backup og meta

အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ


Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

    အစားအသောက် စွဲလမ်းတပ်မက်တယ်ဆိုတာ အစားအစာတစ်မျိုးမျိုးကို မစားရရင် မနေနိုင်အောင် ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် အသင့်စား စားစရာ သရေစာတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သာမန်စွဲလမ်းတာမဟုတ်ဘဲ မလုပ်ရမနေနိုင်တဲ့ အခြေအနေဖြစ်တာမို့ မူးယစ်ဆေးစွဲတဲ့အဆင့်နဲ့ နှိုင်းယှဉ်ပြီး addiction လို့ သုံးနှုန်းလေ့ရှိပါတယ်။

    အစားအသောက်စွဲလမ်းတပ်မက်ခြင်းကို သိသာစေတဲ့ လက္ခဏာတွေ ရှိပါတယ်။ အဓိကလက္ခဏာတွေကတော့

    ၁။ အစားတစ်မျိုးမျိုးကို မစားရမနေနိုင်ခြင်း (ဗိုက်ပြည့်နေလျှင်ပင် ထပ်စားလိုခြင်း)

    ၂။ စားလိုတဲ့အစာကို လိုတာထက် ပိုစားနေတတ်ခြင်း

    ၃။ အလွန်အကျွံစားခြင်း

    ၄။ စားပြီးလျှင် နောင်တရသလိုဖြစ်ခြင်း၊ သို့သော် သိပ်မကြာခင်မှာပင် စိတ်ပြောင်းပြီးထပ်စားလိုခြင်း

    ၅။ အစားများများစားလိုခြင်းအတွက် မိမိကိုယ်ကို ဆင်ခြေမျိုးစုံပေးခြင်း

    ၆။ မကောင်းသော အလေ့အထမှန်းသိသော်လည်း မဆင်ခြင်နိုင်ခြင်း

    ၇။ မိမိစားသုံးနေသည်များ မကောင်းမှန်းသိ၍ ပတ်ဝန်းကျင်ကလူအများကို ပေးမသိခြင်း စတာတွေ ဖြစ်ပါတယ်။

    အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ အဝလွန်ခြင်းဆီးချိုဖြစ်ခြင်း စတဲ့ဆိုးရွားတဲ့ ပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းအတွက် မိမိကိုယ်ကို အပြစ်တင်စိတ်၊ မလေးစားတဲ့စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အစားအစာ စွဲလမ်းတပ်မက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ အရွယ်မတိုင်မီ သေဆုံးခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုရှောင်ရှားမလဲ

    အသင့်စားစားစရာတွေကို လုံးဝရှောင်ရှားဖို့ဆိုတာ ဒီခေတ်အခြေအနေမှာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာ အလွယ်တကူရရှိနိုင်တဲ့အပြင် အချိန်လုပြီး သွားလာလှုပ်ရှားနေရတဲ့ အချိန်အခါမှာ အားထားစရာတစ်ခု ဖြစ်ပါတယ်။

    အစားအသောက်တချို့ကို ရှောင်ကြဉ်ပြီး စွဲလမ်းတပ်မက်မှုကို ဖြတ်တောက်မယ်ဆိုရင် အောက်ပါအချက်တွေကို စတင်လုပ်ကိုင်ပါ။ အကျင့်လုပ်ဖို့ ပိုမိုလွယ်ကူသွားပါလိမ့်မယ်။

    ၁။ သင့်စိတ်ကို ဆွဲဆောင်နေတဲ့ အစားအသောက်တွေကို စာရင်းရေးချပါ။ ဒီစာရင်းဟာ သင့်ကို အစားအစာစွဲလမ်းတပ်မက်ခြင်းကို လှုံ့ဆော်ပေးတဲ့စားစရာတွေဖြစ်လို့ လုံးဝရှောင်ကြဉ်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

    ၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာရနိုင်တဲ့နေရာတွေကို စာရင်းပြုစုထားပါ။ အမြန်ရနိုင်တဲ့ စားစရာတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဆာလောင်နေတဲ့အချိန်မျိုးမှာ ချက်ပြုတ်တာမျိုးလည်း မလုပ်ချင်ရင် ရှောင်နေတဲ့စားစရာတွေဆီ စိတ်ပြန်လည်မသွားအောင် အထောက်အကူပြုပါလိမ့်မယ်။

    ၃။ နေ့စဉ် ဘာစားမလဲဆိုတာ အစီအစဉ်ဆွဲထားပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေထဲမှာမှ မိမိအကြိုက်နဲ့ နီးစပ်တဲ့စားစရာများကို စားသုံးနိုင်အောင် ကြိုတင်စီစဉ်ပါ။

    ၄။ ကောင်းကျိုးဆိုးကျိုးများ ချရေးထားပါ။ မိတ္တူပွားထားပြီး မီးဖိုချောင်နံရံမှာ၊ ပိုက်ဆံအိတ်ထဲမှာ၊ တံခါးနားမှာ စသဖြင့်နေရာစုံမှာ ကပ်ထားပါ။ စိတ်လည်ပြီး စားချင်တာတွေကို အလွန်အကျွံပြန်စားတာမျိုး မဖြစ်ရအောင် သတိပေးခြင်း ဖြစ်ပါတယ်။ အကျိုးကျေးဇူးတွေအနေနဲ့ ငါဟာ မကြာခင်မှာ ဝိတ်ကျတော့မယ် ပိုပြီးကျန်းမာတော့မယ် အသက်ပိုရှည်တော့မယ်စတဲ့အချက်မျိုးတွေ ပါဝင်အောင် ရေးသားပါ။

    ပြစ်ချက်များအနေနဲ့ ငါ မိသားစုနဲ့အတူ ရေခဲမုန့်မစားနိုင်တော့ဘူး လာမယ့်ခရစ္စမတ်မှာ ကွတ်ကီးမစားနိုင်တော့ဘူး စားချင်တာတွေကို စာရင်းလုပ်ပြီး ရွေးစားရတော့မယ် စတာမျိုးတွေ ပါအောင်ရေးပါ။

    အကူအညီရှာဖွေပါ

    သင့်အနေနဲ့ အစားအစာစွဲလမ်းခြင်းကို ဖြတ်တောက်ဖို့ကြိုးစားနေချိန်မှာ မကြာခဏဆိုသလို စိတ်ပြန်လည်ပြီး ရည်ရွယ်ချက် မအောင်မြင်ဖြစ်တတ်ကြပါတယ်။ ဒီအချိန်မှာ စဉ်းစားရမယ့်အချက်ကတော့ သင်တစ်ယောက်တည်း ကြိတ်ဖြေရှင်းတာ မလုပ်ပါနဲ့။ မိသားစုဝင်များထံမှသော်လည်းကောင်း၊ သင့်လိုကြုံတွေ့ခံစားဖူးသူထံမှသော်လည်းကောင်း အကြံဉာဏ်ရယူပါ။ ဒါမှမဟုတ် လတ်တလောမှာ စွဲလမ်းခြင်းကိုဖြတ်တောက်ဖို့ကြိုးစားနေသူအချင်းချင်း အပြန်အလှန်အားပေးကူညီခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ပါ။ လူမှုကွန်ယက်ပေါ်မှာ သင်နဲ့ဘဝတူများကို ရှာဖွေဆက်သွယ်နိုင်ပါတယ်။

    အစာအာဟာရပညာရှင်များနဲ့ တိုင်ပင်နိုင်သလို စိတ်ကျန်းမာရေးပညာရှင်များကို ဆက်သွယ်ပြီး အကြံဉာဏ် တောင်းခံဖို့လည်း ဝန်မလေးပါနဲ့။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement