ် သင့်ရဲ့ ရောဂါပိုးမွှားတွေ ကပ်ငြိထားတဲ့ မျက်နှာပြင်တွေကို ထိမိရင် ကူးစက်ခံရနိုင်ပါတယ်။ ဒါကို ကူးစက်မှု ကွင်းစက်လို့ ခေါ်ပါတယ်။

    ရောဂါပိုးမွှားတွေ ပျံ့နှံ့တာကို တားဆီးဖို့ အချက်အလက်များ

    ကူးစက်မှုကွင်းစက်ကို တိုက်ဖျက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ အထူးသဖြင့် အိမ်မှာပါ။ အသုံးဝင်မယ့် အချက်အလက်အချို့ကတော့

    – လက်ပုံမှန်ဆေးပါ – အထူးသဖြင့် မစားခင်၊ အစားအသောက် မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးချိန်၊ ချောင်းဆိုး နှာချေပြီးနောက်၊ အိမ်သာဝင်ပြီးနောက်၊ အနှီး သို့မဟုတ် diaper လဲပေးပြီးနောက်မှာ လက်ဆေးပေးပါ။

    – ချောင်းဆိုး နှာချေတဲ့အခါ သင့်နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှုးဖြင့် အုပ်ပါ။ လက်မသုံးပါနဲ့။ အသုံးပြုထားတဲ့ တစ်ရှုးကို အမှိုက်ပုံးထဲ တန်းပစ်ဖို့နဲ့ သင့်လက်ကို ဆပ်ပြာဖြင့် သေချာဆေးပေးဖို့ အမှတ်ရပါ။

    – အစားအစာ ပြင်ဆင်တဲ့အခါ ဘေးကင်းပါစေ။ ချက်ပြုတ်တဲ့အခါ သင့်လက်နဲ့ စဉ်းနှီတုံးလို မျက်နှာပြင်တွေကို ပုံမှန် သန့်ရှင်းအောင်ထားပါ။ သေချာ ချက်ပြုတ်သင့်ပါတယ်။ ချက်ပြီးသားနဲ့ မချက်ရသေးတာကို ခွဲထားပါ။ သိမ်းရင်လည်း ဘက်တီးရီးယား ပေါက်ဖွားတာ နှေးကွေးအောင် ၂မျိုးလုံးကို အေးခဲထားပါ။

    – ပြင်းထန်တဲ့ ကူးစက်မှုတွေမှ သင့်မိသားစုကို ကာကွယ်ဖို့ ကာကွယ်ဆေးသုံးပါ။ သင့်ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ကျွမ်းကျင်သူတွေနဲ့ ကာကွယ်ဆေးထိုးဖို့ ချိန်းဆိုထားရင် မပျက်ကွက်ပါစေနဲ့။

    – ဘုံဘိုင်ခေါင်း၊ တံခါးလက်ကိုင်နဲ့ ဖုန်းခလုတ်လိုမျိုး မျက်နှာပြင်တွေကို ပုံမှန် သန့်ရှင်းရေး၊ ပိုးသတ်ခြင်း လုပ်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သင့်အိမ်မှာ ဒီအရာတွေက အကိုင်အတွယ်များလို့ပါ။

    သန့်ရှင်းတာနဲ့ ပိုးသတ်တာနဲ့ကို ဘယ်လို ခွဲခြားသိနိုင်သလဲ။

    သန့်ရှင်းခြင်း

    ပန်းကန်ခွက်ယောက်နဲ့ ဇွန်းခရင်းလို ပစ္စည်းအသေးလေးတွေကို ဆေးကြောတဲ့အခါ အထူးသဖြင့် ဆပ်ပြာ သို့မဟုတ် ရေနွေးနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ အညစ်အကြေးနဲ့ ရောဂါပိုးမွှားအချို့ကို ဖယ်ရှားပေးပါလိမ့်မယ်။

    ပိုးသတ်ခြင်း

    ပိုကြီးမားပြီး အသေတပ်ဆင်ထားတဲ့ မျက်နှာပြင်တွေအတွက် ပိုသင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက်က ဆေးကြောရုံနဲ့ ရှိနေတဲ့ ရောဂါပိုးမွှားတွေကို ပိုးသတ်ဖို့ မလုံလောက်လို့ပါ။ သင့်အိမ်က မျက်နှာပြင်တွေကို ပုံမှန် ပိုးသတ်ပေးခြင်းက အန္တရာယ်ပေးနိုင်တဲ့ ရောဂါပိုးမွှားနဲ့ ဘက်တီးရီးယားတွေရဲ့ ပျံ့နှံ့မှုကနေ ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement