brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Glasgow Coma Scale (GCS) အကြောင်း သိကောင်းစရာ

Glasgow Coma Scale (GCS) အကြောင်း သိကောင်းစရာ

Glasgow Coma Scale (GCS) အကြောင်း သိကောင်းစရာ

သင်ဟာ ဆေးဖက်ဆိုင်ရာပညာရှင်တဦး မဟုတ်ဘူးဆိုရင် Glasgow Coma Scale (GCS)ဆိုတဲ့ စကားလုံးလေးကို မကြားဖူးဖို့ ရာခိုင်နှုန်း အတော်များပါတယ်။ သင်နဲ့ မဆိုင်ဘူးလို့လည်း ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဆေးပညာဗဟုသုတအနေနဲ့ သိထားလိုက်ခြင်းဟာ သင့်အတွက် တကွေ့ကွေ့မှာ အသုံးဝင်လာပါလိမ့်မယ်။ ကြည့်လိုက်ရအောင်။

Glasgow Coma Scale (GCS) ဆိုတာ ဘာလဲ

နားလည်ရအလွယ်ဆုံးနဲ့ အရှင်းဆုံး ပြောရရင်တော့ ဦးနှောက်ထိခိုက်ဒါဏ်ရာ ရနိုင်ချေရှိတဲ့/ရခဲ့တဲ့ လူတယောက်မှာ ဘယ်အတိုင်းအတာအထိ အသိ၊သတိရှိနေသေးလဲဆိုတာကို စစ်ဆေးအကဲဖြတ်တဲ့ အမှတ်ပေးစနစ်လေးတခု ဖြစ်ပါတယ်။ ယာဉ်မတော်တဆဖြစ်သူတွေ၊လေဖြတ်သူတွေ၊ဦးခေါင်းထိခိုက်မိသူတွေမှာ အဓိက အသုံးပြုပါတယ်။ ဒီစနစ်ဟာ ရိုးရှင်းလွယ်ကူသလို ဘာစက်ကိရိယာမှ မလိုဘဲ စက္ကန့်ပိုင်းအတွင်း အကဲဖြတ်နိုင်တာဖြစ်လို့ လူနာရဲ့ အခြေအနေကိုရော၊ဆက်လက်ကုသဖို့ နည်းလမ်းတွေ စဉ်းစားတွက်ချက်ရာမှာပါ အထောက်အကူ ရစေပါတယ်။

Glasgow Coma Scale (GCS) ကို ဘယ်လို အကဲဖြတ်မလဲ

သူက သုံးပိုင်းရှိပါတယ်။ မျက်စိတုံ့ပြန်မှုရယ်၊အသံနဲ့တုံ့ပြန်မှုရယ်၊လှုပ်ရှားတုံ့ပြန်မှုရယ်ဆိုပြီး ခွဲခြားပါတယ်။

မျက်စိတုံ့ပြန်မှု

ရမှတ် ၄ မှတ် – အလိုလိုမျက်စိဖွင့်ထားတယ် (ဆိုလိုတာက လူကောင်းပကတိ ပုံမှန်လိုပဲ)

ရမှတ် ၃ မှတ် – အသံတခုခု ပေးလိုက်ရင် (ဥပမာ သူ့နာမည်ခေါ်ရင်) မျက်စိဖွင့်ကြည့်တယ်

ရမှတ် ၂ မှတ် – ဖိအားတခုခု ပေးလိုက်ရင် (လက်ကို ဖိလိုက်တာ၊လှုပ်ခါပြီး ခေါ်တာ စသဖြင့်) မျက်စိဖွင့်ကြည့်တယ်

ရမှတ် ၁ မှတ် – ဘာပဲလုပ်လုပ် မျက်စိလုံးဝ ဖွင့်မကြည့်ဘူး (တုံ့ပြန်မှု လုံးဝမရှိဘူး)

အသံနဲ့တုံ့ပြန်မှု

ရမှတ် ၅ မှတ် – ပုံမှန်စကားပြောနိုင်တယ်။ နေ့လားညလား၊ဘယ်နေရာရောက်နေသလဲ (ဆေးရုံလား၊အိမ်လား)၊အခုမြင်နေရတာ ဘယ်သူလဲ စသဖြင့် အကုန်လုံး ပြောနိုင်တယ်

ရမှတ် ၄ မှတ် – ပုံမှန်စကားပြောနိုင်ပေမယ့် အပေါ်မှာပြောခဲ့တဲ့ အချိန်၊နေရာ၊လူ စတာတွေကို ကောင်းကောင်းမကွဲဘူး။ နေ့လားညလား သေချာ မပြောနိုင်ဘူး စသဖြင့်ပေါ့။

ရမှတ် ၃ မှတ် – စကားပြောပေမယ့် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေ မဟုတ်ဘူး (ဥပမာ သွားကြဘူး စားထမင်းအိပ်ပြီ စသဖြင့်)

ရမှတ် ၂ မှတ် – အသံတအင်းအင်းပဲ ထွက်တယ်။ စကားသံ ပီပီသသ ထွက်မလာတော့ဘူး။

ရမှတ် ၁ မှတ် – ဘာစကားမှ မပြောနိုင်ဘူး (တုံ့ပြန်မှု လုံးဝမရှိဘူး)

လှုပ်ရှားတုံ့ပြန်မှု

ရမှတ် ၆ မှတ် – ပုံမှန်အတိုင်း လှုပ်ရှားနိုင်တယ်။ ဆရာဝန်ခိုင်းတဲ့ ပုံစံအနေအထားတွေအတိုင်း လိုက်လုပ်နိုင်တယ်

ရမှတ် ၅ မှတ် – အပေါ်ကလောက် (ပုံမှန်အတိုင်း) မလှုပ်ရှားနိုင်ပေမယ့် သူ့ကို ထိလိုက်ရင် ဘယ်နေရာကို ထိကြောင်း သိတယ်၊လက်နဲ့ ထောက်ပြနိုင်တယ်

ရမှတ် ၄ မှတ် – ခြေ၊လက်တွေ ကွေးနိုင်တယ်၊အပ်ကလေးနဲ့ စူးခနဲ ထိုးလိုက်ရင် ခြေ/လက်ကို ရုတ်လိုက်နိုင်တယ်

ရမှတ် ၃ မှတ် – ကောင်းကောင်း မကွေးနိုင်တော့ဘူး၊နာရင်လည်း သေသေချာချာ မရုတ်နိုင်တော့ဘူး

ရမှတ် ၂ မှတ် – နာရင် ခြေတွေလက်တွေ ဆန့်ထုတ်တယ်၊လုံးဝ မကွေးနိုင်တော့ဘူး

ရမှတ် ၁ မှတ် – ဘာပဲလုပ်လုပ် တုံ့ပြန်မှု လုံးဝမရှိဘူး

Glasgow Coma Scale (GCS) ကို ဘယ်လိုမျိုး အဓိပ္ပါယ်ဖော်မလဲ

အထက်မှာ ဖော်ပြခဲ့တဲ့ တုံ့ပြန်မှုတခုချင်းစီရဲ့ ရမှတ်သုံးခုကို ပေါင်းပြီး အဓိပ္ပါယ်ဖော်ပါတယ်။

GCS ရမှတ်စုစုပေါင်း ၈ မှတ်ထက် လျော့နည်းရင်တော့ အခြေအနေ ပြင်းထန်ဆိုးရွားပါတယ်။

GCS ရမှတ် ၉ – ၁၂ မှတ်ကြားဆိုရင်တော့ အခြေအနေ သိပ်မဆိုးပါဘူး။

GCS ရမှတ် ၁၃ – ၁၅ ဆိုရင်တော့ တော်တော်လေး အခြေအနေကောင်းပါတယ်။ ရမှတ် ၁၅ မှတ်ဆိုရင်တော့ လုံးဝပုံမှန်ပဲပေါ့။

ဒီရမှတ်အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး လူနာကို ဘယ်လို ဓါတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်မလဲ၊ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်မလဲ၊ဘယ်လိုကုသမှုတွေ ပေးမလဲစသဖြင့် ဆုံးဖြတ်ရတဲ့အတွက် ဒီအမှတ်ပေးစနစ်ဟာ အရေးကြီးပါတယ်။ သင် မိသားစု၊ဆွေမျိုး၊မိတ်ဆွေသူငယ်ချင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဦးခေါင်းပိုင်း ထိခိုက်ဒါဏ်ရာ ရရှိပြီး ဆေးရုံဆေးခန်းရောက်ပြီဆိုရင်လည်း သင့်လူနာရဲ့ GCS ရမှတ် ဘယ်လောက်ရှိသလဲလို့ ဆရာဝန်ကို မေးမြန်းကြည့်ခြင်းအားဖြင့် အခြေအနေကို အကြမ်းဖြင်း ခန့်မှန်းနိုင်ပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 05/11/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။