brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထိပ်ကပ်နာ

နှာခေါင်းရဲ့တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ မျက်နှာအရိုးလေးတွေကြားမှာ နေရာလွတ်လေးတွေ ရှိပါတယ်။ ဒါကို Sinusလို့ခေါ်ပါတယ်။ သူကပုံမှန်တော့ လေနဲ့ပြည့်နေတာပါ။ ဒီနေရာလေးတွေပိတ်ပြီး အရည်လေးတွေစုလာရင် ပိုးဝင်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် Sinusနဲ့ အနားသားလေးတွေ ရောင်ရမ်းတာဖြစ်လာတဲ့အခါ Sinisitis (ထိပ်ကပ်နာ)ဆိုတာဖြစ်လာတာပါ။ ထိပ်ကပ်နာဖြစ်လာခဲ့ရင် လူနာအနေနဲ့လည်း ခံရခက်သလို တစ်ခါတစ်လေနှာခေါင်းက အနံ့ဆိုးထွက်တာကြောင့် လူကြားထဲ သွားလာရခက်နိုင်ပါတယ်။ ဒါကြောင့် ထိပ်ကပ်နာပတ်သတ်ပြီးဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုတွေခံစားရမှာလဲ။ ကုသနည်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်။

ထိပ်ကပ်နာ

ထိပ်ကပ်နာ ဘာကြောင့်ဖြစ်တာလဲ

ထိပ်ကပ်နာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ အများကြီးပါပဲ။ ဒါပေမယ့် နောက်ခံအကြောင်းရင်းကို ပြန်ကြည့်ရင် sinusထဲမှာ အရည်တွေပိတ်နေလို့ ပိုးဝင်တာပါပဲ။ ဘာပိုးတွေလည်းဆိုတော့

  • ဗိုင်းရပ်စ် : ထိပ်ကပ်နာရဲ့ ၉၀ရာခိုင်နှုန်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။
  • ဘက်တီးရီးယား : ထိပ်ကပ်နာ၁၀ယောက်ဖြစ်ရင် ၁ယောက်က ဘက်တီးရီးယားကြောင့်ပါ။
  • လေထုအညစ်အကြေးတွေ : လေထုထဲမှာရှိတဲ့ အမှုန်အမွှားတွေကြောင့်လည်း sinusထဲမှာ အချွဲတွေစုနိုင်ပါတယ်။
  • မှိုပိုး : လေထဲမှာရှိတဲ့ မှိုပိုးတွေကြောင့် ဖြစ်နိုင်သလို နာတာရှည်ထိပ်ကပ်နာမှာ မှိုပိုးတွေစွဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ထိပ်ကပ်နာ ကရှားပါတယ်။
  • ထိပ်ကပ်နာ အမျိုးအစားများ

    • Acute (ရုတ်တရက်ဖြစ်ခြင်း)- စစချင်းမှာတော့ နှာစေးနှာပိတ်ဖြစ်တာ၊ မျက်နှာနာတာတွေ ဖြစ်တတ်ပါတယ်။ ရုတ်တရက်စဖြစ်ပြီး ၂ပတ်ကနေ ၄ပတ်အထိ ကြာတတ်ပါတယ်။
    • ၄ပတ်ကနေ ၁၂ပတ်ထိကြာရင်တော့ Subacute sinusitisလို့ခေါ်ပါတယ်။
    • ၁၂ပတ်ထက်ကြာရင်တော့ နာတာရှည်ထိပ်ကပ်နာလို့ခေါ်ပါတယ်။
    • တစ်နှစ်ထဲမှာ ခဏခဏဖြစ်နေရင်တော့ Recurrent sinusitisလို့ခေါ်ပါတယ်။

    ဘယ်သူတွေပိုဖြစ်နိုင်လဲ။

    ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ပိုဖြစ်နိုင်တဲ့သူတွေကတော့

    • တုပ်ကွေးကြောင့် နှာခေါင်းအတွင်းသားတွေ ရောင်ရမ်းတာ
    • နှာခေါင်းထဲက ပြွန်လေးတွေ ပိတ်နေတာ
    • နှာခေါင်းအသားပိုထွက်တာ
    • ခုခံအားကျတာ၊ ခုခံအားထိန်းဆေးတွေသောက်တာ

    ကလေးတွေမှာဆိုရင်တော့

    • ဓာတ်မတည့်တာ
    • ကျောင်းမှာ၊ မူကြိုမှာ ဖျားလာတာ
    • ချိုလိမ်စို့တာ
    • နို့ဘူးကို ကလေးလှဲရက်အနေအထားနဲ့ တိုက်တာ
    • ပတ်ဝန်းကျင်လေထုညစ်ညမ်းတာ စတာတွေက ပိုဖြစ်စေပါတယ်။

    ဘာလက္ခဏာတွေခံစားရမှာလဲ

    ရုတ်တရက်ဖြစ်တဲ့ ထိပ်ကပ်နာ (Acute sinusitis)ရဲ့ လက္ခဏာတွေကတော့

    • မျက်နာနာတာ၊ တစ်ခုခုနဲ့ဖိထားသလို ခံစားနေရတာ
    • နှာခေါင်းပိတ်တာ
    • နှာရည်ယိုတာ
    • အနံ့ခံမရတာ
    • ချောင်းဆိုးတာ၊ နှာပိတ်တာ

    ဒီထက်ပိုဆိုးလာရင်တော့

    • ဖျားတာ
    • နှာခေါင်းက အနံ့ဆိုးတွေထွက်တာ
    • နုံးတာ
    • သွားတွေနာတာ
    • အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် နှာရည်ယိုတာ

    နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis)ရဲ့ လက္ခဏာတွေကတော့

    • မျက်နာမှာ တစ်ခုခုနဲ့ ဖိထားသလို ခံစားရတာ
    • နှာခေါင်းပိတ်တာ
    • နှာခေါင်းထဲက ပြည်တွေထွက်တာ
    • ဖျားတာ
    • နှာရည်ဆက်တိုက်ယိုတာ
    • ခေါင်းကိုက်တာ
    • နှာခေါင်းအနံ့ဆိုးထွက်တာ
    • သွားနာတာ
    • နုံးတာကို ၁၂ပတ်ထက်ပိုပြိးခံစားရတာပဲ ဖြစ်ပါတယ်။

    ကုသလို့ရလား

    ထိပ်ကပ်နာ ရောဂါက သူ့အလိုလို ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ထိပ်ကပ်နာဖြစ်ရင် နေရခက်တာကြောင့် လူတော်တော်များများက ဆေးဆိုင်က ဆေးဝယ်သောက်ပြီး သက်သာသွားကြပါတယ်။ ဆရာဝန်နဲ့ မဖြစ်မနေပြသင့်တဲ့ အခြေအနေကတော့

    • ၇ရက်၊ ၁၀ရက်စောင့်ကြည့်လို့မှမသက်သာရင်
    • အဖျား ၁၀၁.၅ ဒါမှမဟုတ် ၃၈.၆ထက်များရင်
    • ခေါင်းကိုက်တာ မသက်သာရင်
    • အမြင်ထိခိုက်ရင် ဒါမှမဟုတ် မျက်လုံးနားတစ်ဝိုက်ရောင်နေရင်
    • ပိုးသတ်ဆေးသောက်ပြီးတာတောင် မသက်သာရင် (ဘက်တီးရီးယားကြောင့် ဆိုရင်တော့ ပိုးသတ်ဆေးသောက်ရမှာပါ။ ပိုးသတ်ဆေးသောက်ပြီးတာတောင် မသက်သာရင်တော့ ဆရာဝန်နဲ့ ပြန်ပြရပါမယ်။)

    အိမ်မှာလုပ်နိုင်တဲ့နည်းလမ်းများ

    • နှာခေါင်းထဲ အရည်ထည့်ဆေးခြင်း- အိမ်မှာရှိတဲ့ ဆားရည်နဲ့ဖြစ်ဖြစ်၊ ဆလိုင်းရည်နဲ့ဖြစ်ဖြစ် ဆေးလို့ရပါတယ်။ နှာခေါင်းထဲထည့်လိုက် ကျင်းလိုက်လုပ်ရမှာပါ။
    • ရေနွေးအိတ်ကပ်ခြင်း- မျက်နာနာတဲ့နေရာမှာ ရေနွေးအိတ်လေးကပ်တာက နာတာကို သက်သာစေပါတယ်။ နွေးတယ်ဆိုရုံလေးဆို ရပါတယ်။
    • အကိုက်အခဲပျောက်ဆေးတွေသောက်လို့ရပါတယ်။
    • ရေနွေးငွေ့ရှူခြင်း- ရေဇလုံထဲကို ရေနွေးထည့် အမွှေးဆီ (ဥပမာ ယူကလစ်အဆီ)ထည့်ပြီး ရှူတာက နှာပိတ်တာကို သက်သာစေပါတယ်။
    • နှာပွင့်ဆေးသောက်တာ၊ စပရေးဖြန်းတာလုပ်နိုင်ပါတယ်။ စပရေးကို ၃ရက်ထက်တော့ ပိုမသုံးသင့်ပါဘူး။
    • ရေဓာတ်ပြည့်ဝအောင်နေပါ။ ကောင်းကောင်းအနားယူပါ။

    ကာကွယ်နည်းများ

    • မကြာခဏလက်ဆေးပါ။
    • ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေပါ။
    • ကာကွယ်ဆေးထိုးပါ။
    • တုပ်ကွေးဖြစ်နေတဲ့သူ၊ အသက်ရှူလမ်းကြောင်းရောဂါဖြစ်နေတဲ့သူနဲ့ ဝေးဝေးနေပါ။
    • အိမ်မှာ လေသန့်စင်စက်ထားပါ။
    • အဲကွန်းတွေကို ဖုန်မစွဲ၊ မှိုမစွဲအောင်ထားပါ။
    • တတ်နိုင်ရင် ကိုယ်နဲ့ဓာတ်မတည့်တာကို ရှောင်ပါ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။