backup og meta

ခံတွင်းနံ့ဆိုးကို ဘယ်လိုဖျောက်မလဲ


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းနံ့ဆိုးကို ဘယ်လိုဖျောက်မလဲ

    ခံတွင်းနံ့ဆိုးထွက်စေတဲ့ အကြောင်းအရင်း အများကြီးရှိပါတယ်။ ခံတွင်းနံ့ဆိုးထွက်ခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းစေတဲ့အတွက် ခံတွင်းနံ့ကောင်းမွန်လာအောင် အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

    မကြာခဏသွားတိုက်ပါ၊ သန့်ရှင်းရေးလုပ်ပါ

    သင့်အာခံတွင်းထဲက သွားချေးနဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ ခံတွင်းနံ့ဆိုးစေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လူအများစုက မနက်အိပ်ရာထမှာ တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးမှာ တစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်လေ့ရှိကြပါတယ်။ အကယ်၍ သင်ဟာ ခံတွင်းနံ့အတွက် စိုးရိမ်ပူပင်နေရမယ်ဆိုရင်တော့ တစ်နေ့နှစ်ကြိမ်မက သွားတိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ blue cheese ခေါ် ပင်နီဆီလီယမ် မှိုဖောက်ထားတဲ့ ချိစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါး စတဲ့ အနံ့စူးစူးထွက်စေတဲ့ အစားအသောက်တွေ စားပြီးတိုင်း သွားတိုက်ပေးသင့်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို အနည်းဆုံးတစ်ကြိမ် သွားသန့်ရှင်းရေးလုပ်တဲ့ကြိုးကို အသုံးပြုပြီး သွားပွတ်တံနဲ့ မဖယ်ထုတ်နိုင်တဲ့ သွားကြိုသွားကြားထဲက အစားအသောက်တွေကို ရှင်းထုတ်ပေးရမှာ ဖြစ်ပါတယ်။

    ပလုတ်ကျင်းဆေးရည် အသုံးပြုပါ

    အာနိသင်ကောင်းမွန်တဲ့ ပလုတ်ကျင်းဆေးရည်ဟာ နမ်းချင်စဖွယ် ခံတွင်းနံ့သင်းသင်း ရစေရုံသာမက ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးခြင်းအားဖြင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ပလုတ်ကျင်းဆေးရည် အများကြီးရှိပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်တဲ့ ဆေးရည်တွေကတော့ ခံတွင်းကို ခြောက်သွေ့စေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

    အနံ့ပြင်းတဲ့ အစားအသောက်တွေကို ရှောင်ပါ

    ခံတွင်းနံ့ဆိုးစေတဲ့ အဓိကတရားခံ အစားအသောက်တွေကတော့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ပဲ ဖြစ်ပါတယ်။ ကြက်သွန်မှာပါတဲ့ အနံ့ဆိုးထွက်စေတဲ့ပစ္စည်းတွေဟာ သွေးထဲကနေတဆင့် အဆုတ်ဆီရောက်ရှိပြီး အသက်ရှုထုတ်လိုက်တိုင်း အနံ့ထွက်စေတဲ့အတွက် သွားတိုက်ရုံနဲ့ အကျိုးထူးမှာ မဟုတ်ပါဘူး။ ဒီအတွက်တစ်ခုတည်းသော အဖြေကတော့ ကြက်သွန်လုံးဝမစားဖို့ ဒါမှမဟုတ် အလုပ်မသွားခင်၊ တစ်ယောက်ယောက်နဲ့ မတွေ့ခင် စားမသွားဖို့ပဲဖြစ်ပါတယ်။

    ဆေးလိပ်ဖြတ်ပါ

    ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် အထူးသဖြင့် အဆုတ်အတွက် မကောင်းဘူးဆိုတာ အားလုံးသိကြပါတယ်။ တကယ်တော့ ဆေးလိပ်ဟာ ခံတွင်းကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဆေးလိပ်ဟာ ကင်ဆာဖြစ်စေခြင်း၊ အဆုတ်ပျက်စီးစေခြင်း စတဲ့ ဆိုးကျိုးတွေအပြင် သွားကိုစွန်းထင်းစေပြီး ခံတွင်းနံ့ဆိုးစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်သူတွေအတွက် ဆေးလိပ်ဖြတ်တယ်ဆိုတာ တကယ့်စိန်ခေါ်မှုတစ်ရပ်ပါပဲ။ ဒါကြောင့် အမှန်တကယ် ဆေးလိပ်ဖြတ်ဖို့ ဆန္ဒရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်။

    ရေများများသောက်ပါ

    ခံတွင်းနံ့ဆိုးကို ကာကွယ်နိုင်မယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ ရေသောက်ခြင်းပါပဲ။ ရေသောက်နည်းပြီး တံတွေးလုံလုံလောက်လောက် မထွက်နိုင်ရင် သွားတွေဆွေးမြည့်ပြီး ခံတွင်းနံ့ဆိုး ထွက်နိုင်ပါတယ်။

    လျှာသန့်ရှင်းရေးလုပ်ပါ

    သင်သွားတိုက်တဲ့အခါတိုင်း လျှာကိုပါ ပွတ်တိုက်သန့်ရှင်းပေးဖို့ မမေ့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ လျှာဟာ ဘာအန္တရာယ်မှ မဖြစ်စေဘူးလို့ ထင်ရပေမယ့် ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားပိုးမွှားပေါင်း သန်းနဲ့ချီပြီး စုဝေးနေထိုင်ရာ ဂေဟာတစ်ခု ဖြစ်နေနိုင်လို့ပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement