backup og meta

စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ ဘယ်လိုတွေအသုံးချကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စွယ်စုံအသုံးဝင်တဲ့ ထောပတ်သီးအစေ့ ဘယ်လိုတွေအသုံးချကြမလဲ

    ထောပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ ထောပတ်သီးအစေ့ ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။

    ထောပတ်သီးအစေ့မှာ ဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။

    ထောပတ်သီးအစေ့ ဆိုတာ

    ထောပတ်သီးအစေ့က အပြင်ခွံ အညိုရောင် ရှိပြီး အတွင်းသားက ဖြူနှစ်နှစ်ပါ လှီးလိုက်ရင် အနီရောင်အစေးတွေ ထွက်ပါတယ်။

    ထောပတ်သီးအစေ့ ရဲ့ အာဟာရတန်ဖိုးများ

    ထောပတ်သီးအစေ့မှာ

    • ကယ်လ်လိုရီ
    • ပရိုတင်း
    • အဆီဓာတ်
    • အမျှင်ဓာတ်
    • ဗီတာမင် C
    • သကြားဓာတ်တို့ ပါဝင်နေပါတယ်။

    ကျန်းမာရေးအကျိုးကျေးဇူးများ

    ထောပတ်သီးအစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကတော့

    ခေါင်းလျှော်ရည်

    ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့် ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။

    သွားကိုက်ခြင်း

    သွားကိုက်နေတယ်ဆိုရင် ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကို ရေနွေးဆူဆူနဲ့ နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။

    အကိုက်အခဲပျောက်ဆေး

    ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း နားထင်နဲ့ လည်ကုပ်ကို နှိပ်လိမ်းပေးပါ။

    အသားအရေအတွက် ဆေးတစ်လက်

    ထောပတ်သီးအစေ့က အရေပြားပေါ်က အမည်းစက်တွေကို ပျောက်ကင်းစေနိုင်စွမ်းလည်းရှိပါတယ်။ ထောပတ်သီးစေ့ကို အခြောက်လှမ်း၊ အမှုန့်ကြိတ်ပြီး ရေနွေးနည်းနည်းနဲ့ အနှစ်ဖြစ်အောင်မွှေပါ။ သံလွင်ဆီအနည်းငယ်ထည့်ပြီး အသားအရေမှာ လိမ်းပါ။ ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်လောက်အထိ မခြောက်မချင်းထားပေးပါ။ ပြီးမှ ရေချိုးချလိုက်တဲ့အခါ အသားအရေဝင်းလက်ပြီး ချောမွေ့နေတာတွေ့ရပါမယ်။

    ကိုယ်တိုင်လုပ် Face Scrub

    မျက်နှာအတွက်ရော တစ်ကိုယ်လုံးအတွက်ပါ သဘာဝ scrubလေး ကိုယ်တိုင်လုပ်ဖို့မခက်ပါဘူး။ အခြောက်လှမ်းထားတဲ့ အစေ့ကို ကြိတ်ပြီး ငှက်ပျောသီးတစ်လုံးချေထည့်၊ သံလွင်ဆီတစ်ဇွန်းထည့်ပြီးမွှေပါ။ အရေပြားမှာ ညင်သာစွာလိမ်းပွတ်ပေးပြီးဆေးကြောပါ။

    ဗောက်ပျောက်စေတယ်

    အခြောက်မလှမ်းရသေးတဲ့ အစေ့ကိုခြစ်ပြီး ကြက်ဆူဆီ (castor oil) ထည့်မွှေ၊ တစ်ရက်လောက်နှပ်ထားပါ။ပြီးရင် ဦးရေပြားမှာ ပွတ်လိမ်းပေးပါ။ ဦးခေါင်းကို တဘက်တစ်ထည် သို့မဟုတ် ပဝါပါးနဲ့ တစ်နာရီလောက် ပတ်ထားပြီးမှ ခေါင်းလျှော်ပါ။ ဗောက်ကင်းစင်ပြီး တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ရပါလိမ့်မယ်။ အဆီပြန်တတ်တဲ့ဆံသားအတွက်တော့ ဒီနည်းက မသင့်တော်ပါဘူး။

    သဘာဝအဝတ်အထည်ဆိုးဆေး

    ထောပတ်သီးအစေ့ကို အဝတ်အထည်တွေ အရောင်ဆိုးဆေးအဖြစ် သုံးလို့ရပါတယ်။ ပန်းရောင်ထွက်ပါတယ်။ လွယ်လွယ်လေးပါ။ ထောပတ်သီးစေ့နဲ့ အခွံကို ပွက်ပွက်ဆူအောင် ၄၅ မိနစ်လောက် တည်ပါ။ ကိုယ်အရောင်ဆိုးချင်တဲ့ အထည်ကိုပါ ထည့်တည်ပါ။ ပန်းရောင်အဖျော့လေးရပါမယ်။ အရောင်ထပ်ရင့်ချင်ရင်တော့ အစေ့နဲ့ အခွံပိုထည့်ပြီး အရောအနှောကို အချိန်ပိုကြာကြာထားပေးပါ။

    ထောပတ်သီးအစေ့ကို စားလို့ရသလား

    ထောပတ်သီးက အာဟာရပြည့်ဝတဲ့အသီးအနှံတစ်မျိုးဖြစ်ပေမယ့် ထောပတ်သီးမှာပါရှိတဲ့ အမိုင်နိုအက်စစ် ၇၀ ရာခိုင်နှုန်းကို အစေ့မှာတွေ့ရှိရပါတယ်။ ထောပတ်သီးအစေ့က သူ့ရဲ့ဆေးဖက်ဝင်အာနိသင်တွေကြောင့် အရသာခါးသက်ပြီး အနံ့ပြင်းပါတယ်။ ထောပတ်သီးစေ့ကိုစားသုံးမယ်ဆိုရင် စားလို့တော့ရပါတယ်။

    တခြားအစေ့တွေလိုပဲ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပေမယ့် ဘေးဥပါဒ်လုံးဝကင်းရှင်းရဲ့လားဆိုတဲ့အပေါ် အသေးစိတ်လေ့လာတွေ့ရှိချက်နည်းနေသေးတာကြောင့် စားသုံးမှုကို ပညာရှင်တွေက အားမပေးကြပါဘူး။ Tannin ပါဝင်မှုကြောင့်လည်း ဝမ်းချုပ်စေတတ်တယ်လို့ သိရပါတယ်။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    ကလေးငယ်တွေကို အသုံးမပြုပေးသင့်ပါဘူး။

    သတိထားရမယ့် အချက်များ

    အမှန်တော့ အသီးအနှံတိုင်းရဲ့ အစေ့တိုင်းကို စားလို့မရနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဥပမာ တရုတ်ဆီးသီးနဲ့ မက်မွန်သီးအစေ့တွေဆိုရင် cyanide အဆိပ်ပါတဲ့ amygdalin ဒြပ်ပေါင်းပါဝင်လို့ ဘေးဥပါဒ်မကင်းနိုင်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Yun Sandi Nan Mon မှ ရေးသားသည်။ · 7 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement