backup og meta

မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ


Aye Thi Mon မှ ရေးသားသည်။ · 19/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

    မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတွေအန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ

    မိုးတွင်းမှာဖြစ်ပွားလေ့ရှိတဲ့ရောဂါတွေကရောဂါအခြေအနေမပြင်းထန်ခင်အထိရောဂါအမျိုးအစားကိုခန့်မှန်းရခက်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါအချို့က ကုသရလွယ်ကူပေမယ့် ရောဂါအချို့က အသက်အန္တရာယ်ကိုထိခိုက်နိုင်တာကြောင့်စောစီးစွာရှာဖွေကုသနိုင်မှသာ အသက်အန္တရာယ်ကနေကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ မိုးရာသီမှာအဖြစ်များတဲ့ရောဂါတွေနဲ့ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေမျှဝေပေးလိုက်ပါတယ်။

    အအေးမိခြင်း

    အအေးမိဝေဒနာက မိုးတွင်းမှာအဖြစ်များတဲ့ရောဂါတစ်ရပ်ဖြစ်ပြီး လေထုထဲကနေတဆင့်ရောဂါပိုးတွေ ပြန့်နှံ့ရာကနေဖြစ်ပွားတာဖြစ်ပါတယ်။ အအေးမိတာက အသက်ရှုလမ်းကြောင်းအထက်ပိုင်းမှာ ခံစားရတဲ့ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ လည်ချောင်းတွေမှာ ခံစားရနိုင်ပါတယ်။ အအေးမိရောဂါခံစားရတဲ့အခါ နှာစေးတာ၊လည်ချောင်းနာတာ၊ကိုယ်လက်တွေကိုက်ခဲတာ၊လည်ချောင်းနာတာနဲ့အဖျားတက်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ –

    • ကိုယ်ခံအားစနစ်ကောင်းမွန်လာစေဖို့နဲ့ ခန္ဓာကိုယ်ရဲ့ရောဂါခုခံနိုင်စွမ်းတိုးတက်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရသင့်တင့်မျှတစွာ စားသုံးပေးပါ။

    ကာလဝမ်းရောဂါ

    နောက်ထပ်အဖြစ်များတဲ့ မုတ်သုံရာသီရောဂါတစ်ခုကတော့ ကာလဝမ်းရောဂါပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာတွေကြောင့် ကာလဝမ်းရောဂါဖြစ်ပွားတာဖြစ်ပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အခါ အော့အန်တာနဲ့ ဝမ်းသွားတာတွေကြောင့် ရေဓာတ်ဆုံးရှုံးတာနဲ့ ကြွက်တက်တာတွေဖြစ်ပေါ်ခံစားခဲ့ရနိုင်ပါတယ်။ ကာလဝမ်းရောဂါက ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ရေဓာတ်ကိုပြန်လည်မဖြည့်တင်းနိုင်ဘူးဆိုရင်အသက်အန္တရာယ်စိုးရိမ်ရပါတယ်။။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ

    • သန့်ရှင်းတဲ့ရေကိုသောက်သုံးပါ
    • ကောင်းမွန်တဲ့ရေဆိုးနုတ်စနစ်ရှိပါစေ
    • လက်ကိုစင်ကြယ်စွာဆေးကြောပေးပါ

    တိုက်ဖွိုက်

    တိုက်ဖွိုက်ရောဂါဟာ ရေမှာပေါက်ဖွားတဲ့Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေကနေတဆင့် ကူးစက်နိုင်သလို ရောဂါကူးစက်ခံထားရတဲ့ သူရဲ့မစင်ကြောင့် ညစ်ညမ်းနေတဲ့ရေကနေလည်း ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။

    တိုက်ဖွိုက်ရောဂါခံစားရတဲ့အခါ အဖျားတာရှည်တာ၊ မခံမရပ်နိုင်အောင်ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ –

    • သန့်ရှင်းတဲ့သောက်သုံးရေကိုသောက်သုံးပါ
    • ကောင်းမွန်တဲ့ရေဆိုးနုတ်စနစ်ထားရှိပါ
    • လက်ကိုစင်ကြယ်စွာဆေးကြောပါ

    အသည်းရောင်အသားဝါအေ

    အသည်းရောင်အသားဝါအေရောဂါဟာ အသည်းရောင်အသားဝါအေရောဂါပိုးကြောင့်ဖြစ်ပေါ်ခံစားရတာဖြစ်ပါတယ်။ အသည်းရောင်အသားဝါအေရောဂါဟာ ယင်ကောင်တွေကနေတဆင့် ကူးစက်နိုင်ပြီးရောဂါပိုးရှိသူတစ်ဦးရဲ့ မစင်တွေ၊ ညစ်ညမ်းနေတဲ့သောက်သုံးရေနဲ့အစားအစာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါအေရောဂါ ခံစားနေရတဲ့အခါ ရောဂါပိုးကြောင့် အသည်းရောင်ရမ်းမှုကို ဖြစ်ပေါ်စေသလို အသားဝါတာ၊အစာအိမ်နာတာ၊အစားစားချင်စိတ်နည်းပါးလာတာ၊ မအီမသာဖြစ်တာ၊အဖျားတက်တာ၊ ဝမ်းလျှောတာနဲ့ ပင်ပန်းနွမ်းလျတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ –

    • လက်ကို မကြာခဏဆေးကြောသလိုမျိုး ကောင်းမွန်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအလေ့အထကို ပျိုးထောင်ပါ
    • ရောဂါကူးစက်ခံရနိုင်ခြေများတဲ့သူတွေမှာ ကာကွယ်ဆေးကြိုတင်ထိုးထားပါ

    သွေးလွန်တုပ်ကွေး

    ခြင်တွေကနေတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ နေ့လယ်နေ့ခင်းမှာ ကိုက်တတ်တဲ့ Aedes Aegypti လို့ခေါ်တဲ့ ခြင်ကျားတွေ အကိုက်ခံရတာကြောင့် ရောဂါဖြစ်ပွားတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရတဲ့အခါ အဆစ်တွေနဲ့ကြွက်သားတွေ ပြင်းထန်စွာ နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အဖျားတက်တာ၊ နုံးချိတာ၊ အရေပြားမှာ အင်ပြင်လိုမျိုး အနီကွက်တွေထွက်တာ ခံစားရနိုင်ပြီး နောက်ဆက်တွဲဝေဒနာတွေအနေနဲ့ ဗိုက်အောင့်တာ၊ သွေးလွန်တာနဲ့ သွေးပေါင်ကျတာတွေခံစားရနိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ –

    • ခြင်ကနေတဆင့် ကူးစက်တာဖြစ်တာကြောင့် ခြင်ကိုက်မခံရအောင် ခြင်ပြေးဆေးတွေလိမ်းထားပေးပါ
    • အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင်ကာကွယ်ပါ
    • သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ခြင်က နေ့ဘက်မှာကိုက်တတ်တယ်ဆိုတာနဲ့ ရေကြည်ရေသန့်မှာပေါက်ဖွားတတ်တယ်ဆိုတဲ့အချက်ကိုသတိရဖို့ကလည်းအရေးကြီးလှပါတယ်။ ခြင်ပေါက်ဖွားနိုင်တဲ့ ရေတွေကို ဖုံးအုပ်တာတွေ၊သွန်တာတွေလုပ်ဆောင်ပေးပါ။

    ငှက်ဖျား

    မုတ်သုံရာသီမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ညစ်ပတ်တဲ့ရေတွေမှာ ပေါက်ဖွားရှင်သန်တဲ့ခြင်တစ်မျိုးကြောင့် ဖြစ်တာဖြစ်ပြီး မိုးရာသီမှာ ရေဝပ်တဲ့နေရာတွေမှာပေါက်ပွားရှင်သန်ကြပါတယ်။ ငှက်ဖျားရောဂါဟာAnopheles အမျိုးအစားခြင်ကြောင့် ကူးစက်ပြန့်နှံ့တာဖြစ်ပါတယ်။ ငှက်ဖျားရောဂါခံစားရတဲ့အခါ အဖျားတက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာ၊ ချမ်းတုန်တာ၊ ချွေးထွက်တာတွေကို ခံစားရနိုင်ပြီး မကုသဘဲနေရင် အသားဝါတာ၊ ပြင်းထန်တဲ့သွေးအားနည်းရောဂါ၊ ကျောက်ကပ်နဲ့ အသည်းထိခိုက်ပျက်စီးတာတွေ အထိခံစားရနိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ-

    • အင်္ကျီလက်ရှည်.ဘောင်းဘီရှည်တွေဝတ်ဆင်ခြင်းဖြင့်ခြင်ကိုက်မခံရအောင်ကြိုတင်ကာကွယ်ပါ
    • မုတ်သုံရာသီမှာ အိမ်မှာခြင်အန္တရာယ်ကင်းဝေးစေဖို့ ခြင်နိုင်ဆေးခရင်ခ်တွေ လိမ်းတာ၊ ခြင်ဆေးထွန်းတာမျိုးတွေလုပ်ဆောင်ပေးပါ
    • ငှက်ဖျားပိုးဖြစ်စေတဲ့ ခြင်တွေ မပေါက်ပွားနိုင်အောင် ကာကွယ်ဖို့ မသန့်ရှင်းတဲ့ရေတွေဝပ်နေနိုင်တဲ့နေရာတွေကို စစ်ဆေးပါ
    • ပိုးသတ်ဆေးစိမ်ထားတဲ့ ခြင်ထောင်တွေနဲ့အိမ်တွင်းဖြန်းခြင်နိုင်ဆေးတွေဖြန်းတာကလည်း ငှက်ဖျားရောဂါကိုကာကွယ်နိုင်သလိုခြင်ပေါက်ဖွားမှုကိုလည်းလျော့ကျစေနိုင်ပါတယ်။

    Leptospirosis

    LeptospirosisရောဂါဟာLeptospira အမျိုးအစားရောဂါပိုးကြောင့်ဖြစ်တာဖြစ်ပါတယ်။ တိရစ္ဆာန်တွေကနေတဆင့် လူတွေကိုကူးစက်လေ့ရှိပါတယ်။ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ဆီးတွေနဲ့ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ဆီးတွေပါဝင်နေတဲ့ရေတွေကို မျက်လုံး၊ပါးစပ်၊နှာခေါင်းနဲ့အခြားအရေပြားတွေနဲ့ထိတွေ့မိရာကနေတဆင့် ကူးစက်တာဖြစ်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ-

    • ရေကြီးတဲ့ရေတွေထဲမှာရေမကူးပါနဲ့
    • လည်ရှည်ဖိနပ်တွေလက်အိတ်တွေဝတ်ဆင်ပေးပါ
    • မသန့်ရှင်းတဲ့ရေတွေကိုဖောက်ထုတ်ဖယ်ရှားပစ်ပါ
    • နေအိမ်ကိုသန့်ရှင်းအောင်ထားပါ။ ပတ်ဝန်းကျင်မှာကြွက်တွေမရှိအောင်လည်းဂရုပြုပါ
    • သန့်ရှင်းတဲ့ရေကိုသာသောက်သုံးပါ၊ရေကိုကျိုချက်သောက်သုံးပါ။
    • တိရစ္ဆာန်အသေကောင်တွေကို လက်ဗလာနဲ့မကိုင်ပါနဲ့
    • မိမိအိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးထားပါ

    အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတာ (Gastroenteritis)

    အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတာ (Gastroenteritis) နဲ့ အစာအဆိပ်သင့်တာက မုတ်သုံရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်ပါတယ်။ စိုးထိုင်းစမြင့်မားမှုက ပိုးတွေပေါက်ပွားအောင်အထောက်အပံ့ပေးနေပါတယ်။ ဒီရောဂါကိုခံစားရတဲ့အခါ အစာအိမ်နာတာ၊ မအီမသာဖြစ်တာ၊အော့အန်တာ နဲ့ဝမ်းလျှောတာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အဖျားတက်တာမျိုးလည်းဖြစ်နိုင်သလို အဖျားကြောင့် မအီမသာဖြစ်တာနဲ့ အားအင်ကုန်ခမ်းတာမျိုးတွေတောင်ဖြစ်နိုင်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ –

    • အစားအစာတွေကို အစိမ်းစားတာမျိုးတွေ၊ အသုပ်စားတာမျိုးတွေမလုပ်ပါနဲ့
    • ဝမ်းလျှောစေနိုင်တဲ့ မသန့်ရှင်းတဲ့ရေတွေနဲ့လုပ်ထားနိုင်တဲ့ လမ်းဘေးအစားအစာတွေကိုမစားပါနဲ့
    • ပူပူနွေးနွေး၊ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြင်ဆင်ထားတာတွေကိုပဲ စားပါ။
    • ယင်နားစာ ရှောင်ပါ။

    ဝမ်းလျှောတာ

    မိုးရာသီမှာအဖြစ်များတဲ့နောက်ထပ်ရောဂါတစ်မျိုးက ဝမ်းလျှောတာဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာနဲ့ မသန့်ရှင်းတဲ့အစားအသောက်တွေနဲ့ရေတွေကြောင့်ဖြစ်တာဖြစ်ပါတယ်။

    ကာကွယ်နိုင်မယ့်နည်းလမ်းများ-

    • တစ်ကိုယ်ရည်သန့်ရှင်းမှုကိုထိန်းသိမ်းပါ
    • အစားမစားခင်လက်ကိုစင်ကြယ်အောင်ဆေးပါ
    • ကျိုချက်ထားတဲ့ရေကိုသာသောက်သုံးပေးပါ

    မုတ်သုံရာသီမှာ ဖြစ်တတ်တဲ့ရောဂါတွေကိုကာကွယ်နိုင်ဖို့အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးတွေကိုလိုက်နာလုပ်ဆောင်ကြည့်ကြပါစို့။

    • ရေကနေတဆင့် ကူးစက်တတ်တဲ့ တိုက်ဖွိုက်၊ အသားဝါ၊ အစာအိမ်အူလမ်းကြောင်းရောဂါတွေနဲ့ဝမ်းလျှောတာတွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ သန့်ရှင်းတဲ့ရေကိုသာ သောက်သုံးပါ၊ရေသန့်စက်မရှိရင် ရေကိုကျိုချက်သောက်သုံးပါ။
    • ဘက်တီးရီးယားကနေတဆင့်ဖြစ်တဲ့ ရောဂါတွေမဖြစ်အောင်ကာကွယ်နိုင်ဖို့ လက်သုတ်ပဝါသီးသန့်ထားရှိအသုံးပြုပါ
    • နှာချေ၊ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့နှာခေါင်းကို လက်ကိုင်ပဝါနဲ့အုပ်ပါ
    • ခြင်ကိုက်မခံရအောင်ခြင်နိုင်ဆေးတွေ၊ခြင်ထောင်တွေကို အသုံးပြုပြီးကာကွယ်ပါ
    • အရေပြားမှိုပိုးဝင်ရောက်တာတွေမဖြစ်အောင် ခြောက်သွေ့တဲ့အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ
    • အစားအစာကို အိမ်မှာကိုယ်တိုင်ပြင်ဆင်စားသောက်ပါ။ အပြင်စာတွေ တတ်နိုင်သမျှရှောင်ပါ
    • လူထူတဲ့နေရာတွေမသွားပါနဲ့
    • လက်ကို လက်သန့်ဆေးသုံးပြီး မှန်မှန်ဆေးကြောပေးပါ

    အထက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီး မုတ်သုံရာသီကိုရောဂါကင်းကင်းနဲ့ကျော်ဖြတ်ကြပါစို့၊

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 19/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement