backup og meta

သင့်တံတောင် နာကျင်ရခြင်းအကြောင်းရင်းများကို လေ့လာပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်တံတောင် နာကျင်ရခြင်းအကြောင်းရင်းများကို လေ့လာပါ။

    သိုင်းပညာမှာတံတောင်ဆစ်ဟာအမာဆုံးအရိုးလို့ ပြောတာ ကြားဖူးကြပါလိမ့်မယ်။ တံတောင်ဆစ် နာကျင်တာကိုလည်းခဏဖြစ်ဖြစ် ကြုံဖူးနိုင်ပါတယ်။

    တံတောင်ဆစ်ဟာအရိုး၊ အရိုးနု၊ အရည်တချို့နဲ့ ဖွဲ့စည်းထားပါတယ်။ ကြွက်သားနဲ့ ကြွက်သားအရွတ် တွေဟာတံတောင်ဆစ်ကို လှုပ်ရှားနိုင်ဖို့ ပြုလုပ်ပေးပါတယ်။ အဲဒီအရာတွေထဲကတခုခုထိခိုက်မိရင်ဖြစ်ဖြစ်၊ ရောဂါရရင် ဖြစ်ဖြစ် တံတောင်ဆစ်မှာပြဿနာရှိပါတယ်။ ကိစ္စပေါင်းများစွာဟာတံတောင်ဆစ်ကိုထိခိုက်စေ နိုင်ပါတယ်။

    • အလွန်အကျွံသုံးခြင်း၊ အားကစားပြုလုပ်စဉ် ဒဏ်ရာရခြင်း

    • မတော်တဆလဲကျ၊ ပြုတ်ကျခြင်း

    • ထိခိုက်မှုပြင်းထန်သောအားကစားများ ပြုလုပ်ခြင်း

    • ခန္ဓါကိုယ်အစိတ်အပိုင်းများကိုထိခိုက်စေသောရောဂါများ၊ ချို့ယွင်းမှုများ

    လဲကျခြင်းကြောင့်ဖြစ်စေ၊ လက်ကိုပြင်းထန်စွာဆွဲဆန့်ခြင်းကြောင့် ဖြစ်စေတံတောင်ဆစ်ဟာ ကျိုးပဲ့တာ၊ အဆစ်လွဲတာတွေ ဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်ဟာ အဆစ်လွဲခြင်းကို ပြန်တည့်ပေးနိုင်ပါတယ်။ မိမိဖာသာတော့ မလုပ်ပါနဲ့။

    အဆစ်လွဲမယ်၊ ကျိုးပဲ့မယ်ဆိုရင် ရှေးဦးသူနာပြုစုခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ တံတောင်ဆစ်ကိုမလှုပ်ရှားစေဘဲကျပ်စည်းပေးရပါမယ်။ ရောင်နေတဲ့နေရာကိုရေခဲအိတ် ကပ်ပေးနိုင်ပါတယ်။

    ဘယ်အခြေအနေတွေကတံတောင်ဆစ်ကိုနာစေသလဲ။

    အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်တံတောင်ဆစ်ကိုဘယ်အရာကနာကျင်စေသလဲဆိုတာသိထားဖို့ လိုပါတယ်။ အောက်ပါအချက်တွေကြောင့် တံတောင်ဆစ်ကိုထိခိုက်နာကျင်စေနိုင်ပါတယ်။

    • ကြွက်သားအရွတ်

    ကြွက်သားအရွတ်ဒဏ်ရာရရင် တံတောင်ဆစ် နာတတ်ပါတယ်။ လက်ကောက်ဝတ်နဲ့ တံတောင်ဆစ်ကိုအသုံးပြုလွန်းတာဥပမာဘေ့စ်ဘောပစ်တာ၊ ဂေါ့ဖ်ရိုက်တာ၊ တင်းနစ်ရိုက်တာတွေဟာတံတောင်ဆစ် ပတ်လည်က ကြွက်သားအရွတ်တွေကိုရောင်ရမ်းစေပါတယ်။ ၂မျိုးရှိပါတယ်။ အတွင်းဘက်ရောင်ခြင်းကိုဂေါ့ဖ်သမားတံတောင်ဆစ်လို့သုံးပြီးအပြင်ဘက် ရောင်ခြင်းကိုတင်းနစ်သမားတံတောင်ဆစ်လို့ သုံးပါတယ်။ ကြွက်သားအရွတ်ရောင်လို့ နာကျင်တာဟာအနားယူခြင်း၊ ကာယကုထုံး၊ အရောင်ကျဆေးသောက်ခြင်းစတာတွေနဲ့ ပျောက်ကင်းနိုင်ပါတယ်။

    • အိုလီခရေနွန်အရိုးမှ အရည်အိတ်ရောင်ခြင်း

    တစ်ခါတရံမှာ နာကျင်ခြင်းဟာ တံတောင်ဆစ်လှုပ်ရှားမှုကို ချောမွေ့စေတဲ့ အရည်အိတ်ငယ်လေးတွေဆီကနေ လာပါတယ်။ တံတောင်ဆစ်ကိုပဲ မှီနေခြင်း၊ တံတောင်ဆစ်ကို ထိခိုက်မိခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေဟာ အဲဒီအိတ်ငယ် ကလေးတွေကို ထိခိုက်စေပါတယ်။ ဆေးသောက်ခြင်း၊ တံတောင်ဆစ်အစွပ်စွပ်ခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ အရမ်းဆိုးရွားရင်တော့ ခွဲစိတ်ဖို့ လိုပါတယ်။

    • အရိုးအဆစ်ရောင်ရမ်းခြင်း

    အဆစ်ရောင်ခြင်းတမျိုး ဖြစ်ပါတယ်။ သင့်လက်ကို နာကျင်စေပြီး လှုပ်ရှားနိုင်မှုကို ကျဆင်းစေပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ ဘယ်အဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူးခေါင်း၊ ပေါင်၊ ကျောရိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အရိုးအဆစ်ရောင်ခြင်းဟာ လှုပ်ရှားမှု ပြင်းထန်ခြင်းကို ကာကွယ်ပေးတဲ့ အရိုးနုတွေကို ထိခိုက်စေပါတယ်။ အဲဒီလိုဖြစ်ရင် သင့်အရိုးတွေဟာ ပွတ်တိုက်မိလာပါတယ်။ ကြာလာရင် အဆစ်ကို ထိခိုက်လာပါတယ်။

    လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးသောက်ခြင်း၊ တခါတရံ ဆိုးရွားတဲ့ အခြေအနေတွေမှာ မဆစ်အစားထိုး ခွဲစိတ်ကုသခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

    အများအားဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်မှုကို ကုသပြီးချိန်မှာ ကာယကုသလေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကာယကုသမှုဟာ ကျောက်ပတ်တီး (သို့) လက်စည်း ဖယ်ပြီးချိန်မှာ၊ ခွဲစိတ်ပြီးချိန်မှာ လှုပ်ရှားမှု ပိုကောင်းလာအောင် အထောက်အကူ ပြုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement