backup og meta

COVID-19 ဗိုင်းရပ်စ်က တစ်ချိန်က ဆားစ်ရောဂါထက် ပိုဆိုးသွားနိုင်လား


Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 ဗိုင်းရပ်စ်က တစ်ချိန်က ဆားစ်ရောဂါထက် ပိုဆိုးသွားနိုင်လား

    တစ်ချိန်က ကမ္ဘာအနှံ့မှာရှိတဲ့ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတဲ့ ဆားစ်ရောဂါ (SARS) ကို လူတော်တော်များများ မှတ်မိကြမယ်ထင်ပါတယ်။ ဆားစ်ရောဂါဟာလည်း အခုဖြစ်နေတဲ့ COVID-19 ဗိုင်းရပ်စ်လိုပဲ တရုတ်နိုင်ငံကနေပဲ စတင်လာခဲ့တာဖြစ်ပါတယ်။ ဆားစ်ရောဂါတုန်းက လပိုင်းအနည်းငယ်အတွင်း ဥရောပတိုက်၊ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အာရှတိုက်မှာ ရှိတဲ့ နိုင်ငံပေါင်း ၂၀ နဲ့အထက်ကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်း ၈၀၀၀ ကျော် ကူးစက်ခံရပြီး ၈၀၀ ကျော် အသက်သေဆုံးခဲ့ရပါတယ်။ ထိုစဉ်က ရောဂါပိုးတုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဝေဖန်အပြစ်တင်ခံရတဲ့ တရုတ်အစိုးရအနေနဲ့ ဒီတစ်ခေါက် COVID-19 ကိုရိုနာဗိုင်းရပ်စ်ကိုတော့ လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

    COVID-19 ဗိုင်းရပ်စ်သည်လည်း ဆားစ်ရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါကို ဖြစ်စေပြီး ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းအပြင် သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။ လက်ရှိမှာလည်း ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းက ဝူဟန်ဗိုင်းရပ်စ်ပိုးကို အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ထားပြီး ပြည်သူလူထုကို ဒီပြဿနာအရေးနဲ့ပတ်သက်လို့ မပေါ့ဆဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကူးစက်ခံရသူပေါင်း ၂၀၀၀၀ ကျော်၊ သေဆုံးသူပေါင်း ၄၂၇ ဦးထိရှိနေပြီး တရုတ်နိုင်ငံသာမက တခြားနိုင်ငံတွေမှာပါ လူသေမှုများ တိုးလာပြီဖြစ်ပါတယ်။ ကူးစက်ခံရသူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် ၆၀ နဲ့အထက် အသက်ကြီးပိုင်းတွေ ဖြစ်ပြီး ကျန်တဲ့ ၂၀ရာခိုင်နှုန်းကတော့ ကလေးအရွယ်၊ ကိုယ်ခံအားနည်းသူတွေ၊ တခြားရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။ သေဆုံးသူတွေရဲ့ ၃ပုံ ၂ပုံကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။

    စင်္ကာပူနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ ၁၈ ယောက်ရဲ့ အခြေအနေဟာ ဝေဒနာသက်သာပြီး ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်နေတယ်လို့ သတင်းရရှိပြီး အမေရိကန်နိုင်ငံမှာ ပထမဆုံး ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ သံသယရှိသူကို သေချာစောင့်ကြည့်စစ်ဆေးပြီး ရောဂါမရှိဘူးဆိုတာ သိရတဲ့နောက်မှာ ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပြီလို့လည်း သိရပါတယ်။ ဂျပန်နိုင်ငံရဲ့ အပျော်စီးဇိမ်ခံသင်္ဘောပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်တစ်ယောက်တွင် ရောဂါပိုးတွေ့ရှိခဲ့တဲ့အတွက် ခရီးသည်အပါအဝင် သင်္ဘောပေါ်မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကိုပါ ထိန်းသိမ်းစောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းကိုလည်း ကြားသိရပါတယ်။

    နိုင်ငံအများစုမှာတော့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခွင့် လုံးဝပိတ်ပင်တားဆီးထားပြီး အမေရိကန်နိုင်ငံ၊ စင်္ကာပူနိုင်ငံတွေမှာဆိုရင် ပြင်းပြင်းထန်ထန် တားမြစ်ခြင်း၊ အမိန့်ထုတ်ပြန်ခြင်း၊ လေဆိပ်လုံခြုံရေးတွေမှာ စက်ကိရိယာများဖြင့် စစ်ဆေးခြင်း ပြုလုပ်လျက်ရှိနေပါတယ်။ တရုတ်နိုင်ငံအတွင်းမှာလည်း လူပေါင်း သန်း ၆၀ ကျော်ကို ပြည်ပထွက်ခွင့် လုံးဝပိတ်ပင်ထားဆဲဖြစ်ပြီး နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်ကြတဲ့ ခရီးသည်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ အလုပ်လုပ်ကိုင်နေသူတွေကို မကြာမီအချိန်တွင်းမှာ မွေးရပ်နိုင်ငံဆီသို့ ပြန်လည်ပို့ဆောင်ပေးဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။ မြန်မာကျောင်းသားကျောင်းသူတွေကိုလည်း ယမန်နေ့ ဖေဖော်ဝါရီလ ၃ရက်နေ့မှာ မြန်မာနိုင်ငံဆီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး စောင့်ကြည့်စစ်ဆေးဆဲ အခြေအနေအတိုင်းပဲ ရှိပါသေးတယ်။

    ယခုအခြေအနေအရ COVID-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၊ သေဆုံးသူအရေအတွက်ဟာ ဆားစ်ရောဂါလောက် မများသေးတဲ့တိုင်အောင် ကုသရန်ဆေးထုတ်လုပ်နိုင်ဖို့ အချိန်ကြာမြင့်နိုင်ခြင်း၊ မျိုးဗီဇပြောင်းလဲရာမှ ဖြစ်လာတဲ့ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်တာက တစ်ကြောင်းကြောင့် တစ်ကမ္ဘာလုံးအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ၊ ရောဂါထိန်းချုပ်မှုတွေသာ မလုပ်နိုင်ခဲ့ဘူး၊ အချိန်မမီခဲ့ဘူးဆိုရင်တော့ ဒီ့ထက်အခြေအနေ ပိုဆိုးနိုင်တယ်လို့ သံသယရှိပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ဒီရောဂါပိုးကို ထိန်းချုပ်ဖို့၊ ကုသဖို့ ဆေးဝါးအမြန်ပေါ်ပေါက်လာဖို့ကိုပဲ မျှော်လင့်ထားစရာ ရှိပါတော့တယ်။

    ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးစိုးရိမ်ကြောက်လန့်တာမျိုး၊ လုံးဝမကြောက်မရွံ့ဘဲ ခပ်ပေါ့ပေါ့လေးနေတာမျိုးထက် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်တာ၊ ကိုယ်ခံအားကောင်းအောင်လုပ်တာ၊ ဘယ်သွားသွား Mask ကို နည်းစနစ်မှန်ကန်စွာ တပ်ဆင်တာ၊ လက်ကို အမြဲတမ်းဆေးဖို့နဲ့ မျက်နှာ၊ နှာခေါင်း၊ မျက်လုံး၊ ပါးစပ်တွေကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ဖို့ ထပ်မံမှာကြားလိုပါတယ်။

    ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ CNN သတင်းဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော သတင်းဖြစ်ပါသည်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    [covid_19]

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement