backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Strabismus (မျက်စိစွေခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Strabismus (မျက်စိစွေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Strabismus (မျက်စိစွေခြင်း) ကဘာလဲ။

မျက်စိစွေခြင်း ဆိုသည်မှာ မျက်စိနှစ်လုံးစလုံးက ဦးတည်ရာ တစ်နေရာတည်းကို ကြည့်လို့မရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ မျက်စိနှစ်လုံးဟာ တောင်တစ်လုံး၊မြောက်တစ်လုံးဆိုသလို ဖြစ်နေပါလိမ့်မယ်။ မျက်စိတစ်လုံး (သို့) နှစ်လုံး စလုံးက အတွင်းဖက် ဒါမှမဟုတ် အပြင်ဖက်ကို ကြည့်နေတဲ့ ပုံစံ ဖြစ်နေမှာပါ။

ပိုအားကောင်းတဲ့ မျက်လုံးက ထုတ်ပေးတဲ့ အချက်ပြမှုတွေကိုပဲ ဦးနှောက်က အသုံးပြုတာဖြစ်တဲ့အတွက် အချိန်ကြာလာတဲ့အခါ အားနည်းတဲ့ မျက်လုံးကို အသုံးပြုတာ နည်းလာတာကြောင့် စောစီးစွာ မကုသဖူးဆိုရင် အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

Strabismus (မျက်စိစွေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ ကလေးတွေမှာ အလွန်အဖြစ်များသလို အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ မျက်စိစွေတာဟာ မွေးရာပါဖြစ်ပြီး အသက်သုံးလလောက်ရောက်တဲ့အထိ သတိမထားမိဘဲ ရှိနေတတ်ပါတယ်။

လူကြီးတွေမှာ ဆိုရင်တော့ ဆီးချို၊လေဖြတ်တာ ဒါမှမဟုတ် မျက်လုံးထိခိုက်ဒါဏ်ရာ ရတာတွေကြောင့်လည်း ဖြစ်ပွားလာနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Strabismus (မျက်စိစွေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

strabismus ရဲ့ လက္ခဏာတွေက တစ်ချိန်လုံးရှိနေတတ်သလို ပေါ်လိုက် ပျောက်လိုက်လည်း ဖြစ်နေနိုင်ပါတယ်။

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• မျက်စိစွေ/စောင်းခြင်း

• နှစ်ထပ်မြင်ခြင်း

• တစ်ခုခုကို ကြည့်ရင် မျက်စိနှစ်လုံးရဲ့ ဦးတည်ရာ မတူခြင်း

• မျက်စိနှစ်လုံး အတူတကွ မလှုပ်ရှားနိုင်ခြင်း

• အမြင်အာရုံ ဆုံးရှုံးခြင်း ဒါမှမဟုတ် မိမိနဲ့ အရာဝတ္ထုတခုခုရဲ့ အကွာအဝေးကို မခန့်မှန်းနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

• ဒီနေရာမှာ သတိထားသင့်တာက amblyopia လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေဟာ အလျင်အမြန် ဖြစ်ပေါ်လာနိုင်တာမို့ သင့်ကလေးအနေနဲ့ နှစ်ထပ်မြင်ရတဲ့ ရောဂါလက္ခဏာကို ခံစားချင်မှ ခံစားရပါလိမ့်မယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မျက်စိစွေခြင်းဟာ စောစီးစွာ သိရှိဖော်ထုတ်သင့်တဲ့ရောဂါဖြစ်တဲ့အတွက် သင့်ကလေးမှာ အောက်ဖော်ပြပါ အချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• မျက်စိ စွေ/စောင်းနေတယ်လို့ ထင်ရခြင်း

• ပုံရိပ်နှစ်ထပ် မြင်ခြင်း

• အမြင်အာရုံနဲ့ ဆိုင်တဲ့ ပြဿနာတွေ ရှိခြင်း

• သင့်ကလေးအနေနဲ့ ကျောင်းစာ မလိုက်နိုင်တာမျိုး ရှိမယ်ဆိုရင် ဒါဟာ သူ့အနေနဲ့ ကျောက်သင်ပုန်း စတာတွေကို ကောင်းကောင်း မမြင်ရတာကြောင့်လည်း ဖြစ်နေနိုင်တဲ့အတွက် စာမလိုက်နိုင်ဘူးလို့ ဆရာက အကြောင်းကြားမယ်ဆိုရင် ကလေးရဲ့ မျက်စိကိုလည်း စစ်ဆေးသင့်ပါတယ်။

အကြောင်းရင်းများ

Strabismus (မျက်စိစွေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ပုံမှန်အားဖြင့် မျက်လုံးရဲ့ လှုပ်ရှားမှုကို ထိန်းချုပ်လုပ်ကိုင်ပေးတဲ့ ကြွက်သား စုစုပေါင်း ခြောက်မျိုး ရှိပါတယ်။ ဒီကြွက်သားတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် မျက်လုံးနှစ်လုံးစလုံးကို အရာဝတ္ထုတစ်ခုအပေါ် တပြိုင်တည်း စူးစိုက် ကြည့်နိုင်စေပါတယ်။ မျက်စိစွေရောဂါ ဖြစ်ပွားနေသူတွေမှာတော့ ဒီကြွက်သားတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူး။

ဒါကြောင့် မျက်လုံးတစ်လုံးက အရာဝတ္ထုတစ်ခုကို ကြည့်နေပေမယ့် နောက်တစ်လုံးကတော့ တခြားဦးတည်ချက်၊ တခြား အရာဝတ္ထုတစ်ခုကို ကြည့်နေပါလိမ့်မယ်။ ဒီလိုအခြေအနေဖြစ်ပေါ်တဲ့အခါ မျက်လုံးတစ်လုံးစီက အချက်ပြပုံရိပ်တခုစီ ဦးနှောက်ကို ပို့ပေးမှာ ဖြစ်တဲ့အတွက် ဦးနှောက်အနေနဲ့ ရှုပ်ထွေးသွားနိုင်ပါတယ်။

ကလေးတွေမှာ ဆိုရင်တော့ အားနည်းတဲ့ မျက်လုံးဖက်က ပို့ပေးတဲ့ အချက်ပြပုံရိပ်ကို ဦးနှောက်က လျစ်လျူရှုပါလိမ့်မယ်။ ဒီလိုနဲ့ မကုသဘဲ ထားတာ ကြာလာရင် ဦးနှောက်က လျစ်လျူရှုလေ့ရှိတဲ့ မျက်စိဟာ ကောင်းကောင်းမြင်ရတော့မှာ မဟုတ်ပါဖူး။ ဒီလို အမြင်အာရုံချို့ယွင်းမှုကို ဖြစ်ပေါ်လာတဲ့ အခြေအနေကို amblyopia လို့ခေါ်ပါတယ်။ lazy eye လို့လည်း ခေါ်ကြပါသေးတယ်။ တစ်ခါတရံမှာ amblyopia ကြောင့် strabismus ဖြစ်တာ(မျက်စိစွေတာ)မျိုးလည်း ရှိပါတယ်။

မျက်စိစွေခြင်း ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ကလေးအများစုမှာ မသိရှိရပါဘူး။ strabismus မျက်စိစွေ ရောဂါဖြစ်နေတဲ့ ကလေးတွေရဲ့ ထက်ဝက်ကျော်ဟာ မွေးကတည်းက ဒါမှမဟုတ် မွေးမွေးပြီးချင်း ဖြစ်လာတာပါ။ ဒီလို အခြေအနေကို မွေးရာပါ မျက်စိစွေတယ်လို့ ခေါ်ပါတယ်။

ဒီပြဿနာဟာ ကြွက်သားထိန်းချုပ်မှု ပျက်ယွင်းတာဖြစ်ပြီး ကြွက်သားအားနည်းတာနဲ့ မဆိုင်ပါဘူး။

မျက်စိစွေတဲ့ ကလေးတွေ ပူးတွဲခံစားရလေ့ရှိတဲ့ တခြားပြဿနာတွေနဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

• Apert syndrome လို့ခေါ်တဲ့ ဦးခေါင်းခွံ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ရောဂါ

• Cerebral palsy လို့ခေါ်တဲ့ ကြွက်သားထိန်းချုပ်မှုကို ထိခိုက်စေတဲ့ အာရုံကြောဆိုင်ရာ ပြဿနာရောဂါ

• မွေးရာပါ ဂျိုက်သိုးရောဂါ

• ကလေးငယ်ဘဝမှာ မျက်စိနားက သွေးကြောတွေ မူမမှန်ကြီးထွားပွားများတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Hemangioma

• Incontinentia pigmenti syndrome လို့ခေါ်တဲ့ ရှားပါးတဲ့ မျိုးဗီဇဆိုင်ရာ အရေပြား ရောဂါ

• Noonan syndrome လို့ခေါ်တဲ့ မျက်နှာသွင်ပြင်ကို ထိခိုက်စေတဲ့ မျိုးဗီဇဆိုင်ရာ ရှားပါးရောဂါ

• Prader-Willi syndrome လို့ခေါ်တဲ့ ကြွက်သားတွေကို ပျော့စေတဲ့ ပြဿနာ

• လမစေ့တဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်စိပြဿနာတမျိုး

• Retinoblastoma လို့ခေါ်တဲ့ မြင်လွှာမှာ ဖြစ်တဲ့ ရှားပါးကင်ဆာ

• ဦးနှောက်ကို ထိခိုက်မိခြင်း

• Trisomy 18 လို့ အမည်ရတဲ့ မျိုးဗီဇဆိုင်ရာ ပြဿနာတမျိုးကြောင့် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်း ပုံမမှန်ခြင်း

အရွယ်ရောက်ပြီး လူကြီးတွေမှာ ဆိုရင်တော့ အောက်ပါ အချက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။

• Botulinum ဘက်တီးရီးယားပိုးကြောင့် အစာအဆိပ်သင့်ခြင်း

• ဆီးချိုရောဂါ

• သိုင်းရွိုက်ဂလန်း ကြီးပြီးပုံမှန်ထက် အလုပ်ပိုလုပ်ခြင်း

• Guillain-Barré syndrome လို့ခေါ်တဲ့ ကြွက်သားပျော့ခွေ ရောဂါ

• မျက်လုံးကို ထိခိုက်မိခြင်း

• အခွံမာပါတဲ့ ရေသတ္တဝါတွေရဲ့ အဆိပ်သင့်ခြင်း

• လေဖြတ်ခြင်း

• ဦးနှောက်ကို ထိခိုက်မိခြင်း

• မျက်စိရောဂါတစ်ခုခု ဒါမှမဟုတ် ထိမိခိုက်မိတာကြောင့် မျက်စိကွယ်ခြင်း

• မျိုးရိုးရှိတာဟာလည်း မျက်စိစွေခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပဲ ဖြစ်ပါတယ်။ အနီးမှုန်ခြင်းဟာလည်း မျက်စိစွေစေတဲ့ အချက်တစ်ချက်ပါ (အထူးသဖြင့် ကလေးတွေမှာ)အမြင်အာရုံဆုံးရှုံးစေတဲ့ ဘယ်ရောဂါမဆို မျက်စိစွေတာကို ဖြစ်စေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ဘယ်အရာတွေက Strabismusဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

မျက်စိစွေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မျိုးရိုးရှိခြင်း ။ တကယ်လို့ သင့်မိသားစုဝင်တွေထဲမှာ မျက်စိစွေတဲ့သူရှိရင် ကလေးမှာလည်း ဒီလိုဖြစ်နိုင်ချေ မြင့်မားပါတယ်။

• မျိုးဗီဇဆိုင်ရာ ရောဂါ ၊ပြဿနာတွေ ရှိခြင်း:။ မျိုးဗီဇဆိုင်ရာ ရောဂါတွေ၊ပြဿနာတွေ အများအပြားက မျက်စိစွေတာနဲ့ တွဲနေတတ်ပါတယ်။

လမစေ့ဘဲ မွေးခြင်း ။ လမစေ့ခင်မွေးတဲ့ ကလေးတွေမှာ ဒီရောဂါ ဖြစ်ပွားနိုင်ပါတယ်။

• တခြားရောဂါ ၊ပြဿနာများ ။ မျက်စိစွေတာနဲ့ ဆက်စပ်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်(Cerebral palsy ၊လေဖြတခြင်း၊ ဒေါင်းဆင်ဒရုန်း အစ ရှိသဖြင့်ပေါ့)။ အခြားသော ပြဿနာတွေကို ရှေ့မှာ ဖော်ပြခဲ့ပြီးပါပြီ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Strabismus (မျက်စိစွေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်စိစွေခြင်း ဟုတ်မဟုတ် အဖြေရှာ အတည်ပြုနိုင်ဖို့ သင့်ဆရာဝန်အနေနဲ့ အောက်ပါ စစ်ဆေးမှုတွေကို လုပ်ဆောင်ပါလိမ့်မယ်။

• ခေါင်းအစ ခြေအဆုံး စစ်ဆေးစမ်းသပ်ခြင်း (မျက်စိ စစ်ဆေးမှု အပါအဝင်)

• ဦးနှောက်နဲ့ အာရုံကြော စမ်းသပ်စစ်ဆေးခြင်း

• မျက်ကြည်လွှာရဲ့ အလင်းကို တုန့်ပြန်နိုင်မှုကို စမ်းသပ်ခြင်း

• Cover/uncover test လို့ခေါ်တဲ့ မျက်စိ စမ်းသပ်စစ်ဆေးမှုတစ်မျိုး

• မြင်လွှာကို စစ်ဆေးခြင်း

• ပုံမှန်လုပ်ဆောင်နေကျ မျက်စိစမ်းသပ် စစ်ဆေးခြင်း။ မြင်နိုင်စွမ်းကို စစ်ဆေးခြင်း အစရှိတာတွေပဲ ဖြစ်ပါတယ်

Strabismus (မျက်စိစွေခြင်း) ကို ဘယ်လိုကုသပါသလဲ

ဦးဆုံးလုပ်ဆောင်ရမယ့်အဆင့်က လိုအပ်ရင် ကလေးကို မျက်မှန်တပ်ခိုင်းတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့က အလုပ် ကောင်းကောင်းမလုပ်တော့တဲ့ မျက်လုံးကို ကုသဖို့အတွက် ပိုကောင်းတဲ့ မျက်လုံးကို အကာတခုခုနဲ့ ဖုံးအုပ်ထားပါ။ ဒီလို လုပ်ပေးခြင်းအားဖြင့် ကျန်မျက်လုံးတစ်ဖက် အနေနဲ့ အလုပ်ပိုပြီး လုပ်ကိုလုပ်ရတော့မှာ ဖြစ်တဲ့အတွက် အမြင်အာရုံပြန်လည် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

သင့်ကလေးအနေနဲ့ကတော့ မျက်မှန်တပ်တာ ၊ မျက်စိတစ်ဖက် အုပ်ထားတာတို့ကို ကြိုက်မှာ မဟုတ်ပါဖူး။ ဒါပေမယ့် မျက်စိတစ်ဖက်အုပ်ထားခြင်းဟာ ကလေးအနေနဲ့ အားနည်းတဲ့ မျက်လုံးကို ပိုပြီး အသုံးပြုစေတာဖြစ်လို့ အရေးကြီးတဲ့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာဖို့ လိုအပ်ပါတယ်(မျက်မှန်တပ်တာပဲ ဖြစ်ဖြစ် ၊ မျက်စိအုပ်ထားတာပဲ ဖြစ်ဖြစ်ပေါ့)။

ဒါတွေလုပ်ပြီးတာတောင် မထူးခြားသေးဘူး၊မျက်လုံး လှုပ်ရှားမှုတွေ မမှန်သေးဘူးဆိုရင် မျက်လုံးကြွက်သား ခွဲစိတ်ဖို့ လိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒီခွဲစိတ်မှုမှာ မျက်လုံးကြွက်သားတွေကို လိုအပ်သလို ပြုပြင်ပေးမှာပါ။ ဒီနေရာမှာ သိထားသင့်တဲ့အချက်က မျက်စိခွဲစိတ်တာဟာ lazy eye (Ambylopia)လို့ခေါ်တဲ့ အမြင်အာရုံချို့ယွင်းမှုကို ကုသမပေးနိုင်ပါဘူး။ ဒီအခြေအနေကို အရင်မကုသဖူးဆိုရင် မျက်လုံးခွဲလည်း အလကားပါပဲ။

ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့အခါမှာ ကလေးအနေနဲ့ မျက်မှန်ဆက်တပ်ထားဖို့ လိုအပ်ပါတယ်။ ကလေး ငယ်ရွယ်စဉ်မှာ ခွဲစိတ်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။

ရောဂါပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်တတ်တဲ့ အရွယ်ရောက်ပြီးသား လူကြီးတွေအတွက်တော့ မျက်မှန်တပ်တာနဲ့ မျက်စိကြွက်သား လေ့ကျင့်ခန်းတွေ လုပ်ပေးတာလောက်ဆို အကျိုးထူးမှာဖြစ်ပေမယ့် ပိုဆိုးလာရင်တော့ ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ အမြင်အာရုံကွယ်သွားတာကြောင့် မျက်စိစွေ တာဆိုရင် မျက်စိစွေတာကို မခွဲစိတ်ခင် အမြင်အာရုံဆုံးရှုံးတာကို အရင်ကုသဖို့ လိုပါလိမ့်မယ်။ ဒါမှ ခွဲစိတ်မှု အောင်မြင်မှာပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Strabismusကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်စိစွေခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• မျက်စိကြွက်သားတွေ သန်စွမ်းလာပြီး ပုံမှန်အတိုင်း အတူတကွ အလုပ်လုပ်နိုင်ဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း လုပ်ပေးရပါမယ်။

• အားနည်းတဲ့ မျက်လုံးပြန်ပြီး အလုပ်ကောင်းကောင်းလုပ်လာနိုင်ဖို့အတွက် ကောင်းတဲ့ဖက်ကို ဖုံးအုပ်ထားရပါမယ်။

• အမြင်အာရုံကို ပြုပြင်ဖို့အတွက် အထူးစီမံထားတဲ့ မျက်မှန်တွေ အသုံးပြုရပါမယ်။

• နေ့စဉ်လူနေမှုဘဝရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချရပါမယ်။

• လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ လျော်ညီစွာ နေထိုင်စားသောက်ရပါမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement