backup og meta

အယ်ဇိုင်းမားရောဂါအကြောင်း ဘာတွေအမှတ်မှားနေသလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အယ်ဇိုင်းမားရောဂါအကြောင်း ဘာတွေအမှတ်မှားနေသလဲ

    အယ်ဇိုင်းမားဆိုတာ လူတိုင်းလိုလိုနားထဲမစိမ်းတဲ့ရောဂါအမည်တစ်ခု။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး သိထားကြတဲ့ဗဟုသုတအကြောင်းအရာတွေက မှန်ကန်မှုရှိရဲ့လားဆိုတာ အရေးကြီးပါတယ်။ ငယ်မူပြန်လည်း အယ်ဇိုင်းမား၊မေ့တတ်တယ်ဆို အယ်ဇိုင်းမား၊ အသက်ကြီးလို့ နဝေတိမ်တောင်ဖြစ်လာရင် အယ်ဇိုင်းမားပဲ လို့ သိထားကြပါရဲ့။ အဲဒီအသိတွေက မှန်မမှန်သိရအောင် အယ်ဇိုင်းမားနဲ့ပတ်သက်ပြီး မှားယွင်းနေတတ်တဲ့ အယူအဆအလွဲတွေကို ရှင်းပြချင်လို့ပါ။

    အလွဲ(၁) –Dementia နဲ့Alzheimer’sရောဂါက တူတူပဲ

    တကယ်တော့ Dementia ဆိုတာရောဂါတစ်ခုမဟုတ်ပါဘူး။ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေအများကြီးအကျုံးဝင်တဲ့ရောဂါလက္ခဏာစုဖြစ်ပါတယ်။ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ ဘာသာစကားအသုံးပြုရခက်ခဲခြင်း၊ သိမြင်နားလည်နိုင်စွမ်းလျော့နည်းခြင်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းချို့ယွင်းလာခြင်းတို့လို ဦးနှောက်ဉာဏ်ရည်ပိုင်းလုပ်ဆောင်ချက်တွေယိုယွင်းလာတာဖြစ်ပါတယ်။ Alzheimer’s (အယ်ဇိုင်းမား)ကတော့dementiaဖြစ်ပွားမှု ၆၀% ကနေ ၈၀% မှာ ပါဝင်နေတာဖြစ်ပေမယ့်dementia အမျိုးအစားတွေအများကြီးထဲက တစ်ခုသာဖြစ်ပါတယ်။Dementiaြဖစ်စေတဲ့အကြောင်းရင်းများစွာထဲမှာ အယ်ဇိုင်းမားရောဂါကလည်း အဖြစ်များဆုံးနေရာက ပါဝင်နေပါတယ်။

    နောက်ထပ်ကွာခြားမှုတစ်ခုက အယ်ဇိုင်းမားဆိုတာ ယိုယွင်းပျက်စီးလာတဲ့ရောဂါတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်တဲ့ဆေးမရှိပါဘူး။ Dementia ကတော့ ဗီတာမင်ချို့တဲ့ခြင်း စတဲ့ သူ့ရဲ့အကြောင်းရင်းတွေကိုမူတည်ပြီး လက္ခဏာတချို့ကိုပြန်လည်ကုစားနိုင်ပါတယ်။

    အလွဲ(၂) – အယ်ဇိုင်းမားက အသက်ကြီးမှ ဖြစ်လာနိုင်တယ်

    အယ်ဇိုင်းမားရောဂါဖြစ်လာသူအများစုက အသက် ၆၅ နှစ်အထက်အရွယ်တွေဖြစ်နေပေမယ့် ၆၅ နှစ်အောက်တွေမှာလည်း အစပျိုးလက္ခဏာတွေရှိနေနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြခဲ့ပါတယ်။

    အသက် ၄၀၊ ၅၀ ဝန်းကျင်ရောက်တဲ့အခါ အစပျိုးလက္ခဏာတွေရှိပေမယ့် အယ်ဇိုင်းမားလို့မထင်မိတာကတစ်ကြောင်း၊ အယ်ဇိုင်းမားလက္ခဏာတွေက အသက် ၆၀ကျော်မှ စတင်သိသာလေ့ရှိတာကတစ်ကြောင်း ကြိုသိဖို့ခက်ပါတယ်။ သက်ကြီးပိုင်းမရောက်ခင် အယ်ဇိုင်းမားရောဂါကိုစောစီးစွာခံစားရတတ်တဲ့အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု၊ အရွယ်မတိုင်ခင်သွေးဆုံးခြင်း၊ စိတ်ကျခြင်းတို့ပါဝင်ပါတယ်။

    အလွဲ(၃) – အယ်ဇိုင်းမားဆိုတာ အသက်ကြီးရင်ဖြစ်တတ်တဲ့ လက္ခဏာတွေပဲ (ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို လက်ခံထားတာ)

    အသက်လေးကြီးလာရင်မေ့တတ်လာတာက အများစုမှာဖြစ်တတ်ပေမယ့် အယ်ဇိုင်းမားကြောင့်ဖြစ်ရတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကတော့နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ပုံမှန်ဖြစ်လေ့ရှိတာထက်ကိုပိုဆိုးရွားပါတယ်။ အယ်ဇိုင်းမားအစပိုင်းမှာ လောလောလတ်လတ် သိထားတဲ့အရာတွေကိုမေ့သွားနိုင်တယ်၊ အရေးကြီးတဲ့ရက်စွဲတွေ၊အမှတ်တရပွဲတွေ၊ဖြစ်ရပ်တွေကိုမေ့သွားနိုင်တယ်၊မေးခွန်းတစ်ခုတည်းကို ထပ်ကာတလဲလဲမေးနေတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါရင့်လာတာနဲ့အမျှ အရာရာ ဇဝေဇဝါဖြစ်လာတာ၊ အာရုံရှုပ်ထွေးလာတာ၊ ပုံမှန်လုပ်နေကျအရာတွေမလုပ်နိုင်တော့တာတွေဖြစ်လာမယ်။နောက်ပိုင်းအဆင့်တွေဆိုရင်တော့ အစာစားတာ၊စကားပြောတာတွေမှာ လုပ်ဆောင်နိုင်စွမ်းတွေကျဆင်းပြီး အနီးကပ်စောင့်ရှောက်ပေးမယ့်လူတစ်ယောက် မဖြစ်မနေလိုအပ်လာတဲ့အဆင့်ကိုလုံးဝရောက်သွားနိုင်ပါတယ်။ ကဲ ဒီလက္ခဏာတွေက အသက်ကြီးတဲ့လူတိုင်းမှာဖြစ်လို့လား စဉ်းစားကြည့်ပါဦး။

    အလွဲ(၄) – အယ်ဇိုင်းမားက သေစေနိုင်တဲ့ရောဂါမဟုတ်ဘူး

    အယ်ဇိုင်းမားရောဂါဟာ အမေရိကန်မှာဆိုရင် ဆဋ္ဌမမြောက်လူသေဆုံးမှုအများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ရောဂါနောက်ဆုံးအဆင့်မှာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေတုံ့ပြန်နေထိုင်နိုင်စွမ်းဆုံးရှုံးလာသလို တဖြည်းဖြည်းနဲ့ လမ်းလျှောက်တာ၊ထိုင်တာ၊ထတာတွေမှာ ထိန်းချုပ်နိုင်စွမ်းနည်းလာမယ်၊ အချိန်ပြည့်ကြည့်ရှုစောင့်ရှောက်မှုလိုအပ်လာတဲ့အဆင့်ကိုရောက်လာပါမယ်။ ဒီအခြေအနေဆို ကိုယ်ခံအားလည်းနည်းပြီး ရောဂါဝင်လွယ်တဲ့အနေအထားဖြစ်လာနိုင်ပါတယ်။ ဟိုဟိုဒီဒီလျှောက်သွား၊လျှောက်လုပ်တတ်ပြီး လမ်းပျောက်တာမျိုးလည်းဖြစ်တတ်တော့မတော်တဆမှုတွေအန္တရာယ်စိုးရိမ်ရပါတယ်။

    အလွဲ(၅) – အယ်ဇိုင်းမားအတွက် ကုသနည်းတွေအများကြီးရှိတယ်၊ ကြိုတင်ကာကွယ်လို့ရတယ်

    အယ်ဇိုင်းမားရောဂါဟာ ကြိုတင်ကာကွယ်လို့၊ ကုသလို့၊နှေးအောင်လုပ်လို့မရနိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အယ်ဇိုင်းမားလက္ခဏာတွေအတွက် အမေရိကန် FDA က ခွင့်ပြုချက်ပေးထားတဲ့ဆေးနှစ်မျိုးရှိပါတယ်။ ဒီရောဂါရဲ့ ဦးနှောက်ဉာဏ်ရည်ပိုင်းလက္ခဏာတွေ(မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အာရုံရှုပ်ထွေးခြင်း၊တွေးခေါ်နိုင်စွမ်းနဲ့ဆင်ခြင်နိုင်စွမ်းပြဿနာတွေ) ကိုသက်သာစေဖို့cholinesterase inhibitors တွေနဲ့memantine တို့ဖြစ်ပါတယ်။ ဗီတာမင် E လို အားဆေးတွေကိုလည်း စမ်းသပ်ခဲ့ပေမယ့် အယ်ဇိုင်းမားကုသမှုအတွက် ထိရောက်တယ်လို့ သက်သေမပြနိုင်သေးပါဘူး။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement