အကယ်၍ သင့်ရဲ့မျက်နှာကို ခွဲစိတ်မှုပြုလုပ်ချင်တယ်ဆိုရင် ခွဲစိတ်မယ့်နေရာတဝှိက်တင် ထုံစေသောဆေး (Local Anesthesia) တွေကို အသုံးမပြုနိုင်ပါဘူး။ သင့်မျက်နှာကို ပျက်စီးစေနိုင်ပြီး ပုံပျက်သွားစေနိုင်ပါတယ်။
ကိုယ်ခန္ဓါရဲ့ တိတိပပနေရာတစ်နေရာကို သိဖို့လိုအပ်ပြီး အဲ့နေရာရဲ့ အာရုံကြောကို ပိတ်ထားလို့ ရမယ်ဆိုရင် ဘာလို့ Local Anesthesia အများကြီးကို သုံးတော့မှာလဲ။
ဒါဟာ တချို့ကိစ္စတွေမှာ အရံအာရုံကြောပိတ်ဆို့ခြင်း(Peripheral Nerve Block) ကို ဘာကြောင့် အသုံးပြုသင့်ရလဲဆိုတဲ့ အကြောင်းပြချက်ပါပဲ။
PNBs ဆိုတာ ဘာလဲ။
ဒါဟာ တစ်စိတ်တစ်ပိုင်းထုံဆေးအမျိုးအစားပါ။ လူနာရဲ့ အာရုံကြောတစ်နေရာ ဒါမှမဟုတ် အာရုံကြောစနစ်ရဲ့ အစုအဝေးကို အဲ့ဒီထုံဆေးကို ထိုးပေးခြင်းဖြင့် အဲ့နေရာက ဖြစ်ပေါ်လာမယ့် နာကျင်မှုကို တားဆီးပေးပါတယ်။
ဘယ်အချိန်မှာ PNBs ကို လိုအပ်မလဲ။
PNBs ကို ခန္ဓါကိုယ်ရဲ့ အစွန်အဖျားပိုင်းတွေ (လက်မောင်း၊ လက်၊ ခြေထောက်၊ ခြေပြား စတဲ့ ခန္ဓါကိုယ်ရဲ့ အလယ်ပိုင်းနဲ့ အဝေးဆုံးနေရာမှာရှိတဲ့ အစိတ်အပိုင်းတွေ) ခွဲစိတ်ဖို့ လိုအပ်ရင် အသုံးပြုပါတယ်။ အသုံးအများဆုံး ၂ခုကတော့ ခြေထောက်ပိုင်းကို ထိုးသွင်းပြီး ဖြစ်ပေါ်စေတဲ့ ပေါင်အာရုံကြော ပိတ်ဆို့မှု (Femoral Nerve Block) နဲ့ လက်မောင်း၊ ပခုံးနေရာတွေကို ထိုးသွင်းပြီး ဖြစ်ပေါ်စေတဲ့ လက်မောင်းအာရုံကြော ပိတ်ဆို့မှု (Brachial Plexus Block) တို့ပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး ထုံဆေးတွေကို ခွဲစိတ်စဉ်နဲ့ ခွဲစိတ်ပြီး အချိန်တွေမှာ နာကျင်မှုဒဏ်ကို ကြာကြာသက်သာစေဖို့အတွက် အသုံးပြုပါတယ်။ နေရာနဲ့ ဆေးအမျိုးအစားပေါ် မူတည်ပြီး ၂နာရီမှ ၂၄နာရီအထိ ကြာရှည်ခံပါတယ်။
PNBs ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများ
ယေဘုယျ နောက်ဆက်တွဲ ရောဂါလက္ခဏာများ
အာရုံကြောထိခိုက်ခြင်း။
ကံကောင်းတာက ခေတ္တခဏ ဖြစ်ပေါ်တာပါပဲ။ ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်ကြာရင် ပြန်လည် သက်သာလာပါလိမ့်မယ်။ အဲ့ထိခိုက်မှုက အာရုံကြောရောက်ရှိတဲ့ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေမှာ အားနည်းတာ၊ ထုံကျင်တာတွေ ဖြစ်ပေါ်စေပါတယ်။ တခါတလေမှာတော့ အာရုံကြောကို လုံးဝ ပျက်စီးသွားစေနိုင်ပါတယ်။
သွေးခဲခြင်း။
ခန္ဓါကိုယ်ပေါ်က နေရာတစ်ခုမှာ စေးပျစ်လာတဲ့သွေးတွေကြောင့် ဖောင်းပွလာတဲ့ ပုံသဏ္ဍန် (Hematoma) ဖြစ်ပေါ်စေတဲ့ ပြဿနာတစ်ခုပါ။ Aspirin ၊ Warfarin ၊ Persantin ၊ Clopidogrel (Plavix နဲ့ Isocover) နဲ့ Asasantin လို ဆေးတွေသောက်ထားရင် သွေးခဲစေတဲ့ Hematoma ဖြစ်နိုင်ခြေ ပိုများပါတယ်။ သင့်မေ့ဆေးဆရာဝန်နဲ့ သေချာ တိုင်ပင်သင့်ပါတယ်။
ပိတ်ဆို့မှု မအောင်မြင်ခြင်း။
ထုံဆေး မလုံလောက်တာ ဒါမှမဟုတ် အခြား နည်းလမ်းနဲ့ အသုံးပြုတာမျိုးကို လိုအပ်ခြင်း ဖြစ်ပါတယ်။ အကြာကြီး ထုံနေတာ၊ နာကျင်တာ၊ ဒါမှမဟုတ် ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေ ဆုံးရှုံးသွားတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။
အဖြစ်နည်းတဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာများ
- ရောဂါပိုးကူးစက်ခြင်း
- အဆုတ် ယိုယွင်းခြင်း ( အချို့ပိတ်ဆို့ကြောင့်သာ)
- ဘေးနားမှာရှိတဲ့ သွေးကြော၊ အာရုံကြော၊ ကြွက်သား စတာတွေကို ထိခိုက်မိခြင်း
ဖြစ်တောင့်ဖြစ်ခဲ နောက်ဆက်တွဲ ရောဂါလက္ခဏာများ
- တိုင်းရင်းဆေးထုံဆေး အလွန်အကျွံ သုံးမိခြင်း
- လေသင်တုန်းဖြတ်ခြင်း
- နှလုံး ရုတ်တရက် ရပ်သွားခြင်း
- သေဆုံးခြင်း
အာရုံကြောပိတ်ဆို့မှုမှ ပြန်လည်သက်သာလာခြင်း
ပိတ်ဆို့မှုခံထားရတဲ့ နေရာမှာ ထုံနေတာ၊ အားနည်းနေတာတွေက ၂၄နာရီထက် ပိုနိုင်ပါတယ်။ ( ပြွန်ချောင်း ထည့်ထားတာ ဆိုရင်တော့ ပိုကြာနိုင်ပါတယ် ) အဲ့အချိန်မှာတော့ နာကျင်တာ မနာကျင်တာကို ပြောပြနိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ သင်သတိထားရမယ့် အရေးကြီးဆုံးတစ်ချက်ကတော့ အဲ့နေရာပေါ်ကို ပူတာပဲဖြစ်ဖြစ် အေးတာပဲဖြစ်ဖြစ် လောင်စေနိုင်တဲ့ ဘယ်အရာမှ မတင်ပါနဲ့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]