brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သိုင်းရွိုက်ဟော်မုန်းများခြင်းနှင့် မျက်စိပြဿနာများ

သိုင်းရွိုက်ဟော်မုန်းများခြင်းဟာ သိုင်းရွိုက်ဂလင်းအနေနဲ့ အလုပ်အလွန်အကျွံလုပ်ပြီး ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာခြင်း ဖြစ်ပါတယ်။ တွေ့ရအများဆုံး အကြောင်းအရင်းကတော့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ ဂရေ့ဗ်ရောဂါ ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ မျက်လုံးကိုပါ ထိခိုက်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းနှင့် မျက်စိပြဿနာများ

သိုင်းရွိုက် မျက်စိရောဂါ

ဂရေ့ရောဂါကြောင့် မျက်စိထိခိုက်ခြင်းကို သိုင်းရွိုက် မျက်စိရောဂါလို့ခေါ်ပြီး ကိုယ်ခံအားစနစ်ကနေ သိုင်းရွိုက်ဂလင်းကို ပြန်လည်တိုက်ခိုက်တဲ့ အခြေအနေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိအနီးတဝိုက် တစ်သျှူးများနဲ့ မျက်စိကြွက်သားများကို တိုက်ခိုက်တဲ့အခါ မျက်စိကို ရောင်ရမ်းစေပြီး အမြင်အာရုံပိုင်းဆိုင်ရာ ပြသနာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ မျက်စိနားက တစ်သျှူးတွေကို တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလင်းမှာ တိုက်ထုတ်ခံရတဲ့ ပရိုတင်းများနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာ အမျိုးသားများထက်စာရင် ရောဂါဖြစ်နိုင်ခြေ ၅-၆ဆ ပိုများပါတယ်။ ဆေးလိပ်သောက်သူများမှာ ဒီရောဂါဖြစ်နိုင်ခြေ သိသိသာသာများပါတယ်။

လက္ခဏာများ

သိုင်းရွိုက်မျက်စိပြသနာမှာ မျက်စိကြွက်သားတွေနဲ့ တစ်သျှူးတွေ ရောင်ရမ်းတဲ့အတွက် မျက်လုံးကို အရှေ့ကို တွန်းထုတ်စေပြီး မျက်လုံးရဲ့ လှုပ်ရှားမှုကို ထိခိုက်စေပါတယ်။ ပိုဆိုးရင် အမြင်အာရုံပါ ဒုက္ခပေးတတ်ပါတယ်။ အောက်ပါ လက္ခဏာတွေ ပြလာတတ်ပါတယ်။

မျက်လုံးဟာ ရောင်ပြီး ထိုးထွက်နေတဲ့အတွက် မျက်စိကို သေချာမမှိတ်နိုင်ပါဘူး။ မျက်လုံးခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အထိမခံခြင်း စတဲ့ပြသနာတွေ ဖြစ်တတ်ပါတယ်။

မျက်စိတဝိုက်မှာ နာကျင်ပြီး ဖောင်းနေသလို ခံစားရပါတယ်။ မျက်လုံးတဝိုက် တစ်သျှူးတွေနဲ့ မျက်ခမ်းတွေ ရောင်တတ်ပြီး မနက်ပိုင်းမှာ ပိုဆိုးတတ်ပါတယ်။

မျက်လုံးရောင်ခြင်း (သို့) ရှေ့တူရူကိုစိုက်ကြည့်နေရခြင်း

မျက်လုံးတဝိုက်က ကြွက်သားတွေ ထိခိုက်တဲ့အခါ မျက်လုံးရဲ့ ပုံမှန်လှုပ်ရှားမှုတွေကို အကန့်အသတ် ဖြစ်စေပါတယ်။ ပုံရိပ်နှစ်ထပ်မြင်တတ်ပြီး ဘေးဘက်နဲ့ အထက်အောက်ရွေ့လျားရင် နာကျင်တတ်ပါတယ်။

ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ဂရေ့ဗ်ရောဂါကြောင့်ဖြစ်တဲ့ သိပ်မဆိုးရွားတဲ့ ပြဿနာတွေဟာ ၁လကနေ ၄လအတွင်း သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆွဲတင်းထားတဲ့ တစ်သျှူးတွေဟာ ပုံမှန်အခြေအနေကို ပြန်မရောက်လို့ မျက်လုံးရောင်ခြင်းနဲ့ တခြား ရုပ်ပိုင်းပြောင်းလဲမှုတွေ ကျန်နေတတ်ပါတယ်။ ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ ရောင်ရမ်းမှုကို အတတ်နိုင်ဆုံးထိန်းပေးပြီး မသက်မသာဖြစ်တဲ့ အနေအထားကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။

စဖြစ်ခါစမှာ မျက်စဉ်း (မျက်ရည်တု)၊ အကာအကွယ်ပေးတဲ့ မျက်မှန် စတာတွေ သုံးရုံနဲ့ လုံလောက်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ aspirin၊ naproxen နဲ့ ibuprofen စတဲ့ဆေးတွေ သုံးနိုင်ပါတယ်။

ရောဂါဆိုးလာပြီး ရောင်ရမ်းတာလည်း ဆိုးလာရင် ပရနီဆလုံးလို ကိုယ်ခံအားနှိမ့်ပေးတဲ့ဆေးတွေ လိုအပ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ ခုခံပစ္စည်းတွေကို လျှော့ချနိုင်ဖို့ ဖြစ်ပါတယ်။ အမြင်အာရုံဆိုးရွားပြီး အမြင်အာရုံကြောကို ဖိမိနေရင် ခွဲစိတ်ဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thant Zin
Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။