backup og meta

နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ


Hello Sayarwon မှ ရေးသားသည်။ · 31/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာတာရှည် နာကျင်မှုဝေဒနာခံစားနေရသူများတွင် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် သိထားသင့်သည်များ

    သင်သည် ညဘက်တွင် အိပ်ရာမှနိုးလာပြီး ပြန်အိပ်မပျော်တော့သည့် အခါမျိုးနှင့် ကြုံဖူးပါသလား။ အကယ်၍သင်သည် နာတာရှည် နာကျင်ခြင်းကို ခံစားနေရလျှင် ၁၀ မိနစ်တာမျှအိပ်ပျော်ရန်ပင် သင့်အတွက်ခက်ခဲနေနိုင်ပါသည်။ ကောင်းမွန်စွာ အိပ်ပျော်မှသာ နေ့စဉ်အလုပ်များလုပ်ဆောင်ရာတွင် အဆင်ပြေမည်ဖြစ်သည်။

    အိပ်ရေးမဝလျှင် ဦးနှောက်မကြည်လင်တော့ဘဲ နေ့စဉ်အလုပ်များကို ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် နာကျင်ဝေဒနာခံစားနေရသူများအတွက် ကောင်းမွန်စွာ အိပ်စက်နိုင်မည့်နည်းများကို တင်ပြလိုက်ရပါသည်။

    လူတယောက်သည် တနေ့လျှင် ဘယ်လောက်အိပ်စက်သင့်သလဲ။

    အသက်အရွယ်ပေါ်မူတည်ပြီး အိပ်ချိန်ကွာခြားမှုရှိသော်လည်း လူတယောက်သည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၇ နာရီမှ ၉ နာရီထိအိပ်စက်ရန်လိုအပ်သည်။

    သင်အိပ်စက်နေသော အချိန်တွင် ဦးနှောက်က နောက်နေ့အလုပ်လုပ်နိုင်ရန် အားအင်မွေးနေပါသည်။ ထို့ကြောင့် အိပ်ချိန်လုံလောက်စွာရှိမှ ဦးနှောက်က ကောင်းစွာလုပ်ဆောင်နိုင်မည်ဖြစ်သည်။

    ထို့အပြင် သင်ယူလေ့လာခြင်း၊ ပြသနာများဖြေရှင်းခြင်း ၊ တိကျစွာဆုံးဖြတ်နိုင်ခြင်း နှင့် တီထွင်နိုင်စွမ်းများ တိုးလာခြင်း စသည့် ကောင်းကျိုးများကိုလည်းရရှိနိုင်ပါသည်။

    သင်အိပ်စက်နေသော အချိန်တွင် သင့်ခန္ဓာကိုယ်ရှိပျက်စီးနေသော ဆဲလ်များ သည် အသစ်ပြန်လည် မွေးဖွားလာကာ ကြွက်သားများကို သန်မာကြီးထွားစေပြီး ကျန်းမာရေးကို အကျိုးပြုသော ဟော်မုန်းများထွက်လာစေသည်။

    အိပ်စက်ခြင်း နှင့် နာကျင်မှုဝေဒနာ ဘယ်လို ဆက်နွယ်မှုရှိသလဲ။

    နာကျင်မှုဝေဒနာများကို ခံစားနေရသူများသည် သန်း ၆၀ ခန့်ရှိပြီး ထိုသူတို့တွင် နာကျင်မှုကြောင့် ညဘက်တွင် အိပ်ရာမှနိုးလာပြီး နိုးနေသောကြောင့် နာကျင်မှုပိုဆိုးကာ သံသရာလည်နေတော့သည်။

    လုံလောက်စွာ မအိပ်စက်ရလျှင် ဘာဖြစ်သလဲ။

    သင်သည် သတ်မှတ်ရက်မရောက်မီနောက်ဆုံးနေ့များတွင် အလုပ်မပြီးသည့်အခါ ၊ မနက်ဖြန်တွင် စာမေးပွဲရှိသည့်အခါများတွင် အိပ်ရေးပျက်ခံပြီး အလုပ်များကို ကုန်းရုန်းလုပ်လေ့ရှိသည်။ လုံလောက်စွာမအိပ်ရသောသူသည် အလုပ်၊ သင်ယူမှု၊ စဉ်းစားတွေးခေါ်မှုနှင့် ပေါင်းသင်းဆက်ဆံရေးများတွင် လျော့နည်းစေရုံသာမက ကျန်းမာရေးကိုလည်း ထိခိုက်စေသည်။

    ကြာရှည်စွာ အိပ်ရေးပျက်သူများသည် အဝလွန်ခြင်း၊ သွေးတိုး ၊ဆီးချို၊ ကျောက်ကပ်ရောဂါ ၊ လေဖြတ်ခြင်း စသည်တို့ခံစားရနိင်ပါသည်။

    ထို့ပြင် အိပ်မပျော်လျှင် ဗိုက်ပိုဆာစေပြီး သင်သည် ပြသနာများဖြေရှင်းရာ၊ ဆုံးဖြတ်ချက်များချရာတွင် ထိခိုက်နိုင်ပြီး သင့်စိတ်ကို သင်တည်ငြိမ်အောင်မထိန်းချုပ်နိုင်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို မိမိသေကြောင်းကြံစည်ခြင်း နှင့် မူမမှန်သော အပြုအမူများဖြစ်လာခြင်း စသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းချက်များဖြစ်လာနိုင်ပါသည်။

    ထို့ပြင် ညဘက်တွင် မအိပ်စက်ရခြင်းကြောင့် နေ့ဘက်တွင် အိပ်ငိုက်ခြင်းဖြစ်တတ်ပါသည်။ ၎င်းသည်ထိန်းချုပ်မှုမဲ့သော အသေးစားအိပ်ပျော်ခြင်းမျိုးဖြစ်ပြီး ထိုသို့အိပ်ငိုက်ခြင်းသည် သင်သည် ရုပ်ပိုင်းဆိုင်ရာ နိုးနေသော်လည်း သင့်ဦးနှောက်က ခဏတာမျှအိပ်ပျော်သွားခြင်းမျိုးဖြစ်ပါသည်။ သင်သည် ကားမောင်းသူ၊ စက်ယန္တရားများကို ကိုင်တွယ်မောင်းနှင်ရသူဖြစ်ပါက ထိုသို့ဖြစ်ခြင်းသည် သင့်အတွက်အန္တရာယ်ဖြစ်စေပါသည်။

    အိပ်စက်ချိန်လုံလောက်စွာရရှိရန် ဘယ်လိုလုပ်ရမလဲ။

    သင်သည် နာကျင်ခြင်းကြောင့် တစ်ညလျှင် ၃-၄ ကြိမ်နိုးနေလျှင် ကောင်းမွန်သော အိပ်စက်မှုမျိုးရလိမ့်မည်မဟုတ်ပါ။ အောက်ပါအချက်များ သည် သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်စေရန် ကူညီပေးပါလိမ့်မည်။

    · တရားထိုင်ခြင်းနှင့် အခြားသောကုထုံးများ

    ကြာရှည်စွာနာကျင်ခြင်းကို ခံစားနေရသော လူနာများသည် ဆေးများစွာသောက်နေရသောကြောင့် ထိုဆေးများ၏ အာနိသင်ကြောင့် အနာသက်သာပြီး အိပ်ပျော်သော်လည်း တရားထိုင်ခြင်း၊ အပ်စိုက်ကုသခြင်း၊ လျှပ်စစ်နည်းဖြင့် အာရုံကြောများကို နှိုးဆွခြင်း နှင့် အာရုံကြောများကို ပိတ်ခြင်း စသည့်နည်းများကိုလည်း အသုံးပြုနိုင်ပါသည်။

    · အနေအထားပြောင်းပြီး အိပ်ခြင်း

    ခါးနှင့် လည်ပင်း နာကျင်သူများသည် ဗိုက်မှောက်ပြီး မအိပ်သင့်ပါ။ ထိုအနေအထားသည် ကျောရိုးမနေအထားမမှန်ဖြစ်စေကာ သင့်နာကျင်မှုကို ပိုဆိုးစေပါသည်။ ပက်လက်အနေအထားအိပ်ပြီး ဒူးအောက်တွင် ခေါင်းအုံးခံအိပ်ခြင်းသည် ကျောရိုးမပေါ်တွင်ဖိအားသက်ရောက်မှုနည်းစေပြီး သင့်ကို ပိုသက်သာစေပါသည်။

    အိပ်နေစဉ်တွင် အနေအထားပြောင်းလဲမှုမရှိစေရန် ဘေးတစ်ဖက်တစ်ချက်တွင် ဖက်လုံးများထားခြင်း၊ ခွလုံးဖြင့်အိပ်ခြင်းတို့ကိုပြုလုပ်နိုင်သည်။ လည်ပင်းနာသူများအတွက် အထူးထုတ်လုပ်ထားသော ခေါင်းအုံးများကို အသုံးပြုပါ။ လေယာဉ် ၊ ကားလမ်းခရီးတို့ဖြင့် ခရီးသွားရမည်ဆိုရင်လည်း ခရီးသွားရာတွင်အလွယ်သယ်သွားနိုင်သော ခေါင်းအုံးကို ယူသွားခြင်းဖြင့် သင့်လည်ပင်းကိုအနေအထားမှန်စေပါသည်။

    အိပ်နေစဉ် သင့်ကိုယ်နေကိုယ်ထားသည် အရေးကြီးသလို ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်းတို့ကြောင့်လည်း သင့်ကိုအိပ်ရေးပျက်စေပါသည်။

    · သဘာဝအတိုင်း အိပ်ပျော်နိုင်ရန်နည်းကိုရှာဖွေပါ။

    အချို့သူများသည် သူတို့၏နာကျင်ခြင်းကို အစွဲကြီးမားနေခြင်းကြောင့် အိပ်မပျော်ဘဲ ဖြစ်နေတတ်သည်။ ထို့ကြောင့် သင့်စိတ်ကို စင်ကြယ်အောင်ထားပြီး သဘာဝအတိုင်း အိပ်ပျော်နိုင်ရန်နည်းကိုရှာဖွေပါ။

    အောက်ပါ အနာသက်သာစေနိုင်သောနည်းလမ်းများကို ကြိုးစားကြည့်ပါ။

    • သင်လဲလျောင်းရန် သက်တောင့်သက်သာဖြစ်စေမည့် နေရာကိုရှာပါ။
    • အာရုံစူးစိုက်ပြီ အသက်ရှုသွင်းရှုထုတ်ခြင်းကို ဖြေးညင်းစွာ တစ်မိနစ်ခန့်ပြုလုပ်ပါ။
    • မည်သည့်အတွေးကိုမျှ မတွေးပါနှင့်။ ကောင်းသည် ဆိုးသည် စသည်ဖြင့် တွေးမနေဘဲ သင့်စိတ်ကို အတတ်နိုင်ဆုံးစင်ကြယ်အောင်ထားပါ။
    • သင့်စိတ်ကို သဘာဝအတိုင်း စင်ကြယ်စွာထားပြီး ဝင်လေထွက်လေကိုသာ အာရုံထားပါ။

    ဦးနှောက်နှင့် ကိုယ်ခန္ဓာသည် ဆက်စပ်နေပါသည်။ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်စိတ်များခြင်းတို့သည် နာကျင်မှု၏ နောက်ဆက်တွဲ ပြသနာများဖြစ်သည်။ ထို့ကြောင့် နာကျင်မှုကိုခံစားရလျှင် ထိုဝေဒနာကို အစွဲမထားဘဲ သင့်ကိုယ်သင် လက်ခံနိုင်ရန် ကြိုးစားသင့်သည်။

    · ကြွက်သားများကို ပြေလျော့အောင်နေပါ။

    ညမအိပ်မီ ရေနွေးဖြင့်ရေချိုးခြင်းပြုလုပ်ပါ။ သင်အနားယူနေချိန်တွင် သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ရှိသော အနေအထားတွင်နေပါ။ သင့်ကြွက်သားများကို ပြေလျော့စေသော ရိုးရာနည်းများဖြင့် ကုသခြင်း၊ သီချင်းအေးများနားထောင်ခြင်း၊ အနံ့ကုထုံးစသည်တို့သည် သင့်ကြွက်သားများကို ပြေလျော့စေသည်။ ထိုနည်းများဖြင့် ကြွက်သားများ ပြေလျော့သွားသော အခါ သင့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေပါလိမ့်မည်။

    · သင့်စိတ်ကိုငြိမ်းချမ်းစေမည့်နေရာကို ရွေးချယ်ပါ။

    အချို့သူများသည် ပတ်ဝန်းကျင်တွင် ဆူညံသံများရှိနေသော်လည်း အိပ်ပျော်သည်။ အချို့မှာမူ ထိုအရာသည် အနှောင့်အယှက်တစ်ခုဖြစ်နိုင်သည်။ သင်ကောင်းမွန်စွာ အိပ်စက်နိုင်လေလေ အိပ်စက်နေစဉ်သင်မသိလိုက်သော ဇီဝဖြစ်စဉ်များသည် ခန္ဓာကိုယ်တွင် ပိုမိုကောင်းမွန်လေလေဖြစ်ပါသည်။

    ထို့ကြောင့် ကောင်းမွန်သော ပတ်ဝန်းကျင်တွင်အိပ်စက်ခြင်းသည် သင့် ကို အလွယ်တကူအိပ်ပျော်စေသောနည်းလမ်းဖြစ်ပါသည်။

    • ပတ်ဝန်းကျင်တွင် ဆူညံသံများမရှိအောင်ပြုလုပ်ပါ။ လူအချို့သည် လုံးဝဆိတ်ငြိမ်ခြင်းကို နှစ်သက်ပြီး အချို့မှာအိပ်ပျော်စေသော အသံအချို့ကို နှစ်သက်ကြသည်။
    •  မည်သည့်ရက်တွင်မဆို အချိန်မှန်မှန် အိပ်ပြီး အချိန်မှန် မှန်ထပါ။
    •  အိပ်ရာမဝင်မီ ကော်ဖီ၊ အရက်နှင့် လက်ဖက်ရည်သောက်ခြင်း ရှောင်ပါ။
    •  အိပ်ရာမဝင်မီ ၃-၄ နာရီကြာမျှ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် သင့်ကို အိပ်ပျော်ရန် ပိုခက်စေသည်။
    •  တိရိစ္ဆာန်များနှင့် တစ်ခန်းတည်း အတူနေခြင်း၊ အတူအိပ်ခြင်း မပြုလုပ်ပါနှင့်။

    · နာကျင်မှုအကြောင်းကိုမတွေးပါနှင့်။

    သင်သည် တစ်နေကုန် သင့်အနာအကြောင်းကိုတွေးနေလျှင် ထိုမကောင်းသော အတွေးများကြောင့် ညဘက်တွင် အိပ်မပျော်ဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကောင်းမြင်စိတ်နှင့်တွေးပြီး သင်ဝါသနာပါရာ လုပ်ခြင်း၊ မဂ္ဂဇင်း၊ စာအုပ်ဖတ်ခြင်းစသည်တို့ပြုလုပ်လျှင် သင့်နာကျင်မှုဆီစိတ်မရောက်တော့ဘဲကောင်းစွာ အိပ်ပျော်နိုင်သည်။

    · အိပ်ချိန်မှန်စေသောဟော်မုန်းဆေးများသောက်ခြင်း

    မီလတိုနင်ဆေးသည် အိပ်ချိန်မှန်စေသောဟော်မုန်းဆေးဖြစ်သည်။ ဆေးအမျိုးအစားများစွာရှိရာ သင်သည် အိပ်ပျော်ရန် ဆေးသောက်ချင်လျှင် သင့်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

    · သင့်ဆရာဝန်၏ အကူအညီကိုရယူပါ။

    အိပ်နေစဉ်ဟောက်ခြင်း၊ အိပ်မပျော်ခြင်း စသည့်ကျန်းမာရေးပြသနာများကို ဖြေရှင်းနိုင်ရန် သင့်ကိုအိပ်ရေးပျက်စေသော ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ထိုအခြေအနေများသည် အကြောင်းရင်းများဖြစ်သောကြောင့် ၎င်းတို့ကို အရင်ပျောက်အောင်ကုသသင့်သည်။

    နာတာရှည်နာကျင်မှု ဝေဒနာကြောင့် အိပ်ရေးမဝခြင်းဖြစ်ရသော်လည်း သင့်ကို အိပ်ရေးပျက်စေသော အခြားအကြောင်းရင်းများစွာရှိနေပါသည်။

    တစ်ခါတစ်ရံအိပ်ရေးပျက်ခြင်းသည် လက်ခံနိုင်သော်လည်း ရေရှည်အတွက်မကောင်းပါ။ အိပ်မပျော်လျှင် နာကျင်မှုများလည်းမသက်သာနိုင်ပေ။ နောက်ဆုံးအနေဖြင့် သင်သည် ဆေးသောက်ခြင်း၊ စားသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်း နှင့် အခြားကုထုံးများပြုလုပ်နေပါလျက် အိပ်မပျော်သော ပြသနာနှင့် ကြုံတွေ့နေရဆဲဖြစ်ပါလျှင် ဆရာဝန်ထံသွားကာ တိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 31/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement